မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ၉ လအတွင်း လူကုန်ကူးမှု စုစုပေါင်း ၆၉ မှု ဖြစ်ပွား ခဲ့ပြီး ယင်းအမှုများ အနက် လူကုန်ကူးမှု ၄၂ မှုမှာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အဓမ္မ ထိပ်မြား လက်ထပ်ရန် ရောင်း စားမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရှိရသည်။
ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လ အတွင်း ဖြစ်ပွားသော လူကုန်ကူးမှုများ အနက် ၆၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံ သို့ တရုတ်အမျိုးသားများ၏ ဇနီးမယား အဖြစ် ရောင်းစားမှုများနှင့် ရောင်းစားရန် ကြံစည်ကြိုးပမ်းမှုများ ဖြစ်နေပြီး လူကုန်ကူးသူများသည် ယခင်က ကဲ့သို့ လိမ်လှည့်ဖြား လူကုန်ကူးခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ် သွားရောက်လျှင် ငွေကြေး အမြောက် အမြား ရရှိမည်ဟု ပေါ်တင် ပြောဆို စည်းရုံး လူကုန်ကူးခြင်းဖြစ်ကြောင်း သိရှိရသည်။
“အရင်တုန်းကတော့ လူကုန်ကူးတဲ့ ပွဲစားတွေက လိမ်လည်ပြီးတော့ လူစုဆောင်းတယ်။ ဥပမာအားဖြင့် မူဆယ်ဘက်က အထည်ချုပ်စက်ရုံမှာအလုပ်ရမယ်။ ဆေးဆိုးပန်းရိုက် အလုပ်ရမယ်ဆိုပြီး ခေါ်သွားပြီးတော့မှ တရုတ်ဘက် ရောင်းစားတာ ပေါ့နော်။ အခုနောက်ပိုင်းကျတော့ ပွဲစားတွေက ပေါ်တင် စည်းရုံးတာ။ တရုတ် မယား လုပ်ရမယ်။ ၆ လ ပြည့်ရင် ပြန်လာ လို့ရတယ်။ ရွှေတွေ ဘယ်လောက်ဆင်ပေးမယ်။ အိမ်အတွက်ဘယ်လောက် ပေးမယ်ဆိုပြီးတော့ ဒါမျိုးတွေနဲ့ စည်းရုံး လာတယ်။ တကယ်တမ်းကျတော့ အဲဒါတွေက ဖြစ်မလာဘူး။ သွေးဆောင်ပြီးစည်းရုံးတာပေါ့”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
လူကုန်ကူးသူများသည် တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသများအပြင် မြို့ပြ ဒေသကြီး များဖြစ်သည့် စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းကဲ့သို့သော ဒေသများမှ အမျိုးသမီးငယ်များကို ပစ်မှတ် ထား သွေးဆောင် စည်းရုံးကြကြောင်း၊ မြန်မာအမျိုးသမီးများကို လူကုန်ကူးသူများတွင် တရုတ်နိုင်ငံမှ တရုတ်အမျိုးသားနှင့် အိမ်ထောင် ကျနေသော မြန်မာ အမျိုးသမီးများ ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိကြောင်း သိရှိရသည်။
ယခု အောက်တိုဘာလ အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသမီးငယ် ၄ ဦးကို တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ်
ရောင်းစားရန် ကြိုးပမ်းသည့် လူကုန်ကူးမှု ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ် ၂ ခုစလုံးတွင် တရုတ်နိုင်ငံမှ တရုတ် အမျိုးသား နှင့်အိမ်ထောင်ကျနေသူ မြန်မာ အမျိုးသမီး ၂ ဦး ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ထံမှ သိရှိရသည်။
အောက်တိုဘာလဆန်းပိုင်းဖြစ်ပွားခဲ့သော လူကုန်ကူးမှုဖြစ်စဉ်တွင် ရန်ကုန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၃ ဦးကို ဒေါ်စောဥမ္မာ(ခ) မဥမ္မာဆိုသူက တရုတ်ပြည်တွင် အလုပ် ပေါ ကြောင်း၊ တရုတ်အမျိုးသားကို လက်ထပ်ယူလျှင် ကောင်းကောင်း မွန်မွန်နေရပြီး အပျိုဖြစ်စေ၊ အအိုဖြစ်စေ ကလေး ၁ ယောက် မွေးပေးပြီးလျှင် ရန်ကုန်ပြန်လာနိုင်ကြောင်း ပြောဆိုစည်းရုံးပြီး ခေါ်ဆောင်လာစဉ် မူဆယ်မြို့တွင် သက်ဆိုင်ရာက လူကုန်ကူးသူ မဥမ္မာကို အောက်တိုဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ လူကုန်ကူးသူ မဥမ္မာသည် တရုတ် နိုင်ငံတွင် တရုတ်နိုင်ငံသား ဝမ်ဝေဆိုသူနှင့် အိမ်ထောင်ကျထားသူဖြစ်ပြီး သား ၁ ဦး ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အလားတူ တရုတ်နိုင်ငံသား အမျိုးသားတဦးနှင့် အိမ်ထောင်ကျနေသူ မမြတ်စုမွန် (ခ) ပုံ့ပုံ့သည် မှော်ဘီမြို့နယ်မှ
မြန်မာ အမျိုးသမီးငယ်တဦးကို ယွမ်ငွေ ၃ သောင်းဖြင့် တရုတ်ဇနီးမယား အဖြစ် ရောင်းစားရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း၊ နမ္မတူမြို့နယ် ဆိုင်ဂျာရွာတွင်လည်း မြန်မာအမျိုးသမီးတဦးကို တရုတ် နိုင်ငံသား တဦးနှင့် အိမ်ထောင်ပြုထားသူ မြန်မာအမျိုးသမီးက ယွမ် ၃၆၀၀၀ ဖြင့် လူကုန်ကူး ရောင်းစားမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် လူကုန်ကူးခံထားရသော မြန်မာအမျိုးသမီးကို ကယ်ဆယ်နိုင်ရေး ရဲတပ်ဖွဲ့က ကြိုးစားဆောင်ရွက်နေ သည်ဟု သိရှိရသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်အမျိုးသားက တရားမဝင် ဇနီးမယားအဖြစ် ပေါင်းသင်းသော်လည်း တရုတ်အမျိုးသမီးတဦး နှင့်တရားဝင်လက်ထပ်နိုင်သည့်အခါ ငွေဖြင့် ဝယ်ထားသည့် မြန်မာ အမျိုးသမီး ကို ဇနီးမယားလိုအပ်နေသော တခြား တရုတ်အမျိုးသားထံသို့ လက်ဆင့်ကမ်းရောင်းချမှုများရှိကြောင်း သိရှိ ရသည်။
“တရုတ်အမျိုးသားတွေက အများအားဖြင့်ကတော့ မြန်မာအမျိုးသမီးတွေကို သူတို့က ဝယ်ထားတာလေ။ တရုတ် အမျိုးသမီးနဲ့ လက်မထပ်နိုင်သေးခင်မှာ မြန်မာနိုင်ငံနဲ့နီးတဲ့ တရုတ်ပြည်နယ်စပ်က(သို့မဟုတ်) လာအိုနဲ့ နီးရင် လာအို ဘက်က အမျိုးသမီးတွေကို ပွဲစားတွေကနေ တဆင့်ဝယ်တယ်။ ဝယ်ပြီးတော့ မယားအဖြစ်နဲ့ပေါင်းတယ်။ တကယ်လို့ သူတို့ တရုတ်အမျိုးသီး ဇနီး မယား ရပြီဆိုတာနဲ့ နောက် တရုတ်တယောက်ဆီကို ထပ်ပြီးတော့ ရောင်းစားတာမျိုး တွေရှိ တယ်။ နေ့ခင်းဘက်မှာ သူတို့ တောင်ယာ လုပ်ငန်းခွင်တွေမှာ စေခိုင်းတာတွေရှိတယ်။ ညဘက်မှာ မယားအဖြစ်နဲ့ ပေါင်းတယ်။ လူကိုကျေးကျွန်သဖွယ် စေခိုင်းတာမျိုးဖြစ်နေတာပေါ့”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေး အဖွဲ့မှ အရာရှိတဦးက ဆိုသည်။
ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ ဒေါ်စူဇန်နာလှလှစိုးက တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ရောင်းစား လူကုန် ကူးမှု များ မဖြစ်ပွားစေရန် အသိပညာပေးမှု များရှိသော်လည်း ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး အဆင်မပြေမှုများကြောင့် ထွက်ပေါက်ရှာကြသော မြန်မာအမျိုးသမီးငယ်များမှာ ဇနီးမယားအဖြစ် ရောင်းစားခံရသော လူကုန်ကူးမှုများကို ကြုံတွေ့ရ ကြောင်း ပြောသည်။
“တရုတ်မှာ အမျိုးသမီးလိုအပ်ချက်က သန်း ၃၀ လောက်လိုတယ်လို့ သိရတယ်။ လိုအပ်ချက်များနေတော့ လူကုန်ကူးမှု တွေဖြစ်နေတာပဲ။ ကျမတို့ မြန်မာနိုင်ငံတခုတည်းမှမဟုတ်ဘူး။ လာအိုနဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေ အားလုံးမှာ အမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံနေရတဲ့ လူကုန်ကူးမှုတွေ ဖြစ်နေတာပဲ´´ဟု ဒေါ်စူဇန်နာလှလှစိုးက ဧရာဝတီသို့ပြောဆိုသည်။