မူးယစ်ရာဇာနှင့် ဆက်နွှယ်ပြီး မန္တလေး စည်ပင် အရာရှိဟောင်း တဦးကိုပါ ဖမ်းမိ
This article has been converted from Zawgyi One to Unicode
မန္တလေးတွင် မူးယစ်ရာဇာတဦးကို ဖမ်းဆီးမိရာမှ ၎င်းနှင့် ဆက်နွှယ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသည့် စည်ပင် အရာရှိဟောင်းတဦးကို ဖော်ထုတ် ဖမ်းဆီးခဲ့မိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သိရသည်။
လွန်ခဲ့သည့် ၂ နှစ်က မန္တလေး စည်ပင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနတွင် ဦးစီးမှူးတာဝန် ထမ်းဆောင်ခဲ့သည့် ဦးခင်မောင်ဆွေကို လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ (မူးယစ်/ စိတ်) ပုဒ်မ ၁၆ (ခ)၊ မယ (ပ) ၂/ ၂၀၁၃ ဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူထားသည်။
ဦးခင်မောင်ဆွေသည် လက်ရှိတွင် အငြိမ်းစားယူထားပြီး ဖြစ်ကာ ၎င်း စည်ပင်တွင် တာဝန်ထမ်းဆောင်သည့် အချိန် ကတည်းကပင် မူးယစ်ဆေးဝါးများ သုံးစွဲနေရုံသာမက၊ ရောင်းဝယ်မှုများကိုပင် လုပ်ဆောင်နေခဲ့ကြောင်း စည်ပင် အသိုင်းအဝန်းတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်း ဖမ်ဆီးနိုင်မှုများ မပြုလုပ်နိုင်ခဲ့ပေ။
အောက်တိုဘာ ၁၁ ရက်နေ့က မူးယစ်ဂိုဏ်း ခေါင်းဆောင် ဦးဇော်ဝင်းနိုင်ကို ဖမ်းဆီးခဲ့မိရာမှ ၎င်း၏ ဖော်ထုတ်ခဲ့မှုကြောင့် စည်ပင် အရာရှိဟောင်း၏ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ်မှု သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ဒုရဲတပ်ဖွဲ့မှူး ဦးအောင်ရွှေက ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်ဆွေ နေထိုင်သည့် ချမ်းအေးသာစံမြို့နယ် ယာဉ်ပျံ ရပ်ကွက်ရှိ ရတနာတိုင်းပြည် အိမ်ယာဝင်းအတွင်း အမှတ် ၃၈ နေအိမ်ကို တိုင်းရဲတပ်ဖွဲ့နှင့် မူးယစ်အဖွဲ့တို့ ပူးပေါင်း ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ လက်ဝယ် မတွေ့ရှိခဲ့ကြောင်း၊ သို့ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေး မေးမြန်းခဲ့ရာ ဦးခင်မောင်ဆွေသည် ပြီးခဲ့သည့် ဧပြီလက ဆူဒိုအက်ဖဒရင်း ဆေးပြားများ ပါသည့် ဆာလာအိတ် ၄၀ ကျော်ကို စည်ပင်မှ ကားကို ငှားရမ်း၍ ကြာနီကန် သုဿာန်ရှိ ဆေးရုံစွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာ နေရာတွင် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ စစ်ချက်တွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ဧပြီလက ကြာနီကန် သုဿာန်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ စွန့်ပစ်မှုကို တရားခံ ဖော်ထုတ်နိုင်မှု မရှိခဲ့ သော်လည်း ယခုမှ ထိုတရားခံကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ဦးခင်မောင်ဆွေသည် မန္တလေးစည်ပင်တွင် ရုံးတွင်းပြဿနာများ ဖြစ်ပွားခဲ့ရုံသာမက မူးယစ်ဆေးဝါးများ သုံးစွဲနေသည် ဟူသော ယူဆချက်များနှင့် ဌာနမှူးတဦး၏ တာဝန်ကို လစ်ဟင်းခဲ့မှုကြောင့် မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက အငြိမ်းစားပေးပြီး အနားယူခိုင်းခဲ့ခြင်း ဖြစ်ကြောင်း စည်ပင် အသိုင်းအဝန်မှ သိရသည်။
မူးယစ်ရာဇာ ဦးဇော်ဝင်းနိုင်ကို ၎င်းတည်းခိုရာ ရွှေဖြူဟိုတယ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့် ဆက်စပ်၍ တရားခံ ၁၂ ဦးကို ဖမ်ဆီးမိခဲ့သည့် အပြင် WY စိတ်ကြွရူးသွပ်ဆေးပြား ၅၉၆ ပြားနှင့် ဆူဒိုအက်ဖဒရင်း ၈၀၁၀၀ ပြား အပါဝင်
ဆေးပြားများ၏ တန်ဖိုး ၁၂၅၉၃၉၂၀ ကျပ်၊ ငွေစက္ကူ ၂၆၉၇၃၃၇၂၀ ကျပ်၊ ကျောက်စိမ်း အရိုင်းတုံး ၉၁ တုံး၊ ရွှေဗြုန်းအိတ် ၂၉ အိတ်၊ မော်တော်ကား ၆ စီး၊ ဆိုင်ကယ် ၃ စီး၊ ဖုန်း ၁၇ လုံး သိမ်းဆည်း ရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ စစ်ချက်တွင် ဖော်ပြ ထားသည်။