Politics

ဦးသိန်းစိန် ၂၀၁၅ မှာ သမ္မတ ဆက်မလုပ်ဟု သူရဦးရွှေမန်း ပြောဆို

This article has been converted from Zawgyi One to Unicode

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်တော့မည် မဟုတ်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က ထိုင်းခရီးစဉ်အတွင်း ဧရာဝတီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဦးရွှေမန်းက အခုလို ထုတ်ဖော် ပြောဆိုပါတယ်။ သူရဦးရွှေမန်းဟာ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဦးဆောင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး သမ္မတဖြစ်ချင်တယ်လို့လည်း ပြောဆိုကြေညာထားသူလည်း ဖြစ်ပါတယ်။

မကြာသေးမီက သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်ကြား “နိုင်ငံရေး ပွတ်တိုက်မှု”တွေ ရှိတယ်။ ဒါဟာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဥပဒေပြုအဖွဲ့ကြား အာဏာလွန်ဆွဲမှုကြောင့်လို့ ယူဆသုံးသပ်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ဦးသိန်းစိန်ထက် ပိုစီနီယာကျခဲ့တဲ့ သူရဦးရွှေမန်းဟာ အခု “ပြုပြင်ပြောင်းလဲရေး”မှာ ဦးသိန်းစိန်လောက် ရှေ့တန်းမရောက် မျက်နှာသာမရတာကြောင့် နှစ်ဦးကြား ပုဂ္ဂလိကဆိုင်ရာ မကျေနပ်မှုတွေလည်း ရှိကောင်းရှိမယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

ဒါကို ဧရာဝတီက မေးမြန်းရာမှာ သူရဦးရွှေမန်းက ဦးသိန်းစိန်ဟာ ၂၀၁၅ မှာ နိုင်ငံရေး ဆက်မလုပ်ဟု ပြောဆိုထား၍ မိမိတို့ နှစ်ဦးကြား ပြဿနာ မရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ဦးသိန်းစိန်က အရင်အတိုင်း ကိုရွှေမန်း တခါတခါ ဗိုလ်ချုပ်ကြီး လို့ခေါ်ပြီး ဥက္ကဋ္ဌကြီး လို့တောင် မခေါ် ကြောင်း၊ မိမိကလည်း အရင်လိုပဲ “အကို” လို့ ရင်းရင်းနှီးနှီး ခေါ်ဆဲလို့ ဆိုပါတယ်။

ဧရာဝတီက ၂၀၁၅ တွင် သမ္မတ ဖြစ်လာပါက ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ် မလုပ် မေးမြန်းရာမှာ သူရဦးရွှေမန်းက ပြုပြင်ပြောင်းလဲရေးသမားလို့ မိမိကိုယ်မိမိ ပြောဆိုနေသူတွေ အနေနဲ့ အပြောနဲ့ အလုပ်ရှေ့နောက်ညီညွတ်ဖို့၊  ပြုပြင် ပြောင်းလဲရေးဆိုတာ တရက်ထဲ လုပ်ရမယ့် အလုပ်လို့ မမှတ်ယူဖို့၊  ဒီမိုကရေစီဆိုတဲ့ စကားပြောနေပေမယ့် တကယ့် ဒီမိုကရေစီသမားဖြစ် မဖြစ် ဆန်းစစ်ဖို့ လိုတယ်လို့  ပြန်ဖြေပါတယ်။

ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်မှု အားနည်း၍ တိုင်းပြည်အခြေအနေ နိမ့်ကျနေခြင်းဟာ “ငါတို့သာ တိုင်းပြည်ချစ်တယ်” ဆိုတဲ့  အစွဲရှိ သူများကြောင့်လို့ ပြည်ထောင်စုလွှတ်တော် နာယကက ပြောဆို ဝေဖန်လိုက်ပါတယ်။

“တိုင်းပြည်ဘာကြောင့် နိမ့်ကျသလဲဆိုတော့ ငါပဲလုပ်မယ်၊ မင်းတို့ မလုပ်နဲ့၊ ငါတို့ပဲ တိုင်းပြည်ချစ်တယ်၊ မင်းတို့ တိုင်းပြည်မချစ်ဘူး၊ ငါတို့ပဲ လုပ်တတ်တယ်၊ မင်းတို့ မလုပ်တတ်ဘူး၊ မလိုပါဘူးကွာ ဆိုတဲ့ အယူအဆတွေ ကြောင့်ပါ”လို့ ဦးရွှေမန်းက ဆိုသွားပါတယ်။

မည်သူ့ကို ရည်ညွှန်းပါလဲလို့ မေးရာတွင် “သမိုင်းကြောင်းကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်”လို့သာ ပြန်ဖြေပါတယ်။

မကြာသေးမီက“ လွှတ်တော်သည်လည်း  အစိုးရပဲ” လို့ ဖွင့်ဆိုခဲ့တာကလည်း အစိုးရဆိုတာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရား စီရင်ရေး အာဏာ စတဲ့ အာဏာသုံးရပ်ကို ပိုင်ဆိုင်တာကို ရည်ရွယ်ရင်းရှိတာမို့ လွှတ်တော်ဟာလည်း အစိုးရလို့ ပြောရင်ရတယ်လို့ ဆိုလိုတာလို့ သူရဦးရွှေမန်းက ဆက်ရှင်းပါတယ်။

“အရေးကြီးတာ နိုင်ငံအတွက် ကြည့်ရ မယ်။ ကိုယ့်နိုင်ငံက အပြင်ကိုထွက်လာတိုင်း ထွက်လာတိုင်း ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်လို့ စိတ်မကောင်းဘူး။ အားမရဘူး။ တော်တော်ကို နိမ့်ကျ နောက်ကျနေတာ ဖြစ်တယ်။ အဲဒါဘာကြောင့်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းလို့။ အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှု အားနည်းလို့၊ ဒီထက်ပိုပြီးတော့ ဆိုရင် ငါဘဲ လုပ်မယ် မင်းတို့မလုပ်နဲ့။ ငါတို့ဘဲ တိုင်းပြည် ချစ်တယ်။ မင်းတို့ တိုင်းပြည်မချစ်ဘူး။ ငါတို့ဘဲ လုပ်တတ်တယ် မင်းတို့မလုပ်တတ်ဘူး ဆိုတဲ့ အယူအဆတွေကြောင့်”လို့ ပြောပါတယ်။

သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးပါတယ်။ ဒါပေမယ့် နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ရေးပဲ အလေးထားတယ်၊ ပြောဆိုဆွေးနွေးတယ် လို့ သူရဦးရွှေမန်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ မိမိ တပ်မတော်မှာရှိစဉ်ကတည်းက နိုင်ငံခေါင်းဆောင်ကြီး သမီးအနေနဲ့ ကိုယ် တတ်နိုင်တဲ့ အချိန်မှာ ကူညီစောင့်ရှောက်မယ်ဆိုတဲ့ စာနာစိတ်အပြည့်ထားခဲ့ပြီး၊ ဟိုတုန်းကတည်းက မဖြစ်သင့်တာတွေ၊ မထိုက်တန်တဲ့ အပြစ် တွေကို မခံစေချင်ဘူး၊ အလားတူပဲ တခြားသူတွေအပေါ်မှာလည်း ပက်ပက်စက်စက် ရိုင်းရိုင်းပျပျ မဆက်ဆံ ခဲ့ပါဘူးလို့ ဦးရွှေမန်းက ထုတ်ဖော်ပြောဆိုပါတယ်။

“ပြောမယ်ဆိုရင်တော့ အားလုံးကိုလေ မျှမျှတတ ဖြစ်စေချင်တယ်။ မဖြစ်သင့်တာတွေ မဖြစ်စေ ချင်ဘူး။ ဖြစ်သင့်တာကိုပဲ ဖြစ်စေချင်တယ်။ အဲ့အတိုင်းပဲ အပြစ်ဆိုရင်လည်း မတန်တဲ့ အပြစ်တွေ မထိုက် သင့်တဲ့ အပြစ်တွေ မခံစေချင်ဘူး။ ခံရသည့်တိုင်အောင် သူတို့တွေက ဆင်းဆင်းရဲရဲ ဒုက္ခမဖြစ်စေချင်ဘူး။ ဒီလိုပြော တဲ့အတွက် စစ်သားမှ ဟုတ်သလားလို့ မေးကောင်းမေးနိုင်တယ်။ ဗိုလ်ချုပ်ကြီးမှ ဟုတ်ပါ့မလားလို့ မေးနိုင်တယ်။ ကိုယ့်အကြောင်း ကိုယ်သိပါတယ်” လို့ သူရဦးရွှေမန်းက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ သုံးဦး အကြားမှာ ဟန်ချက်ညီညွတ်မှုကတော့ “လိုသလောက် မရဘူး”လို့ ဆိုပါတယ်။ ဘာကြောင့်လည်းလို့ မေးတော့ ” ငါတို့ပဲ လုပ်နိုင်တယ်။ ငါတို့ပဲ လုပ်တတ်တယ်။ မလိုပါဘူးကွာ ဆိုတဲ့ဟာမျိုးတွေ တခါတခါ ဒီလို အယူအဆတွေ ရှိလာတယ်ဆိုရင် ဒါမျိုးတွေ ဖြစ်တတ်ပါတယ်” လို့သာ ဖြေပါတယ်၊ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲလို့ မေးတာကိုတော့ မဖြေပါဘူး။

အတိတ်တုန်းက စစ်တပ်က အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံရေးအတိုက်အခံတွေအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်တာတွေ ပတ်သက်လို့လည်း မိမိအနေနဲ့ လူတွေရဲ့ ခံစားချက်တွေကို နားလည်တဲ့အတွက် ၈၈၈၈ ငွေရတုပွဲ ကို သဝဏ်လွှာပို့ခဲ့ကြောင်း၊ ကျောင်းသားခေါင်းဆောင်တွေ ပြောတာကို နားထောင်ပေးခဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကချင်ပြည်နယ်သွားတုန်းကလည်း တိုင်းရင်းသားတွေရဲ့ ခံစားမှုတွေကို စိတ်မကောင်းဖြစ်စွာနဲ့ နားထောင်ပေးခဲ့ကြောင်း ဆိုပါတယ်။

“ကိုယ်ကတော့ နားထောင်နိုင်ပါတယ်။ လက်ခံနိုင်ပါတယ်။ တချို့နားထောင်နိုင်ခြင်း ရှိမရှိတော့ မသိဘူး။ ကိုယ်ကတော့ နားထောင်တယ်။ အဲဒီ အထဲမှာ ကောင်းတဲ့အဖြေတွေ ပါလာနိုင်တယ်။ စဉ်းစားစရာတွေ ပါလာ နိုင်တယ်။ ကိုယ်ဒီလိုလဲ ပြောပါတယ်။ အခု နိုင်ငံအနှံ့လျှောက်သွားပြီး တွေ့တဲ့အခါမှာ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်သွားတယ်။ ပူတာအိုမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အသံကတမျိုး။ နောက်မြစ်ကြီးနား ရောက်သွားတော့ မြစ်ကြီးနားမှာရှိကြတဲ့ ကချင်ဂျိမ်းဖောတွေက အသံတမျိုး။ မိုးညှင်းရောက်လာတော့ ရှမ်းနီတွေရဲ့အသံက တမျိုး။ အသံတခုနဲ့ တခု မတူဘူး။ ခံစားမှုတွေ အမျိုးမျိုးရှိတယ်။ ဆိုလိုတာက ဒီခံစားမူတွေက တယောက်နဲ့တယောက်မတူဘူး” လို့ ပြောပါတယ်။

သူရ ဦးရွှေမန်းဟာ ဇွန်လတုန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူခဲ့ပြီး  ငြိမ်းချမ်းရေး ဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းကာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု ဖြစ်စဉ်တွေကို ဝင်ရောက်ပတ်သက်လာခဲ့ပါတယ်။ သူက MPC လို့ခေါ်တဲ့ Myanmar Peace Center ဟာ ဆုံးဖြတ်ချက်ချသူ (Decision Maker) မဟုတ်သလို၊ နိုင်ငံရေးဆုံးဖြတ်ချက်လည်း  ချမရဘူးလို့ ဧရာဝတီကို အတိအလင်း ပြောပါတယ်။

“MPC သည် Decision Marker မဟုတ်သလို Political Decision လည်းပေးလို့ မရဘူး။ အဲဒီမှာ ပြောခဲ့ပါတယ်။ သူတို့အနေနဲ့ ကျေနပ်တာ ရှိရင်ရှိမယ်။ မကျေနပ်တာ ရှိရင် ရှိမယ်။ ကျေနပ်တာဆိုတာက ကိုယ့်အနေနဲ့ အဖွဲ့တွေ ခေါ်လာပြီးတော့ ဒီ MPC ကိုလာကြည့်ပေးတယ် ဆိုတာကို ကျေနပ်တာ။ ဒါပေမယ့် ဒီလိုပြောတဲ့စကားကို မူတည်ပြီးတော့ ကျေနပ်ချင်မှ ကျေနပ်မယ်။ ကျေနပ်ဖို့ မကျေနပ်ဖို့ အရေးမကြီးဘူး။ မိမိတို့ လုပ်ငန်းစဉ် မှန်သွားဖို့နဲ့ တကယ်ငြိမ်းချမ်းရေးရဖို့ ပဲ လိုတယ်။ ကိုယ့်အနေနဲ့ ပြောရမယ်ဆိုရင် အတွေ့အကြုံ ပေါ်မူတည်ပြီး တချို့လုပ်ဆောင်ချက်တွေက အပြောတွေ မှားသွားနိုင်တယ်။ လမ်းတွေ လွှဲသွားနိုင်တယ်။ အပြောမှားတာကြောင့် လမ်းလွှဲတာကြောင့် မိမိတို့ ရလိုတဲ့ ငြိမ်းချမ်းရေး အလှမ်းဝေးသွားမှာ စိုးရိမ်တယ်” လို့ ဆိုပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း ၂၀၁၅ မတိုင်ခင် ပြင်ဖို့ဖြစ်နိုင်မယ် မထင်ဘူးလို့ ဆိုသူတွေထဲမှာ သူ မပါဘူးလို့လည်း သူရဦးရွှေမန်းက ဆိုပါတယ်။ ဥပဒေတခုဟာ တခါပြဌာန်းပြီးရင် တောက်လျှောက်မှန်နေ ရမယ်ဆိုတာ မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ပြည်သူ့လွှတ်တော်စဖွဲ့စည်းပြီး မကြာခင်မှာဘဲ ဥပဒေရေးရာ လေ့လာ သုံးသပ်ရေးကော်မရှင်ဆိုတာ ဖွဲ့လိုက်ကြောင်း၊ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ခေတ်ကာလနဲ့အညီ လိုအပ်တဲ့အချိန်မှာ ပြင်သင့်တယ်လို့ ယူဆတဲ့ အတွက်ကြောင့်ဖြစ်ကြောင်း ပြောပါတယ်။

ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံဖြိုးတိုးတက်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ ပါတီထိပ်တန်းခေါင်းဆောင်များ ဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးကျော်ဆန်းတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်စရာ မလိုသေးဘူးလို့ယူဆ ပေမယ့် ပါတီရဲ့ သဘောထားကတော့ စီအီးစီရဲ့ အဆုံးအဖြတ်ပေါ် မူတည်ကြောင်း၊ “မကြာခင်ကာလမှာ အဖြေပေါ်မှာပါ”လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ သူရဦးရွှေမန်းက ပြောပါတယ်။

သားသမီးတွေ လုပ်ကိုင်နေတဲ့ စီးပွားရေးအနေနဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရ ဥပဒေနဲ့ အညီလုပ်ကိုင်တဲ့ မှန်ကန်တဲ့စီးပွားရေးသာဖြစ်ပြီး အချိန်မရွေး မေးခွန်းထုတ်နိုင် စစ်ဆေးနိုင်ပြီး မှတ်ကျောက်တင်ခံရဲတယ်လို့လည်း ဧရာဝတီကို ပြောဆိုပါတယ်။

” မိမိတာဝန်ရှိတဲ့ အချိန်တုန်းက တချို့က ပြောကြတယ်။ စီးပွားရေး ရှေ့ထွက်လုပ်ရင် မကောင်းပါဘူး။ ဒါကြောင့်မို့လို့ မလုပ်သင့်ဘူး ဆိုပြီးတော့ ကောင်းတဲ့ အကြံဉာဏ်တွေ ပေးပါတယ်။ အဲတော့ ကိုယ်က ပြောပါတယ်။ နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးမှာ မှန်ကန်တဲ့ စီးပွားရေး လုပ်ကိုင်ခွင့် ရှိတယ်။ လုပ်မှာဘဲ။ လုပ်တဲ့အခါ မှာ ဥပဒေနဲ့ ညီဖို့ လိုတယ်။ မတရား အခွင့်အရေးတွေ မယူမိဖို့ လိုတယ်။ လုပ်ပါစေ။ သူလုပ်တဲ့အခါမှာ ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေအရ အတိုင်းအတာအရ သူ့ဟာသူ အပစ်ပေးလိမ့်မယ်။ ဆိုပြီးတော့ ဒီလိုဘဲ ခိုင်းခဲ့တယ်။ ဒီနေ့လည်း ဒီအတိုင်းရပ်တည်ထားတယ်” လို့ ဆိုပြီး “တကယ်လို့ အဲဒီအတွက် တခုခုဖြစ်မယ်ဆိုရင်လည်း တာဝန်ယူရဲတယ်။ တာဝန်ခံရဲ တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း သူတို့လုပ်နေတဲ့ စီးပွားရေး လုပ်ဆောင်ဖို့အတွက်ကိုလည်း ကိုယ်က အခွင့်အလမ်း တရပ်အနေနဲ့ သီးခြားဖန်တီးပေးခဲ့တာ မရှိဘူး” လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

ခရိုနီတွေနဲ့ ပတ်သက်လို့ကတော့ အရင်စစ်အစိုးရလက်ထက်မှာ တိုင်းပြည် လိုအပ်ချက်ကို ဝိုင်းဝန်းဆောင် ရွက်ပေးလို့ တိုင်းပြည် အဆင်ပြေသွားတာရှိသလို၊ သူတို့လည်း အဆင်ပြေသွားတာလည်း ရှိကြောင်း ပြောဆိုပါတယ်။ သို့သော် ဆန်ရှင်က လွှတ်မလွှတ်ဆိုတာ မိမိတို့နဲ့ မဆိုင်ဘူး၊ အမေရိကန်နဲ့သာ ဆိုင်တယ်လို့ ဆိုပါတယ်။

ယခု သီတင်းကျွတ်တွင်မူ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက်ကန်တော့ရန် ရှိကြောင်းလည်း သူရဦးရွှေမန်းက ယခုလို ပြောဆိုသွားခဲ့ုပါတယ်။

“ဒါကတော့ မြန်မာဓလေ့ထုံးတမ်းဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာတော့ သူရဲ့လွှမ်းမိုးမူကတော့ မရှိပါဘူး။ အန်ကယ့်ဘက်က ပြောရမယ်ဆိုရင်တော့  လူကြီး တယောက်လို မှတ်ထားတယ်။ နိုင်ငံ့အတွက်လည်း သူ စေတနာထားပြီး လုပ်ခဲ့တယ်။ ကောင်းတာတွေလည်း ပေါ်ပေါက်သလို တချို့ကိစ္စေတွေလည်း ပြောင်းပြန် အကျိုးသက်ရောက်မူတွေ ရှိတာပေါ့။ နိုင်ငံရေးမှာတော့ လောလောဆယ် သူ့အနေနဲ့ ထဲထဲဝင်ဝင် ပါတဲ့အနေအထား မရှိပါဘူး။ တပ်မတော်ပေါ်မှာလည်း ဒီအတိုင်းပါဘဲ။ သို့သော် အရှိန်အဝါနဲ့ အစဉ်အလာဆိုတဲ့ သဘောကတော့ ရှိနိုင်တယ်။ ဘာလုပ်လိုက်ပါ ဘာမလုပ်လိုက်ပါနဲ့ဆိုတဲ့ အနေအထားတော့ မရှိပါဘူး” လို့ ပြောဆိုသွားပါတယ်။

Loading