ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းနှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ဗုံးကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့နယ်ရဲစခန်းက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက နမ့်ခမ်းမြို့တွင် ဗုံးတလုံး စတင်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၇ နာရီ နှင့် ၇ နာရီခွဲတွင် နမ့်ခမ်းမြို့လယ်ဘုရားအနီးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၁ ဦးမှာ ဒဏ်ရာအနည်းငယ် ပြင်းထန်သဖြင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး ကျန် ဒဏ်ရာရသူ ၅ ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိကြောင်း သိရှိရသည်။
“ပေါက်ကွဲမှု ဖြစ်တဲ့အတွက် တယောက်သေသွားတယ်။ ဒဏ်ရာရတဲ့ အထဲက တယောက်ကို နမ့်ခမ်း ဆေးရုံကို ပို့လိုက် ပါပြီ။ ကျန်တဲ့သူတွေက ပွန်းရာ ပဲ့ရာလောက်ပဲဆိုတော့ ဆေးရုံသွားဖို့ မလိုဘူး´´ ဟု နမ့်ခမ်းရဲစခန်းမှ ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
ယနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့လယ်ခေါင်ရှိ ကားလမ်းကို ကာရံထားသော အုတ်ခုံ တချို့ ထိခိုက် ပျက်စီးခဲ့ပြီး ဗုံးမှာ ချိန်ကိုက်ဗုံး ဟု ယူဆရကြောင်း၊ အသေးစိတ်ကို တပ်မတော်အင်ဂျင်နီယာတပ်က ဆက်လက် စစ်ဆေး လျက်ရှိ ကြောင်း နမ့်ခမ်းရဲစခန်းမှ သိရသည်။
အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ နမ့်ခမ်းမြို့နယ်များတွင် ဗုံးပေါက်ကွဲမှု ၉ ကြိမ်၊ ဗုံးတွေ့ရှိမှု ၃ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း သိရှိရသည်။