၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးစီးတည်ထောင်မည့် ၈ လေးလုံး အထိမ်းအမှတ် အမြဲတမ်းပြတိုက်တခု တည်ဆောက်ရေး အတွက် နည်းပညာနှင့် ငွေကြေးအကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသော ၈ လေးလုံး အထိမ်းအမှတ် ပြတိုက်အတွက် မ တည်ငွေ ကျပ်သိန်း ၂၀၀ သာရှိကြောင်း၊ ပြတိုက်မတိုင်ခင် အမြဲတမ်း ပြသထားနိုင်သော ပြခန်းတခု ရန်ကုန်မြို့လယ် တနေရာရာတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း၊ အောက်တိုဘာ ၁၄ ရက် နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြတိုက် တည်ဆောက်ရေး ကော်မတီမှ ဦးဇော်သက်ထွေးက ပြောသည်။
ထို့အပြင် ပြတိုက် မဖြစ်ခင် အစပျိုးသည့်အနေဖြင့် ၈၈ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု၌ ပြသခဲ့သော မှတ်တမ်းများကို အခြေခံ ပြသမည်ဖြစ်ကြောင်း၊ သမိုင်းဆိုင်ရာ အချက်အလက်နှင့် မှတ်တမ်းများကို ထပ်မံ စုဆောင်းသွားမည် ဖြစ်ပြီး၊ အထင်ကရ ဖြစ်ရပ်များအပြင် မထင်မရှား သေဆုံးသွားကြသူများလည်း ရှိမည် ဖြစ်သောကြောင့် သမိုင်း မှန်ကန်မှု ရှိရန်အတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ရန် လိုကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့က ၈၈ မှာ တကယ့်ကို ခံစားလိုက်ကြရတဲ့ မိသားစုတွေ အနေနဲ့ ကိုယ့်ရဲ့ ဖြစ်ရပ်တွေကိုလည်း ပေးပို့လိုက ပေးပို့လို့ ရပါတယ်။ ဒါပေမယ့် သမိုင်း အချက်အလက်တွေ မမှားရအောင် တွေ့ဆုံ မေးမြန်းတာမျိုး၊ တခြား အထောက်အထားတို့နဲ့ နှိုင်းယှဉ်ပြီးတော့ တကယ့်ကို မှန်ကန်ဖြစ်ရပ်အထိ ရောက်အောင် ကြိုးစားသွားပါမယ်” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
ယင်း ပြခန်းတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် ပတ်သက်သော သမိုင်းဆိုင်ရာ အထောက်အထားများ၊ ဓာတ်ပုံ မှတ်တမ်းများ၊ ရုပ်ရှင်ပြကွက်များ၊ စာအုပ် စာတမ်းများ၊ သတင်းစာများတွင် ရေးသားဖော်ပြခဲ့သော မှတ်တမ်းများ ခင်းကျင်းပြသ ထားမည် ဖြစ်ကြောင်း၊ သမိုင်းဆိုင်ရာ အထောက်အထားများ စုဆောင်းထားသူများ အနေဖြင့် မိမိတို့ထံ ပေးပို့ပေးကြရန် ၈၈ မျိုး ဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။
“ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းနဲ့ ပက်သက်ရင် ၁၉၆၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှု သမိုင်းမှတ်တမ်းတွေက အစ ကနေ့အထိ ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းတွေကို ပြသထားမယ်။ အဲဒီအတွက်လည်း မှတ်တမ်းမှတ်ရာတွေ၊ အချက်အလက်တွေ တကယ်လို့ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ဆီကို ပေးပို့ပေးပါ။ တချိန်မှာ ဖြစ်လာမယ့် သမိုင်းပြတိုက် အတွက် အချက်အလက်တွေ စုပြီး ကျနော်တို့က ဒီမိုကရေစီနဲ့ ပက်သက်လို့ အထိမ်းအမှတ် အဆောက်အအုံ တခုအထိ ဖြစ်ပေါ်လာအောင် စဉ်းစားထားတယ်။ ပြတိုက်အထိ စဉ်းစားထားတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယား၊ ဂျပန်၊ ဂျာမနီနိုင်ငံများတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ပြတိုက်များ ထားရှိသကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း ပြတိုက်ထားရှိရန် စိတ်ကူးရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းမှတ်တိုင် ပြခန်းစမခင် လက်ရှိ ဖြစ်နိုင်သော နေရာမှ စတင် လုပ်ဆောင်နေပြီ ဖြစ်၍ ပြည်သူများ ပူးပေါင်း ပါဝင်ရေးက အထူး အရေးပါကြောင်း ဦးဇော်သက်ထွေးက ဆိုသည်။
မိမိတို့နိုင်ငံတွင် အာဏာရှင် ခေတ်ဆိုးအောက်က ဖြစ်ရပ်များကို ပြန်လည်ဖော်ထုတ်ခြင်းသည် နောက်နောင် ခေတ်များတွင် ထိုကဲ့သို့ ဖြစ်ရပ်ဆိုးများ ထပ်မံ မကြုံတွေ့ရစေရန် ဖြစ်ကြောင်း၊ လက်ရှိ အစိုးရ၏ သဘောထား ပြောင်းလဲလာမှုကို ဆုတ်ကိုင်ပြီး ပြတိုက်ဖြစ်သည် အထိ တလှမ်းချင်း သွားရမှာ ဖြစ်ကြောင်း၊ ပြတိုက်တွင် မည်သည့် ကဏ္ဍများ ထည့်သွင်းသွားမည်ကို ပြတိုက်ကော်မတီ ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လိုအပ်တဲ့ ပစ္စည်းတွေ စုမယ်ဆိုရင်တော့ ရနိုင်ပါတယ်။ အခုလည်း တဖြည်းဖြည်းနဲ့ ဓာတ်ပုံတွေက အစ ထွက်လာတယ်။ အတိတ်မှာ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတဲ့ဟာတွေကို နောက်လူတွေကို အသိပေးတာပေါ့။ ဒီလိုဖြစ်ရပ်မျိုးကို နောင်အစိုးရ တွေလည်း မလုပ်ရဲတော့ဘူး ပေါ့။ ဒီလိုလုပ်ခဲ့မယ် ဆိုရင် ဒီလိုတရားခံတွေ ဖြစ်ကုန်မယ်၊ အမိန့်ပေးတိုင်း မလုပ်ရဲတော့ဘူးပေါ့။ အဲဒီအပြင် ပြည်တွင်းစစ်တွေမှာ ရွာတွေ မီးရိူ့ခံရတာ၊ တိုင်းရင်းသားဒေသတွေမှာ မတော် မတရား ဖြစ်ခဲ့တာတွေလည်း ဖော်ပြပေးစေချင်တယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးမိုးသီးဇွန်က ဆိုသည်။