တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စသည့် ခေါင်း ဆောင်များကိုယ်တိုင် ပါဝင်လက်မှတ်ထိုးပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တောင်းဆိုလိုက်ကြောင်း သိရသည်။
ထို့အတူ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့၏ ဥက္ကဋ္ဌ များနှင့် တရားသူကြီးချုပ် ကိုယ်တိုင်လည်း ပါဝင်၍ လက်မှတ်ထိုး ရမည် ဖြစ်ကာ ထိုပုဂ္ဂိုလ် ၅ ဦး အနက် တဦးဦးက လက်မှတ်မထိုးလျှင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ အောင်မြင်မှု မရှိဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) က ပြောသည်။
လက်မှတ်ရေးထိုးပွဲ မလုပ်ဆောင်မီ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း အစိုးရက ကြေညာပေးရန်လည်း UNFC က တောင်းဆိုထားသည်။ UNFC နှင့်အဖွဲ့ဝင် မဟုတ်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အရေးပေါ် ဆွေးနွေးပွဲ တခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောက်တိုဘာလ ပထမပတ်အတွင်း ပြုလုပ်ခဲ့ပြီး အထက်ပါ အချက်များကို သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“လက်မှတ်မထိုးခင် တနိုင်ငံလုံး အပစ်အခတ်ရပ်လိုက်ပြီ ဆိုတာကို အစိုးရက ကြေညာပေးရမယ်၊ ပြီးရင် ခေါင်းဆောင်တွေ ကိုယ် တိုင် လက်မှတ်ထိုးရမယ်၊ အသိသက်သေအဖြစ် နိုင်ငံတကာ နဲ့ ပြည်တွင်းက ခေါင်းဆောင်တွေ ရှေ့မှောက်မှာ လက်မှတ်ထိုးဖို့ လိုအပ်ပါတယ်၊ ဒီလိုလုပ်ပေးဖို့ တောင်းဆိုရတာက အစိုးရ အပေါ်မှာ ယုံကြည်မှု အပြည့်အ၀ မရှိသေးလို့ ဖြစ်ပါတယ်”ဟု UNFC ၏ ဒု ဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါ က ဧရာဝတီ ကို ပြောသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမည့် နိုဝင်ဘာလအတွင်း ပြုလုပ်နိုင်ရန် အစိုးရဘက်က ဆောင်ရွက် နေသည်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) တို့နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များ အကြားလည်း အပစ်ရပ် လက်မှတ် ထိုးနိုင်ရန် ဆွေးနွေးနေကြကြောင်း သိရသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် အစိုးရဘက်က ပါဝင်မည့် အချက်များကို ရေးဆွဲထားပြီးဖြစ်ကာ တိုင်းရင်းသား အဖွဲ့များ နှင့် ညှိနှိုင်းဆွေးနွေးပြီးပါက တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ဧရာဝတီ ကို ပြောသည်။
ထို့အတူ ကုလသမဂ္ဂအဖွဲ့မှ ကိုယ်စားလှယ်များ၊ အမေရိကန် သမ္မတဟောင်းများ၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်းများနှင့် ဥပရောပ စသည့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ပြည်တွင်းမှ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် စသည့်ခေါင်း ဆောင် များကိုလည်း အသိသက်သေ အဖြစ် ဖိတ်ကြားသွားမည်ဟု ဦးအောင်မင်း ကလည်း မီဒီယာများကို ပြောဆိုထားသည်။
နိုင်ငံတော်၏ တာဝန်ရှိသူများကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် အများပြည်သူ ကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်များကို
အသိ သက်သေ ထားခြင်းသည် နှစ်ဦးနှစ်ဘက် အကြား ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကြောင်း လက်နက်ကိုင်အဖွဲ့များ ကလည်း ပြောဆိုကြသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ပါဝင်မည့် အချက်များကို ထုတ်ပြန်နိုင် ရန် လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်မည့် ထိပ်သီးအစည်းအဝေးကို လိုင်ဇာဒေသ၌ ယခုလကုန်တွင် ပြုလုပ်သွားရန် ရှိကြောင်း UNFC ခေါင်းဆောင် တဦးလည်း ဖြစ်သူ ဦးခွန်ဥက္ကာ က ပြောသည်။
ထိုဆွေးနွေးပွဲသို့ လက်နက်ကိုင်အဖွဲ့များ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ထိပ်တန်းခေါင်းဆောင်များသာ တက်ရောက်ကြမည် ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်မည့် အချက်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ ပါဝင် ဆွေးနွေးသွားမည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြမည်ဟု ၎င်းက ဆက်ပြောသည်။
“လိုင်ဇာဆွေးနွေးပွဲကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ့် မူတခုကို ချမှတ်နိုင်အောင်၊ အဲဒီမူကို တိုင်းရင်း သား လုံးက သဘောတူညီပြီး အသံ တသံတည်း ဖြစ်ပြီဆိုရင် အဲဒါကို အစိုးရကို ပေးပို့မယ်၊ အဲဒီ အပေါ်မှာ အားလုံး တစု တစည်း တည်းနဲ့ ရပ်တည်သွားမယ်”ဟု ဦးခွန်ဥက္ကာ က ဆိုသည်။
KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ ပြုလုပ်မည့် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင် ရန် အစိုးရဘက်ကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း KIO/KIA တို့နှင့်ဆွေးနွေးစဉ် သဘောတူညီခဲ့သည်။
UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ကိုးကန့် ဒီမိုကရက်တစ် အဖွဲ့သည် လည်း ယခုအခါ UNFC ၏ အဖွ့ဲဝင်ဖြစ်နေပြီ ဟုသိရသည်။
လိုင်ဇာဆွေးနွေးပွဲသို့ အဖွဲ့ဝင် မဟုတ်သော ရှမ်းတပ်ဖွဲ့များ၊ ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်အမျိုးသား တပ်မတော်(DKBA) အဖွဲ့တို့လည်း တက်ရောက်ကြမည်ဟု UNFC ခေါင်းဆောင်များက ပြောသည်။