ထိုင်း-မြန်မာ ဆက်ဆံရေးနဲ့ မြန်မာ့ စောင်း

ကိုစိုး

This article has been converted from Zawgyi One to Unicode

လူတဦး က အခြားတဦးကို တူရိယာပစ္စည်း လက်ဆောင်ပေးတာဟာ ဘယ်လို အဓိပ္ပာယ်မျိုးကို ဆောင်ပါသလဲ။

အထူးသဖြင့် နိုင်ငံကိုယ်စားပြု နိုင်ငံ့ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တဦးက အလားတူ အခြားနိုင်ငံရဲ့ တာဝန်ရှိသူတဦးကို လက်ဆောင် ပေးအပ်ခြင်း ဆိုပါက လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနိုင်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက မြန်မာ စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို မြန်မာ့တူရိယာ “စောင်းကောက်” တလက် လက်ဆောင် ပေးလိုက်ပါတယ်။ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးတက်ဖို့ ရောက်လာရင်း ပေးလိုက်တာပါ။

အဲဒီ “စောင်း” တူရိယာ လက်ဆောင်ပေးတဲ့ ဓာတ်ပုံကို မီဒီယာတွေမှာ တွေ့လိုက်ရလို့ ထူးခြားမှုတခု အနေနဲ့ စိတ်ဝင်စားသွား မိပါတယ်။

မြန်မာ့ တူရိယာ စောင်းကောက် ဆိုတာ တေးဂီတ သံစဉ်တွေကို ဖော်ကျူးဖို့ ပြုလုပ်ထားတဲ့ ကြိုးတပ် တူရိယာ တမျိုးပဲ ဖြစ်ပါတယ်။

“စောင်း”ဟာ မြန်မာတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ မြန်မာ့ ဂီတ အနုပညာ တူရိယာ ပစ္စည်းလည်း ဖြစ်သလို ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုတဲ့ ကမ္ဘာ့ ဂီတ တီးမှုတ်မှု အနုပညာ အနွယ်ဝင် တမျိုးလည်း ဖြစ်ပါတယ်။

တကယ်တော့ “စောင်း” (Harp) တူရိယာဟာ မြန်မာ တနိုင်ငံတည်း အသုံးပြုတာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာလည်း မြန်မာ စောင်းလို ကြိုးတပ် တူရိယာ အသုံးပြုစရာ ရှိပြီးသားပါ။ စောင်းကို ထိုင်းဘာသာ အရ “ဖင်န်” လို့ ခေါ်တယ်လို့ သိရပါတယ်။

စောင်းဟာ ကမ္ဘာပေါ်ရှိ တူရိယာများ အနက် ရှေးအကျဆုံး ကြိုးတပ် တူရိယာ ဖြစ်ပါတယ်။ စောင်းကို အကြမ်းအားဖြင့် လေးကိုင်းပုံ စောင်းနဲ့ တြိဂံပုံ စောင်းဆိုပြီး ၂ မျိုး ခွဲထားတာရှိပါတယ်။ မြန်မာ့ စောင်းကောက် အမျိုးအစားဟာ လေးကိုင်းပုံ စောင်း အမျိုးအစား ဖြစ်ပြီး အိန္ဒိယက ဆင်းသက်လာဟန် ရှိတယ်လို့လည်း ဆိုပါတယ်။

လေးကိုင်းပုံသဏ္ဌာန် စောင်းကို ရှေးခေတ် အီဂျစ် နိုင်ငံ၊ အိန္ဒိယ တိုင်းနဲ့ ဂျာဗားကျွန်း တို့မှာ ပေါ်ထွန်း ခေတ်စားခဲ့ပြီး ဘီစီ ၃၀၀၀ လောက်ကစလို့ အီဂျစ်ပြည်မှာ ထွန်းကားလာဟန်ရှိတယ်လို့ သိရပါတယ်။ စောင်းကို အီဂျစ်၊ ဗေဗီလုံ၊ ပါရှား၊ ဂျာဗား၊ အိန္ဒိယ စတဲ့ နိုင်ငံ အသီးသီးမှာ အလွန်ရှေးကျတဲ့ ခေတ်ကတည်းက စပြီးရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။

ရှေးဘုရင်များ ခေတ်ကတည်းက စောင်းကို နန်းသုံးတော်ဝင် တူရိယာအဖြစ် သုံးခဲ့ကြပါတယ်။ နန်းတက်ပွဲ အခမ်းအနား၊ မင်း မိဖုရား နန်းဆောင်တွေ နဲ့ မင်းခမ်း မင်းနားတွေမှာ စောင်းတူရိယာကို တီးခတ် အသုံးတော် ခံကြတယ်လို့လည်း သမိုင်း မှတ်တမ်း တွေမှာ တွေ့ရပါတယ်။

ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) စာဆို ဝန်ကြီး ပဒေသရာဇာ ကလည်း “စာပေဝတ္ထု၊ ရတုကဗျာ၊ ပျို့လင်္ကာနှင့်၊ သာသည့် သီချင်း၊ အဲစောင်းညှင်း ကို မကင်းမပြတ်၊ ဖတ်ရွတ်လေ့ကျက်၊ တီးမှုတ်လျက်သာ၊ နေကောင်းစွာ”လို့ ဆိုထားတာ မှတ်သားဖူးပါတယ်။ လူသားတို့ ဘဝမှာ စာပေ၊ ဂီတ၊ အနုသုခုမ ပညာတွေနဲ့ နေပျော်အပ်တယ်လို့ စာဆို ဝန်ကြီးရဲ့ ဆိုလိုရင်းကို ယူဆမိပါတယ်။

စောင်းကို အခုအထိလည်း နိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗဲလ် ငြိမ်းချမ်းရေး ဆုယူတဲ့ အခမ်းအနားမှာတောင် မြန်မာ စောင်းနဲ့ ဖျော်ဖြေတာကို တွေ့ရပါသေးတယ်။

မြန်မာ စောင်းနဲ့ပတ်သက်ပြီး ဂျပန် နိုင်ငံမှာလည်း လူသိများစေတဲ့ ဝတ္ထုတပုဒ်ကို “မြန်မာ့စောင်း” (Biruma No Tategoto) အမည်နဲ့ပဲ ဂျပန် စာရေးဆရာ ထာကဲရာမမိကျိအို က ရေးသားခဲ့ပါတယ်။ ဒီဝတ္ထုကို အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရပြီး ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခဲ့လို့ ဂျပန်လူမျိုးတွေ အလွန် စိတ်ဝင်စားခဲ့ကြပါတယ်။ ဝတ္ထုကို ဂျပန် ဘာသာကနေ မြန်မာဘာသာ ပြန်ဆို ထုတ်ဝေ ထားတာလည်း ရှိပါတယ်။

မြန်မာ စောင်းဟာ လွန်ခဲ့တဲ့ ၁၁ ရာစု ပုဂံ ခေတ်ကတည်းက ရှိခဲ့တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။ ကျန်စစ်မင်း တည်ထားခဲ့တဲ့ ပုဂံ အာနန္ဒာ စေတီ အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတွေမှာ စောင်းကောက်ပုံ တပုံကို အစောဆုံးတွေ့ရှိရလို့ ပုဂံခေတ် ကတည်းက မြန်မာ နိုင်ငံမှာ စောင်း တူရိယာ ခေတ်စားခဲ့တယ်လို့လည်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလို သမိုင်းရာဇဝင်ရှိတဲ့ မြန်မာ စောင်း တလက်ကို နိုင်ငံတော်အဆင့် လက်ဆောင်ပေးတဲ့နေရာမှာ အသုံးပြုတာဟာ ရည်ရွယ်ချက် ရှိတယ်လို့ ဆိုရပါမယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ဝန်ကြီးချုပ်ကို လက်ဆောင်ပေးဖို့ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မရွေးချယ်ဘဲ ဘာဖြစ်လို့ ဂီတ တူရိယာ စောင်းကို ရွေးချယ်ခဲ့ရ တာပါလဲ။ စစ်သားကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ “စောင်း” တူရိယာ တီးခတ် တတ်သလား၊ မတတ်ဘူးလား၊ ဂီတ အနုပညာ ခံစားတတ်သလား၊ မခံစားတတ်ဘူးလား ဆိုတာတော့ မသိပါ။

တကယ်တော့ ထိုင်းနဲ့ မြန်မာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး၊ ငါးရာလောက် ကတည်းက ပဋိပက္ခတွေ ရှိခဲ့တဲ့အပြင် မြန်မာ ဘုရင်တွေက တိုက်ခိုက် သိမ်းပိုက်မှုတွေ ပြုလုပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အထင်အရှား ဆိုရင်တော့ အလောင်းမင်းတရား ဦးအောင်ဇေယျ (နန်းစံ ၁၇၅၂-၁၇၆၀) ကိုယ်တိုင် တိုက်ခိုက်ခဲ့ပါတယ်။ ဟံသာဝတီ ဘုရင် ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ကလည်း ယိုးဒယား (ထိုင်း) ကို သိမ်းပိုက် အောင်ပွဲခံပြီး အခု ချင်းမိုင်လို့ ခေါ်တဲ့ ဇင်းမယ်ကိုလည်း မြန်မာ လက်အောက်ခံ အနေနဲ့ အုပ်ချုပ်ခဲ့တဲ့ ရာဇဝင် သမိုင်းတွေ ဖြစ်ပွားခဲ့ပါတယ်။

ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေးကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်က စခဲ့တာ အခုနှစ်ဆိုရင် ၆၅ နှစ် ရှိပါပြီ။

ဒီ သံတမန်ဆက်ဆံရေး ကာလတွေအတွင်းမှာပဲ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၀၀ – ၂၀၀၂ ခုနှစ်ဝန်းကျင် မြန်မာ စစ်အစိုးရ လက်ထက်မှာတင်ပဲ နယ်စပ်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တင်းမာ မှုတွေ ရှိခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကဆိုရင် အဲဒီ ပြဿနာတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ၁၀ ကြိမ်မက လုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေအနေက ကမ္ဘာ့အလယ်မှာ အထီးကျန် နိုင်ငံတနိုင်ငံ ဖြစ်နေပြီး နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍ အသီးသီးမှာလည်း ထိုးဆင်းနေတဲ့အခြေအနေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွင်းကိုလည်း မြန်မာ ဘက် က ဒုက္ခသည်တွေ၊ အလုပ်သမားတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လူပေါင်း သန်းနဲ့ ချီပြီး ရောက်ရှိနေခဲ့တာ အခုအချိန် အထိ ပါပဲ။ အဲဒီလို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အများစုဟာလည်း အခက်အခဲ ဒုက္ခ မျိုးစုံ ကြုံတွေ့ကြရတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဘုရင်မင်းမြတ်က တော်ဝင် ဘွဲ့တံဆိပ် ချီးမြှင့် လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ထိုင်းအစိုးရနဲ့ လုပ်ငန်း ရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ် ပြောဆိုမှုတွေကြောင့်ပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီးပွားရေး ဝင်လုပ်နေပြီလား ၊ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတာလား ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက ဟောင်ကောင်မှာ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ဝန်ကြီး Yutthasak Sasiprapa တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပတ်သက်ပြီး တိတ်တဆိတ် ပြောဆိုခဲ့တယ်လို့ ယူဆရတဲ့ အသံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအသံဖိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့လူယုံတော်၊ စစ်တပ်ကိုထိန်းချုပ် ထားနိုင်တဲ့ အတွက် သြဇာ အာဏာနဲ့ ငွေကြေးချမ်းသာသူ၊ ဒါကြောင့် သူ့ကို အပိုင်စည်းရုံးထားနိုင်ရင် ထားဝယ်ဆိပ်ကမ်းကို ရရှိမှာဖြစ်တယ် ဆိုတဲ့ ပြောဆို ဆွေးနွေးချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အခု ၁ နှစ် ၂ နှစ်အတွင်းမှာကိုပဲ ထိုင်းဘက်က မြန်မာ ကို အရင်ကနဲ့ မတူတဲ့ ဆက်ဆံရေးမျိုးတွေ ရှိလာတာလည်း သတိထား မိပါတယ်။

ဒီလို အခြေအနေတွေနဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ “စောင်း”တလက် လက်ဆောင်နဲ့လည်း သက်ဆိုင်မှု ရှိလာနိုင်မလား ဆိုတာ တွေးတော စရာပါ။ ဂီတ တူရိယာ ပစ္စည်းတခုဟာ နူးညံ့မှု၊ သိမ်မွေ့မှု၊ ငြိမ်းချမ်းမှု အငွေ့အသက် တွေကို ရရှိစေတယ် မဟုတ်ပါလား။

ဒါကြောင့် အခုပေးအပ်လိုက်တဲ့ လက်ဆောင် ပစ္စည်းအရ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ်ဟာ အခုထက်ပိုမို ကောင်း မွန် လာမယ့် လက္ခဏာ တရပ်၊ သင်္ကေတ တခုလို့တော့ ယူဆရပါတယ်။ “မလျော့ မတင်း စောင်းကြိုးညင်း” ဆိုတဲ့ စကားလည်း ရှိပါတယ်။

ဒါပေမယ့် “ပိုးသာကုန် မောင်ပုံ စောင်း မတတ်” တို့၊ “ကျွဲပါး စောင်းတီး” တို့ ဆိုတဲ့ မြန်မာ စကားပုံ တွေကိုလည်း သတိရနေ မိပါတယ်။     ။

Loading