ထိုင်းနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ် ကမ်းခြေမှာတွေ့တဲ့ ရုပ်အလောင်း ၁၃ လောင်းဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလို့ ယူဆရကြောင်း ထိုင်းရေတပ် ရဲတပ်ဖွဲ့က မနေ့တုန်းက ထုတ်ပြန်လိုက်ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ရှိ မြန်မာ အာဏာ ပိုင်တွေဟာ ဒီကနေ့ မနက်မှာပဲ အဲဒီရုပ်အလောင်းတွေကို သွားရောက် စစ်ဆေးပါတယ်။
အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး တဦးတို့ရဲ့ အလောင်းတွေကို ပင်လယ်ကမ်းခြေမှာ တွေ့ရှိကြောင်း ရနောင်းခရိုင်က ရေတပ် ရဲအရာ ရှိ တဦးဖြစ်သူ Nirat Chuayjit က AP သတင်းဌာနကို မနေ့က ထုတ်ပြန်ပြောဆိုအပြီးမှာ မြန်မာ အာဏာပိုင်တွေက အခုလို သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရနောင်းခရိုင် ဆေးရုံကြီးမှာ ထားရှိတဲ့ အဲဒီ့ ရုပ်အလောင်းတွေကို ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှု ကြီးကြပ် ရေး ဌာန(လဝက)၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့တို့ ကသွားရောက် စစ်ဆေးခဲ့ကြတာဖြစ်ပြီး ရုပ်အလောင်း အရေ အတွက် ကတော့ ၁၀ ဦးပဲ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေဘက်က ပြောပါတယ်။
ရုပ်အလောင်း သွားရောက်စစ်ဆေးမှုမှာ လိုက်ပါသွားတဲ့ ကော့သောင်းမြို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲအုပ် မင်းခိုင် က “ကျနော်တို့ ဆေးရုံကို ရောက်ပြီးပါပြီ၊ ဒီ (ရနောင်းခရိုင် ဆေးရုံကြီး) ကို ရောက်လာတာကတော့ အမျိုးသား ၉ ယောက်၊ အမျိုးသမီး တစ်ယောက်ပါ၊ ရုပ်တွေကတော့ ပျက်စီးနေပါပြီ၊ ဒါကြောင့် ပါလာတဲ့ မှတ်ပုံတင် အထောက်အထားတွေကို လဝက က စစ်ဆေးနေပါတယ်၊ မကွေးတိုင်းက တယောက်ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
သေဆုံးသူတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လဝက တို့က စုံစမ်း၊ စိစစ်ဆဲ ဖြစ်ပြီး သေဆုံးသွားရခြင်း အကြောင်းအရင်း ကို တော့ အသေအချာ မသိရသေးတဲ့ အတွက် အတည်မပြုနိုင်သေးဘူးလို့လည်း ပြောတယ်။
“သေဆုံးမှုကတော့ ထိုင်းရေပိုင်နက်မှာ ဖြစ်တဲ့အတွက် ဘာကြောင့်၊ ဘယ်လို သေတယ်ဆိုတာ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး၊ လောလောဆယ်တော့ ရတဲ့ အချက်အလက်အပေါ်မှာ မူတည်ပြီးတော့ နေရပ်ရင်းက မိဘတွေနဲ့ ဆက်သွယ် ပေးနိုင်အောင် ကြိုးစားသွားမှာပါခင်ဗျ”လို့ ရဲအုပ် မင်းခိုင် က ပြောပါတယ်။
ရနောင်းခရိုင် ရေတပ် ရဲအရာရှိ Nirat Chuayjit ကတော့ သေဆုံးသူဟာ စုစုပေါင်း ၁၃ ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရာသီဥတု ဆိုးရွားတဲ့ အတွက် လှေမှောက်ပြီး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ယူဆကြောင်း၊ လှေအတွင်း စီးနင်းလိုက်ပါလာသူနဲ့ သေဆုံးသူ စုစုပေါင်း အရေအတွက်ကိုတော့ အတိအကျ မသိရသေးကြောင်းလည်း ပြောပါတယ်။ သာမန်အားဖြင့်တော့ လှေတွေမှာ လူ ၃၀ လောက် စီးနင်းလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အသက်ရှင် ကျန်ရစ်သူတွေအနေနဲ့လည်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ကြုံတွေ့ရမယ့် ဥပဒေအရ အရေးယူဆောင်ရွက်ခံရမှာကို စိုးရိမ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေကို ဆက်သွယ်လာဖွယ် မရှိဘူးလို့လည်း Nirat က ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာမှမကြားသိရသေးဘူးလို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ သံရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး ကြပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်ပုံစံဖြင့် ဝင်ရောက် လာသူတွေ ရှိသလို ငွေကြေး ကြပ်တည်းမှု၊ တရားဝင် လက်မှတ် လုပ်ကိုင်ရတဲ့ ခက်ခဲမှု စတာတွေကြောင့် နယ်စပ် အပေါက်တွေကနေ နေ့စဉ်နဲ့ အမျှ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ထွက် သွားလာနေတာတွေ ရှိနေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (MAT) ရဲ့ တာဝန်ခံ ဦးကျာ်သောင်း က ဧရာဝတီ ကိုပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်းကနေ ၃ သန်းအကြားမှာ ရှိတယ်လို့ သိရပြီး ၂၀၁၀ ပြည့်နှစ်က စတင်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ မြန်မာနိုင်ငံသားတွေကို ယာယီနိုင်ငံကူး လတ်မှတ်တွေ လုပ်ပေးခဲ့ရာမှာ ၁ သန်း ၇ သိန်း နီးပါးရှိပြီလို့ သိရပါတယ်။