ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိ
This article has been converted from Zawgyi One to Unicode
မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စနေနေ့က တရုတ်နိုင်ငံ ချန်ဒူး မြို့သို့ ရောက်ရှိကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက တရုတ်ပြည်သို့ သွားရောက်ခြင်း ဖြစ်ပြီး ချန်ဒူး လေဆိပ်၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ညွှန်ကြားရေးမှူးချုပ် Major General Guan Youfei နှင့် ချန်ဒူး စစ်ဒေသ ဒုတိယ စစ်ဦးစီးချုပ် Major General Zhang Bin စသည့် တာဝန်ရှိသူတို့က ကြိုဆိုကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက်ပိုင်း ဒုတိယအကြိမ် တရုတ်ပြည်သို့ သွားရောက်ခြင်းဖြစ် ပြီး၊ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ်မြထွန်းဦး၊ ဗိုလ်ချုပ်စိုးသိန်း၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ်တင်အောင်စန်း၊ စစ်ဦးစီး အရာ ရှိချုပ်(လေ) ဗိုလ်မှူးချုပ်လွင်ဦး၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ် ဆန်းဦး တို့လည်း လိုက်ပါသွားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပထမ အကြိမ် တရုတ် ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက သွားရောက်ခြင်း ဖြစ်သည်။
မြန်မာ တပ်မတော်နှင့် နီးစပ်သူများက ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူပြီး နောက်ပိုင်း မြန်မာတပ်မတော်သည် အမေရိကန်၊ ဗြိတိန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်နေရာ ယခုကဲ့သို့ တရုတ်ပြည်သို့ သွား ရောက်ခြင်းက ထူးခြားချက်တခုဟု ယူဆကြသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက“အခုဟာက တပ်နဲ့ အမေရိကန်နီးစပ် လာ တာကို တရုတ်ဘက်က အင်မတန် စိုးရိမ်တဲ့အတွက်သွားရှင်းတာ”ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်တို့ ဆွေးနွေးခဲ့ သော်လည်း ကလေးစစ်သားအရေးကြောင့် စစ်ရေးအကူအညီပေးရန်ကိုမူ ရပ်ဆိုင်းထားဆဲဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်တွင် မြန်မာပြည်နှင့် နယ်နိမိတ်ချင်း ကပ်လျက်ရှိသည့် ချန်ဒူးစစ်ဒေသမှူး ဒု ဗိုလ်ချုပ်ကြီး Li Zuochengနှင့် တွေ့ဆုံခဲ့သေးသည်ဟု လည်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ချန်ဒူးစစ်ဒေသသည် ယူနန်၊ လင်ချန်၊ ကွေ့ကျိုး၊ ချုံချင်း၊ ကွမ်းရှီးစစ်ဒေသများဖြင့် ဖွဲ့စည်းထားသည့် အနောက်တောင် နယ်စပ် စစ်ဒေသကြီးဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှင့် မြန်မာတပ်မတော်အကြား တင်းမာမှုများ ဖြစ်ပွားစဉ်က ချန်ဒူး စစ်ဒေသကြီးမှ ဒုတိယဗိုလ်ချုပ်ကြီး အိုက်ဟူယောင် (Ai Husheng) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့လာရောက်ကာ တိုင်းရင်းသားများ ကိစ္စကို ဆွေးနွေးခဲ့ဖူးသည်။
တရုတ်- မြန်မာနယ်စပ်ရှိ ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာတပ်မတော်အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် ချန်ဒူးစစ်ဒေသမှူးနှင့် တွေ့ဆုံခြင်းဖြစ်သည်။
“ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင်စိုးတို့ ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်စိုးတို့ ပါကတည်းက မြောက်ပိုင်းနဲ့ အရှေ့မြောက်နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုတာက အသေအချာပါပဲ”ဟု ဦးအောင်ကျော်ဇောက သုံးသပ် သည်။
မကြာသေးမီက ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကျင်းပသော ကချင် လွတ်လပ်ရေး အဖွဲ့(KIO)နှင့် အစိုးရ ငြိမ်းချမ်းရေး ကော် မတီ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ဒုတိယ ဗိုလ်ချုပ်ကြီး မြင်စိုးဦးဆောင်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုဝင်ဘာလအတွင်း တနိုင်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည်ဟု ရည်မှန်း ထားပြီး ကချင်လွတ်လပ်ရေး တပ်မတော်(KIA) အပါအဝင် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၊ UWSA ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ နှင့် လည်း ဆွေးနွေးလျက် ရှိသည်။
ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်၏ ဗဟိုစစ်ကော်မရှင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပြီး၊ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် တရုတ်ပြည်တွင် ရောက်ရှိနေသည့် ပညာတော်သင်များနှင့် လည်း တွေ့ ဆုံမည်ဟု ရေးသားထားသည်။