လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးသွင်းရခြင်းအား ဖြေလျှော့ပေးရန် နိုင်ငံရေးပါတီများက ယနေ့ တောင်းဆို လိုက်ကြသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ပါတီဌာနချုပ် ရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ စုစုပေါင်း ၅၇ ပါတီ တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ ၃ တွင် ယနေ့ တွေ့ဆုံခဲ့ကြပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီအများစုက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးအဖြစ် ကိုယ်စားလှယ်လောင်း တဦးလျှင် ၅ သိန်းပေးရခြင်းမှာ အင်အား တောင့်တင်းသော ပါတီကြီးများအတွက် မများလှသော်လည်း ပါတီငယ်များအတွက် လုံး၀ မတတ်နိုင်သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် အခက်အခဲများ ရှိနေကြောင်း၊ မှတ်ပုံတင်ကြေး မတတ်နိုင်သောကြောင့် မဲဆန္ဒနယ် လျှော့၍ ရွေးကောက်ပွဲ ဝင်ရခြင်းများ ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ငွေကြေး အကန့်အသတ် ထားခြင်းသည် လွတ်လပ်၍ တရားမျှတစွာဖြင့်
ရွှေးကောက်ပွဲ ကျင်းပနိုင်ရေးကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆွေးနွေး ပြောဆိုသည်။
“ကော်မရှင်နဲ့ တွေ့တိုင်းတွေ့တိုင်း နိုင်ငံရေး ပါတီတွေက ဒီကျပ် ၅ သိန်းကိစ္စ တင်ပြခဲ့တယ်၊ မှန်ပါတယ်။ အင်မတန် ဝင်ငွေကောင်းတဲ့ ပါတီကြီးတွေမှာတော့ ၅ သိန်းဟာ မုန့်ဖိုးလောက်ပဲ ရှိပါတယ်။ ကျနော်တို့လို ဘာမှ စီးပွားရေးမရှိတဲ့ ပါတီတွေ အတွက်တော့ မတတ်နိုင်တဲ့အတွက် ကော်မရှင်က ပြန်သုံးသပ်ပေးဖို့ တင်ပြပါတယ်” ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းက ဆွေးနွေးသည်။
မြို (ခေါ်) ခမီ ပါတီမှ ရန်ကုန်တိုင်း တာဝန်ခံ ကလည်း “ကျနော်တို့ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း တဦးလျှင် ကျပ် ၅ သိန်း ပေးသွင်းရမယ်ဆိုရင် ကိုယ်စားလှယ်တွေ အများကြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် နည်းမှာ ဖြစ်တဲ့အတွက် အဲဒီအချက်ကို ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးဟန်ရွှေက ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး ၅ သိန်း လျှော့ချပေးရန် ထောက်ခံကြောင်းနှင့် ပါတီရန်ပုံငွေ နည်းပါးသော၊ စီးပွားရေး လုပ်ငန်း မလုပ်နိုင်သော ပါတီများအတွက် ရွေးကောက်ပွဲဝင်ရန် အဟန့်အတား ဖြစ်နေကြောင်း ဆွေးနွေးပွဲတွင် ထောက်ပြခဲ့သည်။
ပါတီများ တင်ပြလာသော ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး ၅ သိန်း ကိစ္စကို ပြန်လည် စဉ်းစားပေးမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများကို ဘဏ္ဍာရေး အင်အား တောင့်တင်းသော ပါတီများ ဖြစ်စေလိုသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေ ကန့်သတ်ချက်များ ရှိနေသောကြောင့် ဆောင်ရွက် မပေးနိုင်သေးခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြန်လည် ဖြေကြားသည်။
“ပါတီတွေက ငွေရေးကြေးရေး မတတ်နိုင်ရင် ဒီကိစ္စ ကျနော် ပြန်ကြည့်ပါမယ်။ လျှော့ရင်လည်း လျှော့ပစ်လိုက်မယ်၊
လုံး၀ လွှတ်ချင်လည်း လွှတ်လိုက်မယ်။ သို့တည်းမဟုတ် အာမခံကြေး တင်ခိုင်းပြီးတော့ ရွေးကောက်ပွဲပြီးမှ Refund
ပြန်လုပ်ချင် လုပ်မယ်၊ ဒါမှမဟုတ် ရှုံးရင် မပေးဘဲနဲ့ မဲရာခိုင်နှုန်း ဘယ်လောက်ရရင်တော့ ပြန်ပေးတာမျိုး လုပ်ချင်လုပ်မယ်” ဟု
ဦးတင်အေးက ဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အနောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်စိုးက “၁၉၉၀ ရွေးကောက်ပွဲမှာ တုန်းက ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး နှစ်သောင်း သွင်းရတယ်။ မဲရေတွက်လို့ ၁၂ ရာခိုင်နှုန်း မဲပြန်ရရင် ပြန်ပေးတယ်။ အခု ၅ သိန်းက အရမ်းများတယ်၊ ပြန်လည်း မပေးဘူးဆိုတော့ အဲဒီလိုလုပ်တဲ့ နိုင်ငံမျိုး ကမ္ဘာမှာ သိပ်မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ကျင်းပသော နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက
ပါတီများ တွေ့ကြုံနေရသော အခက်အခဲများကို တင်ပြခဲ့ပြီး ကော်မရှင် ဥက္ကဋ္ဌကလည်း နိုင်ငံရေးပါတီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကိုလည်း ဥပဒေ ဘောင်အတွင်းမှ လွတ်လပ်၍ တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်စေရန် ကျင်းပပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်လည်း ရွေးကောက်ပွဲကော်မရှင် ရုံးခွဲရရှိရန် ကြိုးစားလျက်ရှိပြီး ဝန်ထမ်းအင်အား တိုးချဲ့နိုင်ရန်ပါ စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေး ပြောကြားခဲ့သည်။