သတင်း

ထရိတ်ဒါး ဗုံးကွဲမှုတွင် ဒဏ်ရာရသည့် အမေရိကန် နိုင်ငံသူ ဘန်ကောက်ဆေးရုံ ပြောင်းရွှေ့

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့၊ ကုန်သည်ကြီးများဟိုတယ် (ထရိတ်ဒါးဟိုတယ်) တွင် ယမန်နေ့ ညသန်းခေါင်ယံက ဖြစ်ပွားခဲ့သော ဗုံးကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည် အမေရိကန်နိုင်ငံသူ Mrs.Piaiorstသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံနေရာမှ စင်းလုံးငှား လေယာဉ် ဖြင့်  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘန်ကောက်ဆေးရုံသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

Mrs.Piaiorst နှင့် မိသားစုဝင်များသည် ကုန်သည်ကြီးများ ဟိုတယ်၊ ၉ လွှာ၊ အခန်း အမှတ် ၉၂၁ တွင် တည်းခိုနေခဲ့ ကြရာမှ Mrs.Piaiorst သည် အောက်တိုဘာ ၁၄ ရက်နေ့ ညသန်းခေါင်ယံတွင် ရေချိုးခန်းဝင်ခဲ့ပြီး ရေချိုးခန်းရှိ ဘေစင် အောက်မှ ဗုံးပေါက်ကွဲခဲ့မှုကြောင့် Mrs.Piaiorst ကိုယ်ခန္ဓာတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ Mrs.Piaiorst ၏ ခင်ပွန်း နှင့် သား ၂ ဦးမှာ တစုံတရာ ထိခိုက်မှု မရှိကြောင်း၊  ဒဏ်ရာရရှိခဲ့သည့် Mrs.Piaiorstကို ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသ ပေးခဲ့ပြီး ယနေ့ ညနေ ၃ နာရီတွင် ၎င်းတို့အစီအစဉ်ဖြင့် ဘန်ကောက်မြို့၊ ဘန်ကောက်ဆေးရုံသို့ ပြောင်းရွှေ့ သွားကြောင်း သိရှိရသည်။

“ ဒဏ်ရာရတဲ့ အမျိုးသမီးရော သူ့မိသားစုကတော့ အေးဆေးပါ။ မနေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ အရင် ကုသပေးပါတယ်။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ မှန် အစအနတွေကြောင့် ဒဏ်ရာရ သွားတာ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ဇော်ဝင်း ကဧရာဝတီ သို့ ပြော သည်။

ဒဏ်ရာရရှိသွားခဲ့သော Mrs.Piaiorstသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသပေးမှုကို ကျေနပ်မှု ရှိပြီး ကုန်သည်ကြီးများ
ဟိုတယ်နှင့် ရန်ကုန်အမေရိကန်သံရုံးမှ  တာဝန်ရှိသူများ လာရောက် စောင့်ရှောက်ကြည့်ရှုပေးခဲ့ကြောင်း၊ ယနေ့ ညနေပိုင်းတွင် Mrs.Piaiorst ကျန်းမာရေး အာမခံ ထားရှိထားသည့် ကုမ္ပဏီက စင်းလုံးငှားလေယာဉ်ဖြင့် ဘန်ကောက် ဆေးရုံသို့ လာရောက်ခေါ်သွားခြင်းဖြစ်သည်ဟု ဦးအောင်ဇော်ဝင်းက ဆိုသည်။

လတ်တလော လုံခြုံရေးအခြေအနေများအရ ဟိုတယ်များအနေဖြင့် ခရီးသွားဧည်သည့်များ၏ လုံခြုံရေးကို အထူး ဂရုပြု စေလိုကြောင်း၊ ခရီးသွားရာသီတွင် ဝန်ဆောင်မှု အပြည့်အ၀ စေတနာဖြင့် ပေးစေလိုကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ လုံခြုံရေး အသိရှိဖို့ ပြောချင်တယ်။ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေ အနေနဲ့လည်း check-in ၊ check-out ကိုပဲ မကြည့်ဘဲ စေတနာသန့်သန့်နဲ့ လုပ်ပေးဖို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခွဲခန့် ရန်ကုန်မြို့ မဟာဗန္ဒုလလမ်းနှင့် ၃၈ လမ်းထောင့် City Star ကွန်ပျူတာဆိုင်ရှေ့တွင်  ဗုံးလန့်မှု တရပ် ဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် လမ်းမတော်မြို့နယ် စံပြကားမှတ်တိုင်အနီးတွင် ဗုံးလန့်မှု တရပ် ဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗုံးပေါက်ကွဲမှုများသည် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် နှင့် ကြောက်ရွံ့စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ဗုံးကွဲမှုနှင့်ဆက်စပ်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးပမ်း လျက်ရှိ သည်ဟု ပြောဆိုကြောင်း မြန်မာအသံနှင့်ရုပ်မြင်သံကြား သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Loading