ရန်ကုန်မြို့ ၊ ရုပ်ရှင် အစည်းအရုံးမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့နဲ့ အကြိမ် (၅၀) မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ ကန်တော့ခံ ဘိုးဘွား ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။
ရုပ်ရှင် လောကသားတွေထဲက အသက် ၇၀ နှစ်နဲ့ အထက်ရှိတဲ့ သက်ကြီးဘိုးဘွား ၁၉၅ ဦးကို ကန်တော့ခံဖို့ ဖိတ်ကြား ထားပေမယ့် တချို့ ဘိုးဘွားတွွေက အကြောင်းမျိုးစုံကြောင့် မတက်ရောက်နိုင်ကြကြောင်း သိရပါတယ်။
အခမ်းအနားရှိတာကြောင့် ရုပ်ရှင်အစည်းအရုံးကို သွားတဲ့ လမ်းတလျှောက်မှာ ကားလမ်း ပိတ်ဆို့မှုက ဆိုးဆိုးရွားရွား ဖြစ်နေပါသေးတယ်။ အခမ်းအနားကို လာတဲ့ကားတွေက ရွှေဂုံတိုင်ဂုံးကျော်တံတား စီမံကိန်းလမ်းဘက်ကို ရှောင်ပြီး သွားနေရတာကြောင့် တဖက်ပိတ်လမ်းလိုမျိုး ဖြစ်ပြီး ကားလမ်းတွေ ပိတ်ဆို့နေတာကို တွေ့ရပါတယ်။
မြန်မာ့ ရုပ်ရှင်အစည်းအရုံးရဲ့ ဝင်ပေါက်နေရာကစလို့ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအချို့ရဲ့ စတုဒီသာ
မဏ္ဍပ်တွေ ရှိနေပါတယ်။ သရုပ်ဆောင်တွေကို အပြင်မှာ မြင်ချင်ကြတဲ့ သူအချို့ကလည်း ဝင်ပေါက်နေရာမှာ မတ်တပ်ရပ်စောင့်ပြီး ကြည့်နေကြသလို တချို့ကလည်း ဘယ်မင်းသားရဲ့ ရုပ်ရည်က အပြင်မှာ ကြည့်ကောင်းတယ်၊ ဘယ်မင်းသမီးကတော့ ဘယ်လို ပုံစံဝတ်စားလာတယ် ဆိုတာမျိုး ဝေဖန်နေကြပါသေးတယ်။ တချို့ ကတော့ သရုပ်ဆောင်တွေနဲ့ ဓာတ်ပုံတွဲရိုက်ကြသလို လက်မှတ်တွေ လိုက်ထိုးခိုင်းနေကြတဲ့ သူတွေလည်း တွေ့ရပါတယ်။
သရုပ်ဆောင်တချို့ကတော့ သူတို့နဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့ သူတွေကို ဝင်ပေါက် အနီးအနားမှာ တွဲဖက်ပြီး ဓာတ်ပုံ ရိုက်ပေးကြပေမယ့် အများစုကတော့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ရှောင်သွားကြပါတယ်။
ရုပ်ရှင်နေ့နဲ့ သက်ကြီးပူဇော်ပွဲကို သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
အပါအဝင် ဌာနဆိုင်ရာ ပုဂ္ဂိုလ်အချို့လည်း တက်ရောက်လာတာ တွေ့ရပါတယ်။
ရုပ်ရှင်နေ့ အခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက “ယနေ့ ရင်ဆိုင်နေရတဲ့ ရုပ်ရှင်လောက အခြေအနေကို ရုပ်ရှင်လောကသားများက သိရှိပြီး အနာဂတ်ကို မည်သည့် ပုံစံဖြင့် လက်ဆင့်ကမ်းပေးမည် ဆိုတာကို ကိုယ်စီ လေးလေးနက်နက် စဉ်းစားဖို့ လိုအပ်ပြီ” လို့ ပြောကြားသွားပါတယ်။
အခမ်းအနားကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ ဗိုလ်ကလေး (ဦး) တင့်အောင်၊ ဒေါ်မြင့်မြင့်ခင်နဲ့ ဒေါ်စံရှားတင်တို့က အထိမ်းအမှတ် ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။
ရုပ်ရှင် လောကသားတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ မြင့်မြင့်ခိုင်၊ ခိုင်သင်းကြည်၊ ခိုင်နှင်းဝေ၊ လူမင်း၊ အောင်ခိုင်၊
ရန်အောင်၊ ရဲအောင်၊ ဝေဠုကျော် စတဲ့ အနုပညာရှင်တွေအပြင် ကေကေမိုးမြင့်၊ အိချောပို၊ သန္တာဗို၊ စံရတီမိုးမြင့်၊ ယုသန္တာတင်၊ ခွန်းဆင့်နေခြည်၊ ထိုက်စံ စတဲ့ သရုပ်ဆောင်တွေ အပြင် တက်သစ်စ မော်ဒယ်အချို့လည်း တက်ရောက်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တွေနဲ့ လူကြမ်း သရုပ်ဆောင်တွေလည်း အများအပြား တက်ရောက်လာကြတာ တွေ့ရပါတယ်။
မြန်မာ့ရုပ်ရှင် လောကသားတွေရဲ့ (၅၀) ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ ပြုလုပ်တဲ့ ခန်းမတွင်းမှာတော့ အခမ်းအနား မစတင်ခင် နာရီဝက်လောက် ကတည်းက ကန်တော့ခံ ဘိုးဘွားတွေ အများစုက နေရာယူထားပြီး ဖြစ်နေတာ တွေ့ရပါတယ်။
ရုပ်ရှပ်လောကသား တွေထဲက အသက်အရွယ်ကြောင့် ရုပ်ရှင် မရိုက်တော့ဘဲ အနားယူသွားတဲ့ သူတွေ၊ အသက် အရွယ် ကြီးသွားပေမယ့်လည်း ဝါသနာတခုတည်းကြောင့် ဆိုပြီး ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ ဆက်လက် ရိုက်ကူးနေတဲ့သူတွေ၊ ဇာတ်ပို့ဇာတ်ရံ၊ ဒါရိုက်တာ၊ စာရေးဆရာတွေကိုလည်း ကန်တော့ခံ ဘိုးဘွားတွေအဖြစ် တွေ့မြင်ရပါတယ်။
စာနယ်ဇင်း လောကမှ ဝါရင့်စာနယ်ဇင်း သမားကြီးတဦးဖြစ်တဲ့ ရွှေနိုင်ငံ နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဖိုးသောကြာ၊ မောင်ဗမာ ဦးစိန်မောင် တို့ကိုလည်း ကန်တော့ခံ ဘိုးဘွားတွေအဖြစ် တွေ့ရပါတယ်။
ဒေါ်စံရှားတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးညွန့်ဝင်း၊ ဒေါ်နွဲ့နွဲ့စန်း၊ ဦးပလာတာ၊ ဦးစံမတူ၊ ဦးစောနိုင် (ရှမ်းပြည်)၊ ဒါရိုက်တာ မောင်ယဉ်ကျော်၊
ဦးမောင်မောင်တာ စတဲ့ သက်ကြီး အနုပညာရှင်များက ကန်တော့ခံ ဘိုးဘွားတွေအဖြစ် နေရာယူထားကြပါတယ်။
ရုပ်ရှင် မရိုက်ဖြစ်တာ ကြာနေတာက တကြောင်း၊ အခုလို အခမ်းအနားမှသာ တွေ့ရကြုံရတာက တကြောင်း ကန်တော့ခံ ပုဂ္ဂိုလ်တွေ အချင်းချင်း နှုတ်ဆက်ကြ၊ စကားပြောကြနဲ့ ရှိနေကြပါတယ်။
“အဘတို့က ရုပ်ရှင် သိပ်မရိုက်ရတော့ဘူး ဆိုတော့ ရုပ်ရှင်ရဲ့ ပင်စင် ခံစားရတဲ့ သဘောဖြစ်သွားတာပေါ့၊ လစဉ် ထောက်ပံ့ကြေး ရသလို နှစ်စဉ်လည်း ကန်တော့ခံရတယ်” လို့ သက်ကြီးကန်တော့ခံ ဝါရင့်လူရွှင်တော်ကြီး ဦးစံမတူက ဧရာဝတီကို ပြောပါတယ်။
သူက လက်ရှိ ရုပ်ရှင်လောက အနုပညာရှင် တချို့ရဲ့ သရုပ်ဆောင်မှုမှာ မပီပြင်တာတွေ အများကြီး တွေ့နေရတာကြောင့် လူငယ်တွေ အနေနဲ့ ကြိုးစားဖို့ လိုအပ်နေတယ်လို့ သူက သုံးသပ်ပါသေးတယ်။
“သက်ကြီးကန်တော့ပွဲ တက်ရတာ ၁၂ နှစ်ရှိပြီ။ နောက်တနှစ် ထပ်ကန်တော့ခံရလည်း ကောင်းတာပေါ့။ မရှိတော့လည်း မတတ်နိုင်ဘူးပေါ့၊ ဒီဘက်ခေတ် အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဘဘက သိပ်ပြီး မဝေဖန်ချင်ဘူး။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုနဲ့တော့ ဆန့်ကျင်တာ မလုပ်ကြနဲ့ပေါ့။ မြန်မာမျက်စိမှာ တင့်တယ်၊ မတင့်တယ်ဆိုတာ ကိုယ့်ကိုကိုယ် စဉ်းစားကြပေါ့” လို့ သက်ကြီးကန်တော့ခံ လူရွှင်တော်ကြီး ဦးပလာတာက ပြောပါတယ်။
ဦးပလာတာနဲ့ ဦးစံမတူတို့က အသက်အရွယ်အားဖြင့် ၈၀ ကျော်နေပြီ ဖြစ်ပေမယ့် ဝါသနာကြောင့် ရုပ်ရှင်ဇာတ်ကားတွေကို ခေါ်တဲ့သူရှိမယ်ဆိုရင် ဆက်လက် ရိုက်ကူးနေတုန်းပဲလို့ ပြောပြပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြောင့် ပေါ့ပေါ့ပါးပါးရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးနေတယ်လို့ ပြောပြကြပါတယ်။
မနက် ၁၀ နာရီ ခွဲလောက်မှာတော့ ရုပ်ရှင် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို စတင်ပါတယ်။ အခမ်းအနားကို တက်လာတဲ့ ကန်တော့ခံ ဘိုးဘွားတွေကို အမျိုးသမီး အနုပညာရှင်တချို့က တာဝန်ယူပြီး ကန်တော့ခံ ဘိုးဘွားတဦးချင်းစီ မိတ်ဆက်
ပေးပါတယ်။ ဦးမောင်မောင်တာ၊ ဒေါ်စန်းစန်းနွဲ့၊ ဦးစောနိုင် (ရှမ်းပြည်) စတဲ့ ကန်တော့ခံ သရုပ်ဆောင်ကြီးတွေကို မိတ်ဆက်ပေးချိန်မှာတော့ ဇာတ်ပို့၊ ဇာတ်ရံအများစုက လက်ခုပ်လက်ဝါးတီးပြီး အားရပါးရ အားပေးကြတာ တွေ့ရပါတယ်။
သက်ကြီးကန်တော့ခံ ဘိုးဘွားတွေကို ကန်တော့ဖို့အတွက် ကန်တော့ချိုးကို သရုပ်ဆောင် ဦးထူးသာက ရှေ့က ဆိုပြပါတယ်။ အဲဒီနောက်မှတော့ ကန်တော့ခံ ဘိုးဘွားတွေအတွက် အလှူငွေတွေ၊ အလှူပစ္စည်းတွေကို တဦးချင်းစီလိုက်ပြီး ပေးပါတယ်။
ကန်တော့ပွဲ မပြီးခင်မှာ Sky Net ရုပ်သံလိုင်းကလည်း ကန်တော့ခံ ဘိုးဘွားတွေ အားလုံးကို Sky Net ရုပ်သံလိုင်း စက်နဲ့ ခြောက်လ
အခမဲ့ ကြည့်ရှုခွင့် ကတ်တွေကို လှူဒါန်းတယ်လို့ အစီအစဉ် ကြေညာပေးတဲ့ သရုပ်ဆောင် ဦးအောင်ခိုင်က ကြေညာသွားပါတယ်။
ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို တက်လာတဲ့ ကန်တော့ခံ ဘိုးဘွားတွေကိုတော့ တဦးလျှင် ငွေကျပ် ၁ သိန်းနဲ့ ဆေးဝါး အပါအဝင်
အထွေထွေ အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။