နေရာက ရန်ကုန်မြို့တော် ခန်းမနားက လက်ဖက်ရည်ဆိုင် တဆိုင်တွင် ဖြစ်သည်။
ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ စိတ်လှုပ်ရှားနေကြသည်။ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကြီး ဘယ်သူ ဆွတ်ခူးမလဲ ဆိုသည့် စိတ်နှင့် ဖြစ်၏။ တစ်ပြေးနေကြသည့် ဆန်ခါတင် စာရင်းတွင် အကြီးအကဲလည်း ပါနေတော့ ပို၍ စိတ်ဝင်စားနေကြခြင်း ဖြစ်၏။ ဆုကြေညာသည့် အခမ်းအနားကို တီဗီတွင် တိုက်ရိုက် ပြမည်ဖြစ်သောကြောင့် အာရုံစိုက်ကောင်း နေစဉ် သူတို့ အနား၌ လူတဦး လာရပ်သည်ကို မသိလိုက်ကြပေ။
အင်္ကျီအဖြူနှင့် လုံခြည်အစိမ်းကို ဝတ်ထားသော ထိုသူက ဖိုးရှုပ်ပုခုံးကို တချက် ပုတ်လိုက်၍ လှည့်ကြည့်လိုက်ရာ ဖိုးရှုပ် အံ့သြသွားသည်။
ဖိုးရှုပ်။ ။ ဟာ … တောင်ဥက္ကလာ ဘဘပါလား။ ဘယ်က လှည့်လာတာလဲ။
ဘဘ။ ။ ဒီလိုပါပဲဗျာ … ကျုပ်ရဲ့ ရွှေရောင်လွှမ်းသော မြို့တော်ဝန် ဘဝလေးကို သတိရတာနဲ့ အလွမ်းပြေ ပြန်လာကြည့်ရင်း ခင်ဗျားတို့ကို တွေ့တာနဲ့ ဝင်လာတာ။
တောင်ဥက္ကလာ ဘဘ၏ အဖြေ စကားကြောင့် ဦးရုက္ခစိုးကော၊ ကြွက်စုတ်ပါ သူ့ကို လှည့်ကြည့်မိကြသည်။ ထိုအချိန်တွင်ပင် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့က ရရှိကြောင်း ကြေညာပြီးသွားသည်။
ဘဘ။ ။ ဟာ … တို့အကြီးအကဲလည်း မရဘူး။ တော်ပြီကွာ … စိတ်ဓာတ်ကျသွားပြီ။ ငိုတောင် ငိုချင်လာပြီ။
ရုက္ခစိုး။ ။ အစကတည်းက အကြီးအကဲ ရဖို့ သိပ်မျှော်လင့်လို့ မရတာ ဘဘရယ် စိတ်လျှော့ပါ။
ဘဘ။ ။ စိတ်လျှော့လို့ မဖြစ်ဘူး ဦးရုက္ခစိုးရဲ့ … ကျုပ်က တအား မျှော်လင့်ထားတာ၊ မနေ့ကပဲ အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲယူလိုက်တယ်၊ ဒီနေ့ နိုဘဲလ်ဆု ရတယ်ဆိုရင် ဘယ်လောက် ဂုဏ်ရှိမလဲ။
ဖိုးရှုပ်။ ။ ကြံကြံ ဖန်ဖန် ဘဘရယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေး မပြောနဲ့ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့တောင် ဘဘရဲ့ အကြီးအကဲက မလုပ်ပေးနိုင်သေးဘဲနဲ့။
ကြွက်စုတ်။ ။ ဟုတ်တယ်လေ … အကြီးအကဲ ရှိနေလျက်နဲ့တောင် ရခိုင်မှာ ချနေသေးတာ မဟုတ်လား။
ဘဘ။ ။ ဒါပေမယ့် ကချင်နဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ လက်ပူတိုက် ကြိုးစားနေသားပဲဟာ … မတွေ့ဘူးလား။
ရုက္ခစိုး။ ။ လက်ပူတိုက်တာတို့၊ ဖုတ်ပူမီးတိုက်တို့၊ တက်သုတ်ရိုက်တို့က ခေတ်မရှိတော့ဘူး ဘဘရေ၊ အခုခေတ်က ခေါင်းကို သေနတ်နဲ့ အပစ်ခံရတဲ့ မာလာလာတောင် နိုဘဲလ်ဆုရဖို့ သေချာတာ မဟုတ်ဘူးဗျ။ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ခေတ်က ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီ။
ဘဘ။ ။ တောက် … အဲဒါကြောင့် ကျုပ် သတိလှမ်းပေးပါသေးတယ် … မြောက်ဦးသွားရင်းနဲ့ ဘုရားကန်တော့နေတုန်း ခေါင်းကို လေးခွနဲ့ တချက်လောက် အပစ်ခံလိုက်စမ်းပါလို့ … ပြောရဲ့သားနဲ့ဗျာ၊ ကျုပ်စကားကို နားမှမထောင်ဘဲ။
ကြွက်စုတ်။ ။ အဲဒီတော့မှ နိုဘဲလ်ဆုမရဘဲ ထိပ်ပေါက်လို့ ဆေးရုံရောက်နေမှဖြင့် … မတွေးရဲစရာ ဘဘရယ်။ အကြီးအကဲက ဆံပင်လည်း ကောင်းရှာတာမဟုတ်ဘူး။
ဘဘ။ ။ စကားအဖြစ် ပြောတာပါဗျ။ အင်းလေ … တိုက်တွေ၊ ခြံတွေပေါင်ပြီး ချိုးငှက်တွေ လိုက်လိုက်ဝယ်နေတဲ့ ငြိမ်းချမ်းရေး ဝန်ကြီးလည်း နိုဘဲလ်ဆု မရ၊ ခေါင်းကို သေနတ်နဲ့ အပစ်ခံရတဲ့ မာလာလာလည်း နိုဘဲလ်ဆုမရ …။
ဖိုးရှုပ်။ ။ မာလာလာလည်း မရ၊ ဘာလာလာ ယူဖို့ စောင့်နေတဲ့ အကြီးအကဲလည်း အခုတော့ အာဆီယံ တူတချောင်းနဲ့ ကျေနပ်ရတော့မယ်။
ကြွက်စုတ်။ ။ အဲဒီတူကို နိုင်ပါ့မလားလို့ ငါတော့ စိုးရိမ်တယ်။ ပြည်တွင်းရေးတွေ များရတဲ့အထဲ၊ ဒေသတွင်း ကိစ္စတွေနဲ့ အကြီးအကဲတော့ ဒီထက် ပြောင်မှာ … အဲ … ဒီထက် စိတ်ရှုပ်မှာ မြင်ယောင်တယ်ကွာ။
ဘဘ။ ။ အိုဗျာ ဘာပဲဖြစ်ဖြစ် ဘာမှမရတာထက် စာရင် တူတချောင်းရတာ နည်းလား။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်မယ်ဆိုပြီး အသံလေးလွှင့်လိုက်တာနဲ့ အိုကေတာဗျ။ တကယ်က ကျုပ်သဘောပြောမယ်ဆိုရင် အကြီးအကဲကို ဟိုဟာလေး၊ ဒီဟာလေး ရစေချင်တာတော့ အမှန်ပဲ။ ၂၀၁၅ မှာ နာမည်ကောင်းလေး တလုံးနဲ့ အရှင်ထွက် ထွက်စေချင်တယ်၊ ဒါမှပဲ ကျုပ်တို့လို နောက်က လူတွေလည်း စားသာမယ် မဟုတ်လား။
ရုက္ခစိုး။ ။ ၂၀၁၅ မှာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးပါမယ်လို့တော့ ကော်မရှင် ဥက္ကဋ္ဌကြီးက ကတိပေးနေပြီနော်။ ၂၀၁၀ တုန်းကလို ဘာလာလာဒေါင်း လုပ်လို့မရတော့ဘူးဗျ။
ဘဘ။ ။ အဲဒါကြောင့် ပြောနေတာပေါ့ဗျာ၊ မနိုင်ရင်တောင်မှ ပိုးစိုးပက်စက် မရှုံးဖို့ အရေးကြီးတယ်လေ။ ကျုပ် မရှုံးဘူးလို့လည်း ကျုပ် တယောက်တည်း အနေနဲ့ ယုံကြည်တယ်။
တောင်ဥက္ကလာ ဘဘက လက်သီးလက်မောင်း တန်းကာ ပြောလိုက်သည်။
ဖိုးရှုပ်။ ။ ဒါကြောင့်လည်း မရှိမဖြစ် ဘဘလို့ နာမည်ကြီးပေတာကိုး။
တောင်ဥက္ကလာ ဘဘက လည်ကတုံးအင်္ကျီကို နည်းနည်း ဆွဲဆန့်လိုက်ရင်း “ကျုပ်မှာက ချန်ထားတဲ့ တကွက် ရှိတယ်ဗျ … ဟဲဟဲ” ဟု ပြောရင်း သွားဖြဲပြလိုက်သည်။
ကြွက်စုတ်။ ။ လုပ်စမ်းပါဦး ဘဘရယ် … နိုဘဲလ်ဆုထက်တောင် စိတ်ဝင်စားဖို့ ကောင်းလာပြီ။
ဘဘ။ ။ တခြားမဟုတ်ပါဘူး …။ ကျုပ် ၂၀၁၀ တုန်းက ခင်းပေးခဲ့တဲ့ လမ်းလေ … သိတယ်မဟုတ်လား။
ရုက္ခစိုး။ ။ ဟာဗျာ … အဲဒီတုန်းက ခင်ဗျား လမ်းတွေကို တခြမ်းပဲ ခင်းပေးခဲ့တဲ့ ဥစ္စာ။
ဘဘ။ ။ ဟုတ်တယ်လေ … အဲဒါ စီမံကိန်းနဲ့ ခင်းတာ။ လာမယ့် ၂၀၁၅ ကျရင် ကျန်တဲ့ တခြမ်းကို ဆက်ခင်းပေးမယ်လို့ ပြောလိုက်မယ်၊ ဒါဆို ကျုပ်လည်း တရားမျှမျှတတ မဲတွေရပြီး ရှုံးရင်တောင် နာမည်ကောင်းလေးနဲ့ ရှုံးမှာဗျ။ ဒါတွေကြိုသိလို့ အမြော်အမြင်ရှိရှိနဲ့ အပြည့်မခင်းဘဲ ချန်ထားခဲ့တာ။
ဖိုးရှုပ်။ ။ ဖြစ်မှ ဖြစ်ရလေ … လတ်စသတ်တော့ ဘဘတို့က တကွက်ချန်တာ မဟုတ်ဘဲ တခြမ်းချန်ထားတာကိုး။
“ကျုပ်တယောက်တည်း တခြမ်းချန်တာ မဟုတ်ဘူးဗျ …။ ကြည့်လိုက် … ဒီမိုကရေစီလည်း တခြမ်းပဲ၊ ငြိမ်းချမ်းရေးလည်း တခြမ်းပဲ၊ တချို့ဟာတွေဆို တခြမ်းတောင် မပြည့်ဘူး တစိတ်လောက်ပဲ ရှိတယ်။ အဲ လွှတ်တော်မှာ ကတော့ လေးပုံသုံးပုံပေါ့ဗျာ။ ဒါပေမယ့် တခြမ်းပဲ ချန်ထားတဲ့ ကျုပ်ကို ကျေးဇူးတင်လိုက်ဗျ၊ တခြမ်းတောင် လုပ်မပေးဘဲ အကုန်လုံး အပျောက် ရိုက်သွားတာတွေကျ ခင်ဗျားတို့ မသိကြဘူး မဟုတ်လား၊ နုပါသေးတယ်ဗျာ … ငှဲငဲှငှဲ” ဟု ဆိုရင်း တောင်ဥက္ကလာ ဘဘက ထိုနေရာမှ ပြောပြောဆိုဆို ထွက်ခွာသွားလေရာ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့မှာ ခေါင်းထဲ၌ ကွက်ရှင်မာ့ခ် များစွာဖြင့် ပါးစပ်အဟောင်းသား ကျန်ခဲ့ကြ လေတော့သတည်း။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)