ရခိုင်ပြည်နယ်၊ သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးထားသူများကို အောက်တိုဘာ ၁၇ ရက်နေ့တွင် တရားရုံးထုတ်ရန် သတ်မှတ် ထားသော်လည်း ဒေသခံများ ဆူပူမှုဖြစ်မည်ကို စိုးရိမ်သောကြောင်း သံတွဲထောင်မှ ကျောက်ဖြူထောင်သို့ ယမန်နေ့ညက ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိသည်။
ထောင်ပြောင်းရာတွင် မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မရှိကြောင်း ဖမ်းဆီးစစ်ဆေးခံရသူ တဦးဖြစ်သည့် သံတွဲမြို့နယ်၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌ ဦးမောင်မောင်ပု၏ ဇနီးဖြစ်သူ ဒေါ်မမေနုက ဧရာဝတီသို့ ပြောသည်။
“ကျမတို့ သံတွဲထောင်ကို ဒီမနက်မှာ ထောင်ဝင်စာ သွားတွေ့တော့မှ သိရတယ်။ သူတို့ကို ကျောက်ဖြူထောင် ပြောင်းထားတယ်ဆိုတာ ဘာကြောင့် ပြောင်းတာလဲကိုလည်း မေးတော့ ရဲတွေက မသိဘူးဆိုပြီး ဟိုလွှဲဒီလွှဲ လုပ်နေတယ်။ သံတွဲထောင်မှာဆို သူ့ကျန်းမာရေးကို မိသားစုက နီးတော့ ဂရုစိုက်ပေးလို့ ရသေးတယ်။ အခုက ကျောက်ဖြူထောင်ဆိုတော့ ထောင်ဝင်စာ ပေးဖို့တောင် မိသားစုမှာ သွားရေးလာရေးနဲ့ ကုန်ကျစရိတ်နဲ့ အခက်ခဲ ဖြစ်ရပြီ” ဟု ဒေါ်မမေနုက ဆိုသည်။
တခြား ဖမ်းဆီးခံရသူ တဦးဖြစ်သည့် ဦးဝင်းကိုလေး၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ရီကလည်း ဖမ်းဆီးခံထားရသူများ၏ မိသားစုများအနေဖြင့် ရွှေ့ပြောင်းလိုက်သော ကျောက်ဖြူထောင်တွင် အကူအညီပေးသူများ မရှိလျှင် ထောင်ဝင်စာပို့ရန်ပင် အခက်တွေ့နိုင်ကြောင်း၊ သက်ဆိုင်ရာကလည်း အခြေအနေများကို အကြောင်းကြားခြင်း မရှိသောကြောင့် မည်သို့ ဆက်လုပ်ရမည်ကို မသိကြောင်း ပြောသည်။
“ကျမ အမျိုးသားက သံတွဲမှာ စဖြစ်တုံးကတည်းက ဘယ်နေရာမှာ ဘာဖြစ်နေတယ်၊ ကားထုတ်ပြီး လိုက်ခဲ့ပါဦးလို့ အုပ်ချုပ်ရေးပိုင်းကလူတွေပဲ ခေါ်လို့ သူတိုနဲ့ အတူလိုက်နေခဲ့တဲ့သူပါ။ သတင်း တိတိကျကျလည်း မဖော်ထုတ်နိုင်သေးဘဲနဲ့ အကုန်ဆွဲ ဖမ်းတဲ့ဆီမှာ ပါခဲ့ရတာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း သံတွဲပဋိပက္ခကြောင့် ထပ်မံ ဖမ်းဆီးမှုများ ရှိနေကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ လာရောက်ခေါ်သွားသည်၊ မည်သည့်နေရာတွင် ချုပ်ထားသည်ကိုလည်း စုံစမ်းမရ ဖြစ်နေသောကြောင့် ထပ်မံ ဖမ်းဆီးခံရသူများ၏ မိသားစုများက အထူးစိုးရိမ်နေကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ဗဟို ကော်မတီဝင် ဦးထွန်းရွှေက ဧရာဝတီသို့ ပြောသည်။
“ဟိုတလောလေးကလည်း ဘယ်သူ ဖမ်းသွားတယ် မသိဘဲ ပျောက်နေရာကနေ နောက်ဆုံး အလောင်းပဲ ပြန်တွေ့ခဲ့တာကြောင့် အခုလို ထပ်ဖမ်းတဲ့ဆီမှာ ဘယ်ကိုမှ စုံစမ်းမရတော့ မိသားစုတွေက စိုးရိမ်ကြတာပေါ့။ ဖမ်းတဲ့ဆီမှာလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေ မပါဘဲ လမ်းသွားနေစဉ် ခဏလိုက်ခဲ့ပါဆိုပြီး အရပ်ဝတ်တွေနဲ့ ခေါ်သွားတာမျိုး ဖြစ်နေတယ်။ ဒီမနက်ပဲ သံတွဲမြို့ပေါ်က မိုးဝေဆိုတဲ့ လူငယ်တဦးကို ခေါ်သွားတယ်။ ပြီးခဲ့တဲ့နေ့ကလည်း ဇီးဖြူကုန်းဘက်မှာ ထပ်ဖမ်းခဲ့တယ်လို့ ကြားတယ်။ ဖမ်းမယ်ဆိုရင်လည်း တိတိကျကျနဲ့ တရားဝင် လုပ်တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
သံတွဲဖြစ်ပျက်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးမည့်စာရင်းကို ကြိုတင် စီမံထားပုံရကြောင်း၊ ဖမ်းဆီးရာတွင်လည်း တရားဥပဒေနှင့် အညီ ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ ထင်ရာလုပ်နေသလို ဖြစ်ကြောင်း၊ သံတွဲအကျဉ်းထောင်သို့ မိမိသွားရောက်ကြည့်ရှုအပြီး ညတွင်းချင်း ထောင်ပြောင်းသည်ကို မေးခွန်းထုတ်စရာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဌ ဦးဇော်အေးမောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော် ထောင်ထဲကို သွားတွေ့တုန်းက လူအများရှေ့မှာပဲ၊ ရဲရှိတယ်၊ အကျဉ်းဦးစီးက တာဝန်ရှိသူတွေလည်း ရှိတယ်။ ကျေးလက်ကလာတဲ့ လက်သမားဆရာနှစ်ယောက် ညှင်းပမ်းနှိပ်စက် ခံထားရတယ်။ တယောက်ဆိုရင် ခြေထောက်ကို အချက် ၅၀ လောက် ယောင်ကိုင်းနေအောင် ရိုက်ထားတာ။ လမ်းလျှောက်လို့ မရဘူး။ နောက်တယောက်က အချက် ၁၅၀ လောက် ရိုက်ခံရတယ်။ ခေါင်းကိုလည်း ၅ ချက်လောက် အရိုက်ခံရတဲ့အခါ မူးမေ့သွားတာဗျ။ လုပ်လိုက်တဲ့သူတွေတောင် လှန့်ဖြန့်သွားတဲ့အတွက် ဒီလိုလုပ်တယ်ဆိုတာ မပြောပါနဲ့လို့တောင် ပြောထားတယ်တဲ့” ဟု ဦးဇော်အေးမောင် ဆိုသည်။
ညှင်းပမ်းနှိပ်စက်ခံရသူများမှာ မည်သည့်မျိုးနွယ်စုများ ဖြစ်သည် ဆိုသည်ကိုမူ ဦးဇော်အေးမောင်က ပြောကြားခြင်း မရှိပေ။
လက်ရှိအချိန်အထိ သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးစစ်ဆေးနေသူ လူဦးရေ ၇၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများတွင် ရခိုင်တိုင်းရင်းသားများ၊ အစ္စလမ် ဘာသာဝင် ကမန်များလည်းပါကြောင်း၊ စုံစမ်းစစ်ဆေးဆဲ ကာလဖြစ်သောကြောင့် တိတိကျကျ မပြောနိုင်သေးကြောင်း၊ မကြာခင်အချိန်တွင် ပြည်နယ်အစိုးရ အနေဖြင့် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ကျော်တင့်က ဧရာဝတီသို့ ပြောသည်။
“သံတွဲထောင်ကနေ ကျောက်ဖြူထောင် ပြောင်းထားတယ်လို့ ကျနော်လည်း ကြားပါတယ်။ ဒါပေမယ့် အခုချိန်က တိတိကျကျ ပြောလို့မရသေးပါဘူး။ ဖမ်းထားတာတော့ လူမျိုးစု ၂ ခု စလုံးကိုပါ။ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု ဒုတိယ ရဲမှူးကြီး ကျော်တင့်က ဆိုသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ဦးကျော်ဇံလှ ပိုင်ဆိုင်သော ငပလီ အထွေထွေ အရောင်းဆိုင်ရှေ့တွင် ကိုရဲသီဟ၏ သာသနာ့ အလံပါ သုံးဘီးဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခအချို့ ထပ်မံဖြစ်ပွားရာ နေအိမ်နှစ်လုံး မီးရှို့ခံရပြီး အိမ်ခြေ ၆၀ ဝန်းကျင် မီးလောင်ကျွမ်းကာ သေဆုံးသူ စုစုပေါင်း ၅ ဦး အထိရှိခဲ့ကြောင်း သိရသည်။