မြန်မာနိုင်ငံ အနှံ့ ဗုံးပေါက်ကွဲမှုကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းမည်ကို စိုးရိမ်သောကြောင့် ခရီးသွားများအတွက် လုံခြုံရေးကို တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုင်းအုန်းကျော်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အခု လုံခြုံရေးအနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်။ ဟိုတယ် လုံခြုံမှု ရှိအောင်လည်း လုပ်ငန်းရှင်တွေနဲ့ တင်းကျပ် ဆောင်ရွက်သွားမယ်။ ဗုံးပေါက်ကွဲမှုကိစ္စဟာ ခရီးသွားဧည့်သည် ဝင်ရောက်မှုကို အဟန့်အတား ဖြစ်စေပါတယ်” ဟု ဒု ဝန်ကြီး ဦးစိုင်းကျော်အုန်းက ဆိုသည်။
ယခုရက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင်း ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း၊ တိုင်းပြည် မသာယာမှုနှင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု၊ တိုင်းပြည်ရှိ ကူးစက်ရောဂါပျံ့နှံ့မှု စသည်တို့ကြောင့်လည်း ခရီးသွားများ လျော့ကျစေနိုင်ကြောင်း၊ မြန်မာပြည်တွင် ၃ နှစ်အတွင်း တိုင်းပြည် သာယာမှုကြောင့် ခရီးသွားလာမှု တိုးတက်လာသော်လည်း ယခုကိစ္စကြောင့် ပြန်လည် လျော့ကျသွားစေနိုင်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဒီလိုဖြစ်လာရင်တော့ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှု ထိခိုက်နိုင်သလို တိုင်းပြည်စီးပွားရေးလည်း ထိခိုက်နိုင်ပါတယ်။ဆက်ပြီး အန္တရာယ်တွေ မဖြစ်အောင် ဆက်ထိန်းရမယ်။ အခုလောလောဆယ်တော့ Booking ဖျက်တာတွေ မရှိသေးဘူး” ဟု ဦးတင်ထွန်းအောင်က ဆက်ပြောသည်။
လက်ရှိ အခြေအနေကြောင့် ခရီးသွားဧည့်သည်များ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေကြောင်း၊ ဟိုတယ် ဝင်ပေါက်များကို လုံခြုံရေးတင်းကျပ်စွာ စစ်ဆေး ဆောင်ရွက်သင့်ကြောင်း၊ ဧည့်သည်များ သွားလာ လည်ပတ်သည့်အခါလည်း သတိ၊ ဝီရိယဖြင့် သွားလာကြရန်၊ သက်ဆိုင်ရာမှလည်း ပြည်သူအများ သွားလာသည့် နေရာကို လုံခြုံရေး ချထားပေးသင့်ကြောင်း ဦးတင်ထွန်းအောင်က ဆိုသည်။
အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ဦးစိုင်းရီကျောက်က “ခရီးသွားလာမှုက ထိခိုက်နိုင်တာပေါ့။ ဧည့်သည် တဝက်လောက် ပြုတ်ကျသွားနိုင်တယ်။ ကုန်သည်ကြီးများ ဟိုတယ် ကိစ္စ အင်တာနက်မှာ ဖြန့်ရင်တော့ ခရီးသွားလာမှုက ပိုဆိုးရွားမှာပါ” ဟု ပြောသည်။
ကမ္ဘာလှည့် ခရီးသည် လုံခြုံရေးအတွက် လုံခြုံရေး ကင်မရာ CCTV များကို အများအပြား တပ်ဆင်သင့်ကြောင်း၊ အဝင်အထွက်တွင်လည်း လိုအပ်သည့် စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်သင့်ကြောင်း၊ ခရီးသွားဧည့်သည် အများအပြား သွားရောက် လည်ပတ်သည့် နေရာများကိုလည်း လုံခြုံရေး တင်းကျပ်စွာ တာဝန်ယူသင့်ကြောင်း ဦးစိုင်းရီကျောက်က ဆိုသည်။
“ခရီးသွားဧည့်သည်တွေက တိုင်းပြည်က ဘယ်လောက်အထိ လုံခြုံမှုရှိလဲ၊ ဘယ်လောက်အထိ ပြဿနာတွေ တက်နေကြလဲ ဆိုတာ နားထောင်ပြီး လာကြတယ်။ ဒီလို လုံခြုံမှု မရှိရင်တော့ ခရီးသွားဧည့်သည် ထိခိုက်မှုမျိုး ကြုံနိုင်ပါတယ်” ဟု ဂျပန် ဧည့်လမ်းညွန် ဒေါ်တင်နွယ်အေးက ပြောသည်။
ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေလျှင် ခရီးသွားဧည့်သည် ဝင်ရောက်မှု အလာအလာ မကောင်းနိုင်ကြောင်း၊ ဧည့်သည်များ သွားလာတတ်သည့် နေရာကို ပစ်မှတ်ထား လုပ်ဆောင်နေသဖြင့် ခရီးသွားများ အဟန့်အတား များစွာဖြစ်နိုင်ကြောင်း၊ ဆီးဂိမ်း အားကစားပွဲတော် နီးကပ်လာသဖြင့် လုံခြုံရေးကို ယခင်ကထက် ပိုပြီး ယူသင့်ကြောင်း ဒေါ်တင်နွယ်အေးက ဆိုသည်။