၁- အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့သည်။ ၂-အောက်တိုဘာ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ၁၇ ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ကိုနေမျိုးကျော် နှင့် အသက် ၂၄ နှစ်အရွယ် မယုခိုင် သေဆုံးသွားကာ အသက် ၂၇ နှစ်အရွယ် မငြိမ်းသီတာမှာ ဒဏ်ရာရရှိခဲ့သည်။ ၃-အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၀၀ နာရီ ၁၅ မိနစ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ စော်ဘွားကြီးကုန်း အဝေးပြေးကွင်းဝင်းရှေ့၊ ရန်ကုန်-ပြည်လမ်းမဘေး ကားမှတ်တိုင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သည်။ ယင်းနေရာနှင့် မလှမ်းမကမ်းတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးတလုံးကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သည်။ ၄-အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နှင့် သာကေတ မြို့နယ် ကြားရှိ ယမုံနာ လမ်းမဘေးတွင် ချိန်ကိုက်ဗုံးတလုံးပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မောင် ထက်အောင်နိုင်နှင့် မောင်ဝင်းမင်းထွေး တို့ ၂ ဦး လက်နှင့်ခြေထောက်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေရာတွင်ပင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ယမ်းတတုံး၊ ချိန်ကိုက်နာရီတလုံးနှင့် အဖြူနှင့်အဝါကျား ဝါယာကြိုးခွေများကို သက်ဆိုင်ရာ တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။ ၅-အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းမ ဘေးရှိ Western Park Ruby စားသောက်ဆိုင်တွင် ချိန်ကိုက်မိုင်းတလုံးတွေ့ရှိခဲ့သည်။ ၆-အောာက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့် မန္တလေးမြို့၊ ကျုံးအနောက်ဘက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်အနီးတွင် ချိန်ကိုက်ဗုံးတလုံးတွေ့ရှိခဲ့ပြီး စနက်တံဖြုတ်မရ၍ သက်ဆိုင်ရာ က အချိန်မီ ဖောက်ခွဲဖျက်စီးခဲ့သည်။ ၇-အောက်တိုဘာ ၁၄ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်ကြီးများဟိုတယ် ကိုးလွှာ၊ အခန်းအမှတ် ၉၂၁ တွင် ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက် ၄၃ နှစ်အရွယ် Mrs.Piaiorst ဆိုသူ အမေရိကန်နိုင်ငံသူတဦး ဒဏ်ရာရရှိခဲ့သည်။ ၈-အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၃ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေပြည့်စုံ တည်းခိုးခန်း တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရှိရသည်။ ၉-အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၊ ကားရပ်နားကွင်းတွင် ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရှိရ သည်။