သီလဝါစီမံကိန်း လျော်ကြေးကိစ္စနဲ့ ပက်သက်ပြီးတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေ နောက်ဆုံး လုပ်နေကြတုန်းက အစိုးရဘက်က စာရွက်တရွက်မှာ အကွက် ၃ ကွက်ချပြီး ဘယ်ဘက်အစွန်က အစိုးရ လျော်ပေးမယ့်နှုန်းထား၊ အလယ် ကွက်က ညှိနှိုင်း၊ ညာဘက် အစွန်ဆုံး အကွက်က အစိုးရနဲ့ တရားတပေါင် ပြိုင်ကြဆိုပြီး ချပြတဲ့အချိန်မှာ သူတို့ ဒေသခံတွေ အနေနဲ့ တကယ့်ကို သိမ်ငယ်သွားခဲ့ရတယ်လို့ ဦးစိုးရွှေက ပြောပါတယ်။
ဦးစိုးရွှေနေတဲ့ နေရာက သန်လျင်မြို့နယ်ထဲမှာ၊ သီလဝါ အထူးစီးပွားရေးဇုန်လုပ်ဖို့ ပထမဆုံး စတင်မယ့် စီမံကိန်း ဟတ်တာ ၄၀၀ ထဲမှာ ပါဝင်ခဲ့တဲ့ အလွမ်းဆွတ်ကျေးရွာ မြယာရိုးဘက်က ဒေသခံ တဦးပါ။ သူဟာ ဟိုးအရင်ကတော့ လယ် ၁၅
ဧက ပိုင် ဆိုင်ခဲ့တဲ့ ရွာရဲ့ မျက်နှာဖုံး တဦးထဲမှာ ပါခဲ့တယ်လို့ သိရတယ်။
အခုတော့ သူတို့ပိုင်ခဲ့တဲ့ လယ်တွေ၊ အိမ်တွေကနေ အပြီး ဖယ်ပေးရတော့မယ် ဆိုတော့ သူတို့ ဘာဆက်လုပ်ကြရမယ် ဆိုတာကို စဉ်းစားလို့ မရသေးဘူးလို့ သူက ဆိုတယ်။
“အစိုးရဘက်က သီလဝါ စီမံကိန်းအတွက် ဂျပန်တွေနဲ့ စာချုပ်မချုပ်ခင်မှာ ကျနော်တို့ကို ပြောခဲ့ဆိုခဲ့တာတွေနဲ့ အခုရလာတဲ့ ရလဒ်တွေက လုံး၀ မညီဘူးလို့တော့ ကျနော် မပြောလိုပေမယ့်၊ ကျနော်တို့ မျှော်လင့်ထားခဲ့တာတွေ တခုမှဖြစ်မလာဘူး။ ကျနော်တို့နဲ့ နောက်ဆုံးအဆင့် ညှိနှိုင်းမယ် ဆိုတုန်းကလည်း ကျနော်တို့ ဒေသခံတွေဘက်က တင်ပြတာတွေ တခုမှ ရလာတာ မဟုတ်ဘူး။ နောက်ဆုံး တရား ရင်ဆိုင်ရမှာကလည်း အစိုးရဆိုတော့ ကျနော်တို့လို တောသူတောင်သားတွေမှာ ဘယ်တော့မှ အနိုင်ရမှာ မဟုတ်တဲ့အတွက် ဘယ်သူတွေက တရားရင်ဆိုင်ရဲမှာလဲ” လို့ ဦးစိုးရွှေက ဧရာဝတီကို
ပြောပြပါတယ်။
အခုဆိုရင် သီလဝါ ပထမအဆင့် စီမံကိန်းက သီတင်းကျွတ်ရင် စတော့မယ်လို့ အစိုးရက ကြေညာထားခဲ့ပါပြီ။ ဒေသခံတွေ ကိုလည်း မြေကြီးတွေက ၁၉၉၆ – ၉၇ ခုနှစ်ထဲက လျော်ကြေး ၂ သောင်းပေးပြီး သိမ်းထားတာ ဖြစ်တဲ့အတွက်မို့လို့
မြေလျော်ကြေး မပေးဘဲ စိုက်ပျိုးထားတဲ့ သူတွေအတွက် သီးနှံလျော်ကြေးအဖြစ် လယ်အတွက်က တနှစ် ၂ သိန်းခွဲနဲ့ ၆ နှစ် စာ၊ သီးနှံစိုက်ခင်း အတွက် တနှစ်စာ ကာလတန်ဖိုး သတ်မှတ်ပြီး ၃ နှစ်စာနဲ့ အိမ်ရှိတဲ့ သူတွေအတွက်က ပေ ၂၅ – ၅၀ မြေတကွက်နဲ့ ၂၅ သိန်းတန် အိမ်တလုံး ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီလို အစိုးရ ပေးတာကို သဘောမတူသေးဘူး ဆိုရင် ဒီပထမ စီမံကိန်းက ဒေသခံ ကိုယ်စားလှယ်တွေ ရွေးပြီးတော့ အစိုးရ ဘက်က တာဝန်ခံတွေနဲ့ ဆက်ညှိနိုင်တယ်၊ စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း အပြီးအပြတ် ညှိနှိုင်းမယ်လို့ ဆိုတော့ ဒေသခံတွေဘက်က နေထိုင်ဖို့ ပေးတဲ့နေရာကို စီမံကိန်းနဲ့ နီးတဲ့နေရာတွေမှာ တောင်းဆိုခဲ့ကြောင်း၊ ဒါပေမယ့်လည်း အဲဒီနေရာတွေက အစိုးရပိုင်းမှာ ခွဲဝေနေရာချထားပြီး ဖြစ်တဲ့အတွက် မပေးနိုင်ကြောင်း၊ မြေလျော်ကြေး၊ သီးနှံလျော်ကြေး မခွဲခြားဘဲ တဧကကို ကျပ်သိန်း ၃၀၀ နှုန်း လျော်ကြေးပေးဖု့ိ တောင်းဆိုချက်ကိုလည်း ပယ်ချခံခဲ့ရကြောင်း အလွမ်းဆွတ် ကျေးရွာက လယ်သမားကိုယ်စားလှယ် ဦးမြလှိုင်က ဧရာဝတီကို ပြောပြတယ်။
“ကျနော်တို့ တောင်းဆိုခဲ့တာ တခုမှရတာမဟုတ်ဘူး။ သူတို့က ညှိနှိုင်းတယ်ဆိုပေမယ့် တကယ်တော့ ချပြတာမျိုးပဲရှိတယ်လို့ ခံစားရတယ်။ ဒါပဲပေးမယ်၊ ယူချင်ယူ မယူချင်နေပေါ့။ နောက်ပြီးတော့ ၄ လပိုင်းလောက် ကတည်းက တောက်လျှောက် ဒေသခံတွေကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျော်ပါ့မယ်လို့ ပြောခဲ့တာ အခုပေးတဲ့နှုန်းက တကယ်ရော နိုင်ငံတကာ စံနှုန်းဖြစ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ” လို့ သူက ဆိုတယ်။
အခုဆိုရင် ပထမစီမံကိန်းအတွက် လျော်ကြေးကိစ္စ သဘောတူကြောင်း လက်မှတ်ရေးထိုးထားတာ ၃ ယောက်လောက်ပဲ ကျန်တော့ပေမယ့် လက်မှတ်ထိုးခိုင်းတဲ့ဆီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ဖိအားပေးတဲ့ သတင်းတွေလည်း ကြားသိရ ကြောင်း၊ အခုအချိန်မှာ သဘောတူလက်မှတ် ထိုးချင်ထိုး၊ မထိုးရင် နောက်ပိုင်း လျော်ကြေးကို ရချင်မှရတော့မယ်ဆိုတဲ့ အပြောမျိုးက ဒေသခံတွေကို ပိုမိုထိတ်လန့်စေခဲ့တယ်လို့ ဦးမြလှိုင်က ဆက်ပြောပြတယ်။
ဒါ့အပြင် အလွမ်းဆွတ် ကျေးရွာမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကမှ ရွှေ့ပြောင်းရောက်ရှိလာတဲ့ သူတွေနဲ့အတူ မူရင်းဒေသခံတွေကို
တပြေးညီ လျော်ကြေးပေးတာဟာ မဖြစ်သင့်တဲ့ အကြောင်း၊ ရွှေ့ပြောင်းရောက်ရှိလာပြီး ကျူးကျော် နေထိုင်ကြသူတွေ အနေနဲ့
အစိုးရပေးတဲ့ နှုန်းထားတွေဟာ မျှော်မှန်းတာထက် ပိုမိုရရှိတယ်လို့ ယူဆနိုင်ပေမယ့်လည်း သူတို့ မူရင်းဒေသခံတွေ အနေနဲ့ ကတော့ ဓားမဦးချ အခြေခိုင်ခဲ့တဲ့ ဘဝကို လုံးဝပြောင်းလဲ နေထိုင်ရမှာ ဖြစ်တဲ့အတွက် အလွန်ခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်ကြောင်း အလွမ်းဆွတ် ကျေးရွာက အင်ဂျင်နီယာ ဘွဲ့ရခဲ့တဲ့ ကိုအောင်ကိုမင်းက ဧရာဝတီကို ပြောပါတယ်။
“အခု အစိုးရလျော်ပေးတဲ့ပုံစံက နွားထီး ၅ ကျပ်၊ နွားမ ၅ ကျပ် ပုံစံမျိုးနဲ့ အားလုံးကို တန်းတူပေးတာ။ တကယ့်မူရင်း ဒေသခံ တွေမှာ အရမ်းကို နစ်နာပါတယ်။ ကျနော်တို့ မူရင်း ဒေသခံတွေက အိမ်ကျယ်ကျယ်နဲ့ နေခဲ့ကြတဲ့သူတွေ။ ပြောင်းရွှေ့လာတဲ့ သူတွေမှာက တဲကလေးတွေနဲ့ နေတဲ့သူတွေ။ နောက်ပြီး ကျနော် အရမ်းကို စိုးရိမ်တာက ကျနော်တို့ရွာထဲမှာ ဆိုင်ကယ်ကို လမ်းမပေါ်မှာ ဘယ်အချိန်ထားခဲ့ထားခဲ့ ပျောက်တယ်ဆိုတာ မရှိခဲ့ဘူး။ အဲဒီလို ယဉ်ကျေးမှုတွေက ဟိုဘက် ကွက်သစ် ဘက်ကိုသာ ပြောင်းသွားရင် ပျောက်ကွယ်သွားမှာ အရမ်းကို စိုးရိမ်ရတယ်” လို့ သူက ဆက်ဆိုတယ်။
လက်ရှိ သီလဝါစီမံကိန်း တည်ဆောက်ရေးအတွက် ပထမအဆင့် ဟတ်တာ ၄၀၀ နဲ့ ဒုတိယအဆင့် ဟတ်တာ ၂ ထောင် ကျော်က ရွှေ့ပြောင်းကြရမယ့် ဒေသခံတွေအတွက် မြေနေရာ အစားပေးဖို့ သတ်မှတ်ထားသော နေရာက သန်လျင်မြို့နယ် အစွန်ဘက်က မြိုင်သာယာရပ်ကွက်ရဲ့ အနောက်ပိုင်းက တိုးချဲ့ကွက်သစ် အစွန်ဆုံးနေရာတွေ ဖြစ်တဲ့အပြင် အခုထက်ထိ
မြက်တောတွေပဲ ဖြစ်နေသေးတာကို တွေ့ရတယ်။ မိုးတွင်းဆိုရင်လည်း ရေအမြဲကြီးတဲ့နေရာ ဖြစ်တဲ့အကြောင်း အလွမ်းဆွတ် ကျေးရွာဒေသခံ ဦးအောင်လွင်က ဧရာဝတီကို ပြောပြတယ်။
“ကျနော်တို့ ဟတ်တာ ၂ ထောင်ကျော်ကို ပြောင်းဖို့ မြေနေရာ သတ်မှတ်ထားတာက ၂၄ ဧကပဲ ရှိတာ။ အဲဒီအထဲကို ဒီက အိမ်တွေ အားလုံး ဆန့်အောင်ထည့်မယ့် သဘောမျိုးပဲ။ ပထမဦးဆုံး ပြောင်းရမယ့် ဟတ်တာ ၄၀၀ အတွက်ကို ၃ ဧကနဲ့
အကွက်ချနိုင်အောင်လို့ လုပ်တာ။ ဒီကြားထဲ ညှိနေကြတဲ့ အချိန်မှာတောင် အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်တဲ့သူတွေက အစိုးရ ဘက်က ဘာမှတောင် မပြောရသေးဘူး၊ ကျနော်တို့ သဘောတူပါတယ် ဆိုတဲ့ သူတွေကလည်း ရှိနေသေးတယ်။ ကျနော်တို့ ဆီမှာ တဦးတယောက်ကများ စံပြလုပ်ပြီး အစိုးရနဲ့ တရားပြိုင် လုပ်မယ့်သူမရှိဘူး။ တရားပြိုင်ရင် အခုရနေတဲ့ အခွင့်အရေး လေးတောင် မရတော့မှာ စိုးလို့” လို့ ဦးစိုးရွှေက ဆိုပါတယ်။
သူတို့အနေနဲ့ ပထမ စီမံကိန်းထဲမှာ မပါခဲ့ပေမယ့် နောက်လာမယ့် ဒုတိယ စီမံကိန်းမှာ ပါဝင်လာမှာ ဖြစ်တဲ့အတွက် သူတို့ကို မြေလျော်ကြေး မပေးရင် နေရာက လုံး၀ ဖယ်ပေးမှာမဟုတ်တဲ့ အကြောင်း၊ မိမိတို့ တောင်းဆိုထားတဲ့ မြေယာလျော်ကြေး နှုန်းက တဧက သိန်း ၃၀၀ ဆိုပေမယ့်လည်း သင့်တင့်မျှတတဲ့ နှုန်းထားဖြစ်ရင် လက်သင့်ခံမှာ ဖြစ်ကြောင်း ဦးမြလှိုင်က ဆက်ပြောပါတယ်။
ဒါပေမယ့် သူတို့အနေနဲ့က တောင်းဆိုချက်တွေကို လစ်လျူရှုနေခဲ့မယ်ဆိုရင် နောက်တဆင့်တိုးပြီး ဆန္ဒထုတ်ဖော်တဲ့ အထိ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ မြေယာလျော်ကြေးကိစ္စနဲ့ ပက်သက်ပြီး အစိုးရနဲ့ တရား ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လို လုပ်ရမယ် ဆိုတာကို အခုကတည်းက စဉ်းစားလေ့လာမယ့်အကြောင်း သူက ဆိုတယ်။
“အရင်အစိုးရ လက်ထက်ကတည်းက သိမ်းလိုက်တာလို့ ပြောပေမယ့် အခုမြေယာဥပဒေနဲ့ ပြန်ကြည့်ရင် ဥပဒေနဲ့ လုံး၀ ညီခဲ့တာ မဟုတ်ဘူး။ နောက်ပြီးတော့ အရင်အစိုးရက သိမ်းခဲ့တာ တရားနည်းလမ်းကျလား၊ မကျလား ဆိုတာကို မေးခွန်း ထုတ်ရမယ်။ သိမ်းထားတာ အမှန်တရားဆိုရင် အခုအစိုးရက အရင်အစိုးရကို ဆက်ခံတယ်လို့ ဘာကြောင့် ပြောတာလဲ” လို့ ဦးမြလှိုင်က ပြောပါသည်။
ဒါ့အပြင် သီလဝါစီမံကိန်းအတွက် ဒေသခံတွေဘက်က ကောက်ခံထားတဲ့ စာရင်းတွေနဲ့ အစိုးရဘက်က ကောက်ခံထားတဲ့ စာရင်း မကိုက်ညီတာတွေ၊ မြေယာ ပိုင်ဆိုင်မှုနဲ့ အရှုပ်အရှင်းတွေ ဖြစ်နေတာကို အပြီးသတ် မဖြေရှင်းသေးဘဲနဲ့ စီမံကိန်းကို
စတင်တော့မယ်လို့ ကြေညာ၊ စီမံကိန်း ပထမအဆင့်အတွက် ဒေသခံတွေကို အတင်း သဘောတူကြောင်း လက်မှတ်ထိုးခိုင်း နေတာက ပွင့်လင်းမြင်သာမှုရော တကယ်ရှိရဲ့လားလို့ ဦးမြလှိုင်က မေးခွန်းထုတ်ပါတယ်။
ဒါ့အပြင် JICA ရဲ့ စည်းမျဉ်းအတိုင်း နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်နေပါတယ်လို့ နိုင်ငံတကာကို ပြောဆိုနေခဲ့ပြီးမှ အောက်ခြေမှာ လွဲမှားချက်တွေ ဖြစ်နေတာ၊ ဂျပန်ဘက်က ဒေသခံတွေကို တိုက်ရိုက် ပံ့ပိုးပေးတာ၊ ရွှေ့ပြောင်းမှုကို စီမံခန့်ခွဲ တာတွေ ဘာမှမရှိဘဲ အစိုးရနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေကသာ ကိုင်တွယ်နေတဲ့အခါမှာ ပွင့်လင်းမြင်သာမှုက
လုံးဝမရှိဘူးလို့ သူက ဆိုပါတယ်။
“သူတို့ရဲ့ ညှိနှိုင်းဖို့ခန့်ထားတဲ့ သူတွေက အစိုးရအရာရှိတွေရဲ့ ရှေ့မှာတော့ မျက်နှာက ချိုနေတာပဲ။ နောက်ကွယ်လည်း ကျရော ဒေသခံတွေကို တရားခံ စစ်သလို အတင်း စွတ်ဟောက်နေတော့ တောသား ဒေသခံတွေက ကြောက်တော့တာပဲ။ အခုအချိန်အထိ လက်မှတ်ထိုးလိုက်တဲ့ ဒေသခံတွေဆိုရင် စာချုပ်မှာ ဘာတွေရေးထားတယ် ဆိုတာ လုံး၀ အသိမပေးဘူး။ စာချုပ် မိတ္တူလည်း ပေးမထားဘူး။ နိုင်ငံတကာကို ပြောနေတဲ့ ပွင့်ပွင်းလင်းလင်း လုပ်နေတယ် ဆိုတာ ညာနေတာပဲ” လို့ ဒေသခံ လယ်သမား ဦးအေးဌေးက ပြောပါတယ်။
အခုနောက်ဆုံး ဒေသခံတွေ တောင်းဆိုတာကို အစိုးရဘက်က ညှိနှိုင်း လိုက်လျောမှုမရှိဘဲ သူတို့လုပ်ချင်တာကို ဆက်လုပ်
တော့မယ် ဆိုရင်တော့ ဒုတိယ စီမံကိန်းမှာ ဖယ်ရှားပေးရမယ့် လယ်သမားတွေအနေနဲ့ အစိုးရနဲ့ တရားပြိုင်ရရင်လည်း ပြိုင်ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။
“အရှင်းဆုံးပြောရရင် ပထမ ညှိနှိုင်းတဲ့ အဆင့်ကို ကျော်လာပြီ၊ တောင်းဆိုတဲ့ အဆင့်ကိုရောက်နေပြီ။ အဲဒီအ ဆင့်ကိုမှ အဆင်မပြေဘူး ဆိုရင်တော့ ကန့်ကွက်မယ့် အဆင့်ကို ရောက်တော့မယ်။ အဲဒါကိုမှ ထပ်မရရင် တားဆီးတဲ့ အဆင့်အထိ ဆက်လုပ်သွားမယ်” လို့ ဦးမြလှိုင်က ပြောပါတယ်။