အသစ်ဆောက်လုပ်မည့် အဆောက်အအုံများနှင့် အများပြည်သူ သွားလာသည့် နေရာများတွင် မသန်စွမ်းသူများလည်း အဆင်ပြေစွာ အသုံးပြုနိုင်မည့် ဗိသုကာ ဒီဇိုင်းများ ထည့်သွင်း တည်ဆောက်သင့်ကြောင်း မသန်စွမ်းသူများ အခွင့်အရေး အတွက် လူမှုရေးဆောင်ရွက်လျှက်ရှိသည့် အသင်းအဖွဲ့များက Myanmar National Building Code ရေးဆွဲရေး ကော်မတီသို့ အကြံပြုထားကြောင်း သိရသည်။ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ဦးဆောင်လျှက်ရှိသည့် Myanmar National Building Code ရေးဆွဲရေး ကော်မတီက ဥပဒေထဲတွင် ထည့်သွင်းသင့်သည့် အချက်များနှင့် ပတ်သက်၍ မသန်စွမ်းသူများ အခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက် မှုများ ပြုလုပ်နေသည့် အသင်း အဖွဲ့များအား ယခုလ ဒုတိယပတ်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းသို့ အကြံပြု ခဲ့ခြင်းဖြစ်ကြောင်း မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဒါရိုက်တာတဦးက ဧရာဝတီသို့ ပြောသည်။
“အဆောက်အအုံ ဒီဇိုင်းတွေကြောင့် မသန်စွမ်းမှု ဖြစ်ရတာပါ။ အဆောက်အအုံ တွေမှာ ဝှီးချဲ အသုံးပြုသူတွေ၊ မသန်စွမ်း တွေအတွက် ထည့်သွင်းစဉ်းစား တည်ဆောက်ထားမယ်ဆိုရင် မူလမသန်စွမ်းမှုကြောင့် မသွားမလာ နိုင်တာမျိုး ဖြစ်မှာမဟုတ်ပါဘူး” ဟု မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ ဦးနေလင်းစိုးက ရှင်းပြသည်။
သူက ဆက်လက်၍ နိုင်ငံ ပွင့်လင်းလာသည့် အခြေအနေအရ အဆောက်အုံသစ် များစွာ ဆောက်လာကြကြောင်း၊ ယင်း အဆောက်အုံ သစ်များတွင် မသန်စွမ်းသူများ အတွက် ထည့်သွင်းစဉ်းစားပြီး ဆောက်ရန်၊ ဘဏ်တိုင်းတွင် ဝှီးချဲအသုံးပြုသူ မသန်စွမ်းများအတွက် သီးသန့် ကောင်တာ တခုစီ ထားပေးရန် အစရှိသည်တို့ကို ဥပဒေ မူကြမ်းအဖြစ် လွှတ်တော် တင်နိုင် ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ပြောသည်။
ယင်းဆွေးနွေးပွဲသို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသည့် လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် တချို့အချက်များကို Myanmar National Building Code မူကြမ်းတွင် ထည့်သွင်း ပြင်ဆင်ပေးခဲ့ပြီး ပူးပေါင်းပါဝင် ရန်လိုအပ်သည့် ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းအစုံဖြင့် ပြန်လည် ဆွေးနွေး ရဦးမည်ဖြစ်ကြောင်း ဦးနေလင်းစိုးက ပြောသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အတွင်းရေးမှူး ဦးကိုကိုကြီးကလည်း “ဘာပဲလုပ်လုပ် မသန်စွမ်းသူတွေ အတွက် ထည့် စဉ်းစားရမယ် ဆိုတဲ့ အချက်က ကျယ်ပြန့်ပါတယ်။ ကျနော်တို့အတွက် ဘာသာရပ် အသစ်တခုလို ဖြစ်နေတယ်။ လိုအပ်ချက် တွေ အကုန်လုံးကို လုပ်ဖို့ ကျတော့ ဌာနတခုတည်းနဲ့ မရဘူး။ သက်ဆိုင်ရာ ဌာနတွေ ပါဖို့လိုပါတယ်။ ဒါတွေက လုပ်သင့် ပါတယ်။ ကျနော်တို့ အသင်းက ပူးပေါင်းပါဝင်ပါ့မယ်” ဟု ဆိုသည်။
အဆောက်အအုံများ ဆောက်လုပ်ရာတွင် မသန်စွမ်းသူများ အတွက် ထည့်သွင်းစဉ်းစားရမည့် အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်အတွက် လိုက်နာသင့်သည့် ဥပဒေများကို ထည့်သွင်း ရေးဆွဲနိုင်သော်လည်း အဆောက်အအုံ တည်ဆောက်ခွင့်ပြုသည့် ဌာန၏ တွန်းအားပေးမှုက အဓိကကျကြောင်း သူက ဆက်ပြောသည်။
ဦးကိုကိုကြီးက ဆက်လက်၍ “ကျနော်တို့ဆီမှာက မသန်စွမ်းသူတွေ အတွက်တောင် မပြောနဲ့ သာမန်လူတွေ အတွက်တောင် မျက်ကွယ်ပြု ခံနေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ရန်ကုန်က ပလက်ဖောင်းတွေဟာ စနစ်မကျစွာ လုပ်ထားတယ်။ ပလက်ဖောင်း တွေက အမြင့်ကြီးတွေ။ သာမန်လူတွေ အတွက်တောင် တော်တော်တက်နေရတဲ့ ပလက်ဖောင်း မျိုးတွေဟာ မသန်စွမ်းသူတွေ အတွက်ဆို ပိုဆိုးတယ် ဆိုတာမျိုး ဖြစ်နေတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာ လှုပ်ရှားနိုင်စေမည့် အဆောက်အအုံ ဒီဇိုင်းပုံစံမျိုး ပြုလုပ်ပေး ထားသည့် နေရာမှာ အနည်းငယ်သာရှိပြီး ယင်းနေရာများမှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံ အရှေ့ဘက် ဓာတ်လှေကားမုခ်၊ ပါရမီ စိန်ဂေဟာ၊ နေပြည်တော်ရှိ Sky Palace ဟိုတယ်နှင့် ရုပ်ရှင်ရုံတရုံတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းမှ သိရသည်။
အဆိုပါအသင်းမှ အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည့် ဦးမြင့်အောင်က “အခုဆွေးနွေးပွဲမှာ မသန်စွမ်း ကိစ္စတွေကို အသိပညာပေး ဆွေးနွေး နိုင်ခဲ့တဲ့ သဘောပဲ ရှိသေးတယ်။ ဆွေးနွေးပွဲကို တကယ်လုပ်မယ့်၊ အဓိက တာဝန်ရှိတဲ့ဌာန မြို့တော်စည်ပင်နဲ့ နယ်စပ် စည်ပင်တို့မပါသေးဘူး။ နောက်တကြိမ် ထပ်ဆွေးနွေးရဦးမယ်” ဟု ပြောသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၉ သန်းအပေါ် မူတည်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ The Leprosy Mission of International (TLMI) တို့ ပူးပေါင်း စစ်တမ်း ကောက်ယူချက်အရ မသန်စွမ်းသူ စုစုပေါင်း ၁၃ သိန်းခန့် ရှိကြောင်း၊ ထိုစာရင်းတွင် အများဆုံးအဖြစ် ကိုယ်အင်္ဂါ မသန်စွမ်းသူ ၉ သိန်းခန့် ပါဝင်ကြောင်း သိရသည်။