မြန်မာနိုင်ငံ၏ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် အထင်ကရဖြစ်ခဲ့သော လူ့ဘောင်သစ်ပါတီသည် ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် ပါတီမှတ်ပုံတင်နိုင်ရန် ကြိုးစားဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ကျောင်းသား လူငယ်အများစုနှင့် ဖွဲ့စည်းတည်ထောင်ခဲ့သော လူ့ဘောင်သစ်ပါတီ၏ ၂၅ နှစ်ပြည့် အခမ်းအနားတွင် ပြည်တွင်းပြည်ပ လူ့ဘောင်သစ် ပါတီဝင်ဟောင်းများနှင့် အင်အားစုများအားလုံးကို စုပေါင်းနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကာလတွင် ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရန်အတွက် မြန်မာ ပြည်တွင်းတွင် တရားဝင် အခြေချပြီး နိုင်ငံရေး လုပ်ကိုင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူ့ဘောင်သစ်ပါတီ (ပြည်ပ) ၏ ဥက္ကဌဖြစ်သူ ဦးအောင်မိုးဇော်က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် လက်ရှိ ပါတီတည်ထောင်ခြင်းနှင့် ပက်သက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ၊ သစ္စာစောင့်သိ ရိုသေပါမည်ဟု ဝန်ခံကတိပြုခြင်းနှင့် ပတ်သက်ပြီး လက်ရှိ ဒီမိုကရေစီ အင်အားစုများမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်သင့်ခံရမည့် သဘောမျိုး ရှိနေခြင်းကိုမူ လက်သင့်ခံရမည်ဖြစ်ပြီး နောက်ပိုင်းမှ ပြောင်းလဲ ပြင်ဆင်သွားရမှာဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လက်ရှိ တည်ဆဲ ဥပဒေအရတော့ ကျနော်တို့ ရင်ဆိုင်ကြရမှာပဲ။ အဲဒီထဲကနေပဲ အခု ဒီမိုကရေစီ အင်အားစုတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ချင်တဲ့ဆန္ဒအတိုင်း လက်တွဲဆောင်ရွက်သွားရမှာပဲ။ နောက်တခုရှိတာက ကျနော်တို့ တရားဝင်ပါတီ ဖြစ်လာတဲ့အခါမှာ လက်ရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တချို့က ပါတီနိုင်ငံရေး သွားချင်တဲ့ပုံစံကို ကျနော်တို့က ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ ပါတီနဲ့ မပူးပေါင်းရင်တောင်မှ ဒီမိုကရေစီ အရေးအတွက် အတူလက်တွဲသွားမယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လက်ရှိ တခြားနိုင်ငံသားအဖြစ် ရှိနေသေးသည့် လူ့ဘောင်သစ်ပါတီ၏ တည်ထောင်သူ ခေါင်းဆောင်တဦးဖြစ် ခဲ့သည့် ဦးမိုးသီးဇွန်၏ အခန်းကဏ္ဍနှင့် ပက်သက်ပြီး လက်ရှိ အနေအထားအရ အကြံပေးတဦးအဖြစ် ရပ်တည်နေသော်လည်း
မြန်မာနိုင်ငံသားတဦး အဖြစ် ခံယူခွင့်ရရှိခဲ့မည်ဆိုလျှင်မူ လူ့ဘောင်သစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်ကြောင်း ဦးအောင်မိုးဇော်က ဆက်ပြောသည်။
မိမိအနေဖြင့် လူ့ဘောင်သစ်ပါတီကို မြန်မာနိုင်ငံတွင် တရားဝင် ပြန်လည်ရပ်တည်ခွင့် ရရှိရေးအတွက် အစွမ်းရှိသမျှ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ တန်းတူညီမျှရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူ့ဘောင်သစ်ပါတီ၏ မူလရည်ရွယ်ချက်ဖြစ်သော ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများကိုလည်း ဖိတ်ခေါ်ကြောင်း ဦးမိုးသီဇွန်က ဆိုသည်။
“လက်ရှိ ကျနော်အနေနဲ့ မြန်မာနိုင်ငံသားအဖြစ် ပြန်လျှောက်ထားပါတယ်။ အဲဒါ အခုချိန်ထိတော့ မရသေးဘူး။ လက်ရှိဥပဒေအရ မြန်မာနိုင်ငံသားဖြစ်မှ နိုင်ငံရေးလောကထဲကို ကျနော် ပြန်အခြေချလို့ရမှာ။ လက်ရှိအချိန်ထိတော့ အကြံပေးအနေနဲ့ပဲ နေနေတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ပါတီတည်ထောင်ရာတွင် ၁၉၈၈ ခုနှစ် လူထုလုပ်ရှားမှုတွင် အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြသော ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင်များ၊ ၁၉၉၀ ခုနှစ် လူ့ဘောင်သစ်ပါတီ တည်ထောင်စဉ်က လက်တွဲဆောင်ရွက်ခဲ့ကြသော
ကျောင်းသား ခေါင်းဆောင်များကို ပါတီတည်ထောင်မှုတွင် ဦးဆောင်ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ဦးအောင်မိုးဇော်က ပြောသည်။
လူ့ဘောင်သစ်ပါတီ ပြည်တွင်း ပြန်လည် အခြေစိုက်မည်ကို ကြိုဆိုကြောင်း၊ ဖြတ်သန်းခဲ့သော ၂၅ နှစ်တာ အတွေ့အကြုံများ နှင့်အတူ လူ့ဘောင်သစ်ပါတီ စတင်တည်ထောင်ချိန်က လုပ်ဆောင်ခဲ့သော ရိုးသားမှုများ၊ အနာဂတ်နိုင်ငံတော်ကို
ပုံဖော်ရန် စိတ်ကူးမှုများကို ဆက်လက် လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်ကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ
ဦးမင်းကိုနိုင်က လူ့ဘောင်သစ်ပါတီ၏ ၂၅ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ဒီကနေ့ လူ့ဘောင်သစ်ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့မှာ ပြန့်ကျဲနေတဲ့ အားတွေကို တနည်းတဖုံနဲ့ ပြန်ပြီးတော့ စုနိုင်ပါစေ၊ ပြည်သူ့အတွက်၊ နိုင်ငံအတွက် အရေးကြီးတဲ့ အချက်တွေအားလုံးကို လူတွေနိုးကြားတက်ကြွလာပြီး ပူးပေါင်းဆောင်ရွက်လာအောင်၊ ဥပဒေဘောင် အတွင်းကနေ စနစ်တကျ လုပ်လာအောင် လုပ်နိုင်ပါစေ။ အားလုံးနဲ့ လက်တွဲ လုပ်ဖို့အတွက် လက်ကမ်းလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာပြည်၏ လက်ငင်းကာလတွင် ပြည်သူများအတွက် လူပဂ္ဂိုလ်အနေဖြင့်၊ အဖွဲ့အစည်းအနေဖြင့် အတိုက်အခံ နိုင်ငံရေးသမား မရှိသေးကြောင်း၊ လက်ရှိဖြတ်သန်းနေကြရသော နိုင်ငံရေးသမားများ အနေဖြင့် အကဲဆတ် အလှုပ်အခတ်မခံသော အခြေအနေကို ရင်ဆိုင်ဖြတ်သန်း နေကြရကြောင်း ၁၉၉၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သော နိုင်ငံရေးပါတီဟောင်း ပြည်သူ့တိုးတက်ရေးပါတီ၏ အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးလှရွှေက လူ့ဘောင်သစ်ပါတီ၏ ၂၅ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ပြည်တော်ပြန်တွေကို ကျနော် သတိပေးချင်တယ်။ ဂျီစီဘီအေက အလိုတော်ရိတွေကြောင့် ကျရှုံးခဲ့တာ။ ၉၁ ဌာန အုပ်ချုပ်ရေးဆိုတာ အလိုတော်ရိတွေကြောင့် အင်္ဂလိပ်က ကျနော်တို့ကို မတော်မတရား လုပ်သွားတာ။ အခုလို မြန်မာပြည်ထဲကို ပြန်ရောက်လာတဲ့အခါမှာ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာမျိုး မလုပ်နဲ့။ နိုင်ငံရေးသမား တယောက်အနေနဲ့ ပြောသင့်တယ်ထင်လို့ ပြောတာ။ စစ်တပ်ဆိုတာ အချိန်တန် လွင့်သွားမယ့် ငှက်အမွှေးမဟုတ်ဘူး။ အဲဒါမသိရင် မြန်မာပြည်နိုင်ငံရေးကို ခေါင်းမဆောင်နဲ့” ဟု ၎င်းက ဆိုသည်။