ဘိုးဘွားပိုင်မြေယာတွေ အသိမ်းခံထားရတဲ့ လက်ပံတောင်း ဒေသခံတွေရဲ့ တောင်းဆိုတင်ပြချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးသွားမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း က ပြောဆိုလိုက်ကြောင်း သတင်း ရရှိပါတယ်။
ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းအတွက် မြေသိမ်းခံထားရတဲ့ ဒေသခံတွေနဲ့ အစိုးရဝန်ကြီးတွေ မနေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ အမှတ်(၆) ချည်မျှင် စက်ရုံမှာ တွေ့ဆုံခဲ့ကြရာမှာ ဒေသခံတွေက သူတို့ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အပေါ် ဝန်ကြီး ဦးလှထွန်း က ဒေသခံတွေကို ပြောဆိုသွားတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ ဒေသခံတွေက စီမံကိန်းနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေ၊ ဒေသခံတွေ ရဲ့ လူမှု အကျိုးစီးပွားတွေကို ဘယ်လိုတာဝန်ယူမလဲ၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်ကျောင်းကို အစီရင်ခံစာအတိုင်း မူလအခြေ အနေမပျက် လုပ်ဆောင်မှာလား၊ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြန်ပေးဖို့နဲ့ ဖျက်ဆီးလိုက်တဲ့ စိုက်ခင်း တွေရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို လျော်ပေးဖို့ တောင်းဆိုကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တုံအလယ်တော့ရွာသူ မစန္ဒာ က “သူတို့ (ဝန်ကြီးတွေ) ကတော့ ဘာမှကို တာဝန်ယူတယ်ဆိုတဲ့ အဖြေကို တိတိကျကျ မပေးပါဘူး။ ဒါပေမယ့် ဆွေးနွေး တင်ပြတဲ့ဟာတွေကိုတော့ အထက်သက်ဆိုင်ရာ ဌာနတွေနဲ့ ပြန်ပြီး ဆွေးနွေး ညှိနှိုင်းပြီးမှ ပြန်ဖြေမယ်လို့ ဝန်ကြီး ဦးလှထွန်းက ပြောပါတယ်”လို့ ဧရာဝတီကို ပြောပြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ အကောင်အထည်ဖော် ဆောင်ရွက်ရေး ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး၊ သတ္ထုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်အောင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်၊ သစ်တောရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်းတို့ တက်ရောက်ခဲ့ကြသလို ဝက်မှေး၊ ဇီးတော၊ တုံရွာနဲ့ ဆည်တည်းအပါအဝင် မြေအသိမ်းခံထားရတဲ့ ကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် တက်ရောက်ကြတယ်လို့ သိရပါတယ်။
လက်ပံတောင်း တောင်ခြေမှာရှိတဲ့ ဒေသခံတွေရဲ့ မြေယာ ဧက ၄၀၀ ကျော်ကို ကြေးနီစီမံကိန်းဧရိယာမြေ သတ်မှတ်ပြီး အာဏာ ပိုင်တွေက ခြံစည်းရိုးကာရံခြင်းတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒီလ ၉ ရက်နေ့ကစပြီး ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြားမှာ တင်းမာ မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မနေ့က ဆွေးနွေးပွဲဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဝန်ကြီးဦးလှထွန်းက ကြေးနီစီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေးအတွက် ဦးတည်လုပ်ဆောင်ခြင်းဖြစ်လို့ စီမံကိန်းကို ဆက် လုပ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုသလို ဒေသခံတွေအနေနဲ့လည်း မြေယာလျော်ကြေးယူရန် သဘောတူကြဖို့ တိုက်တွန်း ပြောဆို သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသလို လယ်ယာမြေလျော်ကြေး ငွေတွေဟာလည်း သူတို့အတွက် ရေရှည် ရပ်တည်လို့ရမှာ မဟုတ်တဲ့အပြင် ရေရှည်မှာ သူတို့ရဲ့ ရပ်တည်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးတွေကိုပါ ထိခိုက်လာမှာစိုးရိမ်တဲ့ အတွက် ရောင်းချမှာမဟုတ်သလို သိမ်းထားတဲ့ မြေတွေကိုလည်း ပြန်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ဆိုကြပါတယ်။
“မြေယာလျော်ကြေးကို ဘာကြောင့် မယူနိုင်တာလဲဆိုရင် သူတို့ပေးတဲ့ လျော်ကြေး ကျပ် ၁၀ သိန်း၊ ၁၅ သိန်းဆိုတာဟာလည်း နှစ် ၃၀ နဲ့ တွက်လိုက်လို့ရှိရင် ဘာမှတန်ကြေးမရှိဘူး၊ လယ်ယာမြေတွေလည်း ဆုံးရှုံးဦးမယ်၊ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို လည်း ခံရဦးမယ်ဆိုတော့ ဒါတွေကို ကြောက်ပြီး မယူတာပါ”လို့ ဝက်မှေးရွာသား တဦးကလည်း ပြောပါတယ်။
ဝန်ကြီးဦးလှထွန်းရဲ့ ညှိနှိုင်းပေးမှုဟာ ဘယ်အချိန်ကာလမှာ အပြီးသတ်၊ အဖြေထွက်မယ် ဆိုတာကို အတိအကျ မသိရသေး ပေ မယ့် လက်ရှိအချိန်မှာတော့ လက်ပံတောင်းတောင်ခြေက ဒေသခံတွေရဲ့ မြေယာတွေပေါ်မှာ ဝမ်ပေါင်နဲ့ ဦးပိုင် ကုမ္ပဏီတို့က ရဲ တပ်ဖွဲ့အင်အားတွေ အသုံးပြုပြီး ခြံစည်းရိုးကာရံတာတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မကြာသေးခင်က ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဝင်ရောက် စီးနင်းမှုနဲ့ ပတ်သက်ပြီး အစိုးရ ဝန်ကြီးတွေနဲ့ ဒေသခံတွေ ဆွေးနွေးပွဲကို ဇီးတောရွာ စမ်းမြဝတီ ကျောင်းတိုက် သံဃာတော်တွေကလည်း ဝင်ရောက်ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် နှင်ထုတ်ခံခဲ့ရတယ် လို့ စမ်းမြဝတီ ကျောင်းတိုက်က အရှင် အာလောက က မိန့်ကြားပါတယ်။
“ဦးပဉ္ဇင်းတို့ကတော့ ဦးပဉ္စင်းတို့ ကျောင်းကို ညကြီး အချိန်မတော် သူပုန်စခန်းကို စီးနင်းသလို ရိုက်နှက် အကြမ်းဖက်မှုတွေနဲ့ ပတ် သက်ပြီး ဖြေရှင်းပေးဖို့ တင်ပြဆွေးနွေးဖို့သွားတာ အပေါက်ဝမှာပဲ၊ ဒါ ဦးပဉ္ဇင်းတို့ အလုပ်မဟုတ်ဘူး၊ လူတွေကိစ္စ ဆိုပြီး နှင်ထုတ် လိုက်တာ၊ ရှင်းပြတာလည်း မရဘူး၊ အဲဒါနဲ့ မတက်ခဲ့ရဘူး”လို့ အရှင် အာလောက က ဧရာဝတီ ကို မိန့်ကြားပါတယ်။