သတင်း

ကုန်သည်ကြီးများ ဟိုတယ် ဗုံးခွဲသူ ရဲ တပ်ဖွဲ့ဖော်ထုတ်ပြီ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်ကွဲမှုနှင့် အလုံမြို့နယ် Western Park 2 စားသောက်ဆိုင်တွင် တွေ့ရှိသည့် မပေါက်ကွဲသေးသော ဗုံးနှင့် ပတ်သက်၍ ဘီးလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိထားသူ စောမြင့်လွင်(ခ) မောထ က လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ထုတ်ဖော်လိုက်သည်။

“စောမြင့်လွင်က သံသယရှိတဲ့သူ မဟုတ်ဘူး။ စောမြင့်လွင်ကို ကျနော်တို့ ဖမ်းထားပြီးပြီ။ သူပဲ ခွဲတာ”ဟု ရန်ကုန်တိုင်း ရဲမှူးကြီး သိန်းလွင်က ဧရာဝတီ ကိုပြောသည်။

စောမြင့်လွင် အသက် ၂၅ နှစ်၊ အဖေနာမည် ဦးကိုညွန့် သည် ကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မွန်ပြည်နယ် ဘီးလင်းမြို့၌ နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းသည် ၃/ဖပန (နိုင်) ၀၂၂၅၇၆ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း လည်း ရန်ကုန်တိုင်း ရဲမှူးကြီး က ပြောဆိုသည်။

Western Park 2 စားသောက်ဆိုင်တွင် ထိုင်သွားခဲ့သည့်သူများကို ရဲတပ်ဖွဲ့က သံသယဖြင့် မေးမြန်းခဲ့ ခြင်းသာဖြစ်ပြီး ပေါက် ကွဲ စေတတ်သည့် ပစ္စည်းယူလာသည့် ပိုင်ရှင်သည် စောမြင့်လွင်သာ ဖြစ်ကြောင်း၊ အခြားပေါက်ကွဲမှုများနှင့် ပတ်သက်၍ လည်း ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ စောမြင့်လွင်သည် ယခင်က ကရင်ပြည်နယ် ဖာပွန်ဒေသ၌ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်သား လုပ်ခဲ့ဖူးကြောင်း ၎င်းက ဆက်ပြောသည်။

“သူက အရင်တုန်းကတော့ KNU မှာတော့ တာဝန်ကျေ စစ်သား လုပ်ခဲ့တာပေါ့။ အခုကတော့ သူ့ကို ခိုင်းတဲ့အဖွဲ့တော့ ရှိတာ ပေါ့။ ခိုင်းတဲ့အဖွဲ့ကို ကျနော်တို့ သိတော့ သိထားပြီးပါပြီ၊ ဒါပေမယ့် သေချာအောင်တော့ အတည်ပြုနေပါတယ်”ဟု ရဲမှူးကြီး သိန်းလွင်က ပြောပြသည်။

စောမြင့်လွင်အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့်လုပ်သည်ကို မသိကြောင်း၊ သူ့နောက်မှ ခိုင်းစေသူများက ရည်ရွယ်ချက် ကို သိမည်ဖြစ်ပြီး မကြာမီ သတင်းစာ ရှင်းလင်းပွဲလုပ်၍ အသိပေးသွားမည်ဖြစ်သည်ဟုလည်း ရဲမှူးကြီး က ဆက်ပြောသည်။

စောမြင့်လွင်သည် KNU တွင် စစ်သားလုပ်ခဲ့ဖူးသည်ဟူသော ရဲမှူးကြီး၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် KNU သို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ကုန်သည်ကြီးများ ဟိုတယ် ဗုံးဖောက်ခွဲမှုအပါအဝင် ပေါက်ကွဲမှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသူ ၃ ဦး ရှိပြီး ၎င်းတို့က ဝန်ခံထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၏ ပြောကြားချက်ကို ယနေ့ထုတ် ရန်ကုန် တိုင်းမ် နေ့စဉ် သတင်းစာတွင်လည်း ဖော်ပြထားသည်။

အောက်တိုဘာ ၁၄ ရက်နေ့ ည ညဉ့်နက်ပိုင်းက ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး တည်းခိုနေသည့် အမေရိကန်နိုင်ငံသူ တဦး ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်း၌ ရန်ကုန်မြို့ အလုံမြို့နယ် Western Park 2 စားသောက်ဆိုင်တွင် မပေါက်ကွဲသေးသော ဗုံးတလုံး တွေ့ရှိမှု ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၁ ရက်နေ့ကလည်း တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာတွင် လူ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုကို ကျူးလွန်သူဟု သံသယရှိသူ စောထွန်းထွန်း၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး အပူတပြင်း ရှာဖွေဖော်ထုတ်နေကြောင်း မြန်မာ့ရုပ်မြင်သံကြားက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗုံးကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက် က စစ်ကိုင်းမြို့ပေါက်ကွဲမှု ၂ ခုနှင့် မန္တလေးတွင် ဗုံးတွေ့ရှိမှုများနှင့်ပတ်သက်၍လည်း လုံခြုံရေးတပ်ဖွဲ့များက အပူတပြင်း စုံစမ်းဖော်ထုတ်နေ သည် ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခု ဗုံးကွဲမှုများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဗြိတိန် နိုင်ငံများကလည်း မြန်မာပြည်တွင်းရှိ ၎င်းတို့ နိုင်ငံသားများအား လုံခြုံ ရေး သတိပေးချက် များကို ထုတ်ပြန်ထားသည်။

အမေရိကန်၏ ယနေ့ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင်း ယခုပေါက်ကွဲမှုဖြစ်စဉ်များသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ် ထား လုပ်ဆောင်သည်ဟု အတိအကျ မပြောနိုင်သော်လည်း ပေါက်ကွဲမှု၊ ဗုံးဖော်ထုတ် တွေ့ရှိမှုများနှင့်ပတ်သက်၍ Improvised Explosive Devices (IEDs) (လက်လုပ်ဗုံး)ကို အသုံးပြုထားသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်ရောက်ရှိနေကြသည့် အမေရိကန် နိုင်ငံသားများအနေဖြင့် အများပြည်သူစုဝေးတတ်သည့် ဘတ်စ် ကား မှတ်တိုင်၊ ပန်းခြံ၊ ဈေး စသည့်နေရာများသို့ သွားလာရာတွင် သတိထားကြရန်၊ မသင်္ကာဖွယ် တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပို့ပြီး အဆိုပါနေရာများမှ ဝေးရာသို့ထွက်ခွာရန် ကြေညာချက်၌ သတိပေး တိုက်တွန်းထားသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကို ဆက်သွယ်ကြရန်လည်း ကြေညာချက်တွင် ပါရှိသည်။

လတ်တလော မြန်မာနိုင်ငံတွင်း ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး နေပြည်တော်၌ ကျင်းပနေသည့် လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသားများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ခေါင်းအေးအေးနှင့် စဉ်းစားနိုင်စွမ်းရှိကြောင်း၊ အများသူငါ ထိတ်လန့်ရန် ရည်ရွယ်သည့် ထောင်ချောက်တွင်း မဝင်မိစေရန် လိုအပ်ကြောင်း ယမန်နေ့ က သတင်းထောက်များနှင့် တွေဆုံစဉ် သတိပေး ပြောဆိုထားသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်း ဖြေရှင်း ရေး ကြိုးပမ်းအားထုတ်နေကြချိန်၊ တိုင်းရင်းသား ဒေသအသီးသီးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်များ ကြိုးပမ်း နေချိန် လတ်တလော ရန်ကုန်နှင့် မြို့တချို့တွင် ဗုံးများပေါက်ကွဲမှု၊ ဗုံးများတွေ့ရှိမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

Loading