သတင်း

ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ် နှင့် စစ်ကိုင်းတွင် ဗုံးများ ပေါက်ကွဲ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများဟိုတယ်၊ စစ်ကိုင်းမြို့လယ်ရှိ ရွှေပြည့်စုံတည်းခိုခန်း၊ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် စေတီ အနီးတွင် ကားရပ်နားကွင်းတွင် ဗုံးများ နာရီခြား ပေါက်ကွဲကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၄ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများဟိုတယ်တွင် ၉ လွှာ၊ အခန်း အမှတ် ၉၂၁ တွင် ဗုံးပေါက်ကွဲမှု တရပ်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယင်းဟိုတယ်တွင် တည်းခိုနေထိုင်သူ အမေရိကန် နိုင်ငံသူ အသက် ၄၃ နှစ်အရွယ် Mrs.Piaiorst ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း ဟိုတယ် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ၃ ဦးကို ခေါ်ယူစိစစ်လျက်ရှိကြောင်း၊ ဗုံးပေါက်ကွဲရာ ဟိုတယ်ခန်းအတွင်း တည်းခို နေထိုင် ခဲ့သူများ နှင့် ဟိုတယ်အဝင်အထွက် လူများကို CCTV ကင်မရာမှတ်တမ်းများ စစ်ဆေးလျက်ရှိပြီး ရန်ကုန်မြို့လုံခြုံရေးကို အထူး မြှင့်တင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်က ပြောဆိုသည်။

အောက်တိုဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်း ၃ နာရီခွဲ စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံတည်းခိုခန်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဆွမ်းဦးပုညရှင် စေတီအနီးကားရပ်နားကွင်းတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို စစ်ဆေးလျက်ရှိပြီး လုံခြုံရေးတိုးမြင့်ထားကြောင်း၊ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဗုံး အမျိုး အစား ကို တပ်မတော်အင်ဂျင်နီယာတပ်ရင်း က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း၊ ဗုံးပေါက်ကွဲမှုများတွင် လူထိခိုက် သေဆုံးမှု မရှိကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှ ရဲအုပ် ပေါ်ထွန်းက ဧရာဝတီသို့ ပြောကြားသည်။

“ရွှေပြည့်စုံ တည်းခိုခန်းမှာက ပရိဘောဂခုံတချို့နဲ့ မီးချောင်းတချို့ပျက်စီးသွားတယ်။ ဆွမ်းဦးပုညရှင်ကတော့ ကားရပ်ထားတဲ့နေရာမှာပါ။ အဲဒီနားက သံပန်းလေးတွေ ထိခိုက်သွားတယ်။ ဖြစ်စဉ်နှစ်ခု စလုံးမှာ လူထိခိုက်မှု မရှိပါဘူး´´ဟု ရဲအုပ်ပေါ်ထွန်းက ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီခွဲခန့်ကလည်း ရန်ကုန်မြို့ မဟာဗန္ဒုလလမ်းနှင့် ၃၈ လမ်းထောင့် City Star ကွန်ပျူတာဆိုင်ရှေ့တွင် ချထားသော စည်ပင်အမှိုက်ပုံးတွင် ဗုံးလန့်မှု တရပ်ဖြစ်ပွားခဲ့သည်။

Loading