ကျန်းမာရေးကို အန္တရာယ် ဖြစ်စေသည့် ဓာတုဆိုးဆေးပါ မုန့်များ မရောင်းချ၊ မစားသုံးမိစေရေးအတွက် လက်ကမ်းစာစောင် ဝေခြင်း၊ ဟောပြောပွဲကျင်းပခြင်းများကို တိုင်းနှင့် ပြည်နယ်အနှံ့ လုပ်ဆောင်နေကြောင်း ဓာတုဆိုးဆေးပါ မုန့်ဆန့်ကျင်ရေးအသင်းမှ တာဝန်မှူး ဒေါက်တာ ကျော်ဆွေက ဧရာဝတီသို့ ပြောသည်။
ပြည်ပမှလာသည့် ဓာတုဆိုးဆေးပါ မုန့်များကို ကျောင်းသားများ မစားသုံးမိစေရေးအတွက် အဓိက ရည်ရွယ်ကြောင်း၊ ဓာတုဆိုးဆေးပါ မုန့်တားဆီးရေး စာစောင်တွင် နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းဖြစ် အန္တရာယ်ရှိ မုန့်များ၊ ဖြန့်ဖြူးရောင်းချသူများ ပပျောက်ကာ သန့်ရှင်းသော မြန်မာမုန့်များ ပေါ်ထွက်လာရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လက်လီလက်ကား ရောင်းချသူများ အတွက် ပညာပေး စာစောင်များကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ဖြန်ဝေပေးနေကြောင်း သိရသည်။
ဒေါက်တာ ကျော်ဆွေက “ကျနော်တို့ ကျောင်းပေါင်းစုံမှာ ရောင်းနေတဲ့ မုန့်ဆိုင်တွေကို ဓာတုဆေးပါတဲ့ဟာ မရောင်းဖို့နဲ့ ရေခဲချောင်းမှာလည်း ဆေးမပါဖို့၊ ကလေးတွေကိုလည်း နိုင်ငံခြားဖြစ်မုန့်နဲ့ အရောင်တွေနဲ့လှအောင် လုပ်ထားတဲ့မုန့်ကို မစားဖို့တော့ ပြောထားပါတယ်။ အခုဆိုရင် အဲဒီမုန့်တွေအစား မြန်မာမုန့်တွေ ပိုပြီး စားသုံးလာပါတယ်” ဟု ပြောသည်။
ဓာတုဆိုးဆေးပါ မုန့် ဆန့်ကျင်ရေးအသင်းမှ ဦးမောင်မောင်ကလည်း “လှုပ်ရှားတာ တလခွဲရှိသွားပြီ။ မိဘတွေကို ဒီလို ဆိုးဆေးတွေပါတဲ့ ပြည်ပ မုန့်တွေကို မကျွေးဖို့ ဆင်ခြင်ခိုင်းတာတွေ အောင်မြင်လာတယ်။ ရောင်းချတဲ့သူတွေကိုလည်း ဆိုးဆေးမုန့်တွေ မပါတဲ့ဟာတွေ တင်ရောင်းတာ သိပ်မရှိတော့ဘူး။ ကလေးတွေ မုန့်ဝယ်စားရင်လည်း ဂရုစိုက်ဝယ်ကြတာ တွေ့လာတယ်။ ကလေးတွေကလည်း မြန်မာမုန့်တွေ ကြိုက်လာတာတွေ့ရပါတယ်” ဟု ဆိုသည်။
ဓာတုဆိုးဆေးပါ မုန့်များနေ့စဉ် စားသုံးပါက အသည်းကင်ဆာနှင့် အစာအိမ်ထိခိုက်မှုများ ဖြစ်နိုင်ကြောင်း၊ တရုတ်နယ်စပ်မှ ဝင်သော မုန့်များတွင် ဆိုးဆေး အများအပြား သုံးထားသဖြင့် မစားသုံးရန် လှုံ့ဆော်နေကြောင်း၊ စံချိန်စံညွှန်းနှင့် မကိုက်ညီသည့် တခြားမုန့်များကိုလည်း မစားသုံးရန် လှုံ့ဆော်ထားကြောင်း ဦးမောင်မောင်က ဆက်ပြောသည်။
“ပြည်ပမုန့်တွေက လှဖို့အတွက် အရောင်ဆိုးဆေးတွေ သုံးတာများတော့ ပြည်တွင်း မြန်မာမုန့်တွေကို အဓိက ရောင်းခိုင်းတာပါ။ပြီးတော့ မြန်မာမုန့်တွေလုပ်တဲ့ နေရာတွေမှာ သန့်ရှင်းမှုရှိအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီတွေ သုံးအောင် ကျနော်တို့ သွားရောက်ပြီး စစ်ဆေးနေပါတယ်” ဟု ဒေါက်တာ ကျော်ဆွေက ဆိုသည်။
တောင်တွင်းကြီးမှ ကျောင်းသား မိခင် တဦးဖြစ်သူ ဒေါ်အေးအေးလှိုင်က “အရင်ကဆိုရင် ကလေးတွေ ဝယ်ချင်တာတွေပဲ ဝယ်ကျွေးလိုက်တာ။ အခုတော့ အရောင်တွေနဲ့ လှတဲ့မုန့်တွေစားရင် ရောဂါရနိုင်မှန်းသိတော့ ဝယ်တောင် မကျွေးတော့ပါဘူး။အခုဆိုရင် ကျောင်းမှာ ရောင်းတဲ့မုန့်တွေလည်း တော်တော်သန့်ရှင်းနေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ပ မုန့်များ တင်သွင်းသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် ကျန်းမာရေးနှင့် ကိုက်ညီမှုရှိရန် အစိုးရအနေဖြင့် စစ်ဆေးပြီးမှသာ မြန်မာပြည် အတွင်းသို့ တင်သွင်းသင့်ကြောင်း၊ မြန်မာနိုင်ငံသို့ တင်သွင်းသည့် စားသောက်ကုန်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှု ဗဟိုဌာန (FDA) မှ စစ်ဆေးကာ ဆိုင်သို့ တင်သွင်းသင့်ကြောင်း၊ တရားမဝင် တင်သွင်းလာသည့် ပြည်ပ ဓာတု ဆိုးဆေးပါ မုန့်များကိုလည်း နယ်စပ်ကုန်သွယ်ရေး အနေဖြင့် စစ်ဆေးသင့်ကြောင်း ဓာတုဆိုးဆေးပါ မုန့်ဆန့်ကျင်ရေး အဖွဲ့မှ ပြောသည်။
မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းမှ ဥက္ကဌ ဦးဗအုပ်ခိုင်က “အခုလ တတိယပတ်မှာ ကျနော်တို့ အသင်းအနေနဲ့ ရန်ကုန်မှာရှိတဲ့ လမ်းဘေးဈေးဆိုင်တွေ၊ ကျောင်းမုန့်ဈေးဆိုင်တွေကို ဝင်ရောက် စစ်ဆေးသွားဖို့ ရှိပါတယ်။ ပြီးတော့ ဓာတုဆိုးဆေးပါ မုန့် ဆန့်ကျင်ရေး အဖွဲ့ ကျနော်တို့ကို လာပြီး ပူးပေါင်းမယ်ဆိုရင် လက်ခံသွားမှာပါ။ သူတို့ လုပ်နေတာလည်း ကောင်းပါတယ်။ ကျနော်တို့ စားသုံးသူကာကွယ်ရေး အသင်းကတော့ ဈေးသည်တွေ စနစ်ပြောင်းဖို့အတွက် ပညာပေးဖို့ လုပ်နေတာပါ။ ဆိုးဆေးတွေပါတဲ့ ပစ္စည်းတွေရောင်းရင် သိမ်းဆည်းသွားပါမယ်။ တရုတ်ပြည်က လာတဲ့ ပစ္စည်းတွေကို မရောင်းချဖို့အတွက် ကန့်ကွက်ထားတာတွေ ရှိပါတယ်။ ရောင်းချရင်တော့ သိမ်းဆည်းသွားဖို့ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။