Religion

ကျောင်းကုန်းမြို့တွင် ၉၆၉ တရားပွဲကြောင့် ဘက္ကရီအီးဒ်နေ့ပွဲ ရွှေ့ဆိုင်း

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့ကျရောက်သည့် အစ္စလမ်ဘာသာဝင်တို့၏
ဘက္ကရီအီးဒ် နေ့ပွဲတော်ကို ၉၆၉ တရားပွဲ ကျင်းပသည့်ရက်နှင့်တိုက်ဆိုင်နေသဖြင့်  ရွှေ့ဆိုင်းပြီး ယနေ့အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဘက္ကရီအီးဒ်နေ့ ဝတ်ပြုဆုတောင်းပွဲ ကျင်းပကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် အစ္စလမ်ဘာသာဝင်တို့၏ ဘက္ကရီအီးဒ်ပွဲတော်နှင့် တရားပွဲတိုက်ဆိုင်နေသည့်အတွက်  ကျောင်းကုန်း မြို့ခံ အစ္စလမ် ဘာသာဝင်များက ဝတ်ပြုခြင်းအစီအစဉ်ကို ယနေ့ အောက်တိုဘာ  ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ကျောင်းကုန်းမြို့အခြေစိုက် မြန်မာမွတ်စလင် လူငယ်အသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်က “တရားပွဲနဲ့တိုက်နေတဲ့အတွက်  အစ်နေ့ အစီအစဉ်ကို ၁၇ ရက်နေ့ကို ရွှေ့ထားပါတယ်။ ကျနော်တို့ ဗလီလူကြီးတွေ စုဝေး တိုင်ပင်ပြီးတော့ ခုလို စီစဉ် လိုက်တာပါ။ ၁၇ ရက်နေ့ မှာ လည်း ဗလီမှာ ဘုရားရှိခိုးဝတ်ပြုကြမှာပါ။ အမဲပေါ်ဖို့ တော့ အစီအစဉ် မရှိပါဘူး။ ဒီဒေသ အခြေအနေ အရ မပေါ်ဖို့ ဆုံးဖြတ်ထားတာပါ”ဟု ပြောသည်။

အစ္စလမ်ဘာသာဝင်တို့၏ ပွဲတော်နှင့့်  ၉၆၉ တရားပွဲ တိုက်ဆိုင်မှု၏ နောက်ဆက်တွဲ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ ထပ်မံ ဖြစ်ပွားခြင်း မရှိစေရန် လုံခြုံရေး တိုးမြှင့် ချထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က ဧရာဝတီသို့ ပြောသည်။

“လုံခြုံရေးအများကြီးချထားတယ်။ ရဲအင်အားက ၂၀၀ ကျော်၊ တပ်က လက်ရှိမှာ ၃၂ ယောက်လောက်ရှိတယ်။ လုံခြုံရေး ကတော့ ပဋိပက္ခတွေ ထပ်မဖြစ်လာအောင်၊ ဖြစ်လာရင်လည်းအဆင်သင့်ရှိနေအောင် ဝိုင်းထိန်းမယ့် သဘောနဲ့  လုံခြုံရေး တိုးမြှင့်ထားတာ”ဟု ဦးသိန်းနိုင်က ဆိုသည်။

ကျောင်းကုန်းမြို့တွင် ဗလီ ၂ လုံးရှိပြီး မွတ်စလင်မိသားစု ၂၀၀ ကျော် အခြေချ နေထိုင်သည်ဟု သိရသည်။

အောက်တိုဘာ ၁၆ ရက်နေ့ ကျောင်းကုန်းမြို့ မိုးကောင်းဘုရားကြီး ပရဝဏ်အတွင်းတွင့် ၉၆၉ တရားပွဲကျင်းပခဲ့ပြီး  ရန်ကုန်၊ ဟင်္သာတ၊ ရေကြည်၊ ကျောင်းကုန်း၊ ပန်းတနော်၊ ဒါးက၊ အိမ်မဲစသည့်မြို့များမှ သံဃာတော်များ အပါအဝင် သံဃာအပါး ၇၀၀ ကျော်နှင့် လူထုပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါပွဲတွင် ၉၆၉ အမှတ် တံဆိပ် များ ကပ်ထားပြီး ၉၆၉ ၏အဓိပ္ပာယ်ကို ဆရာတော်များက ရှင်းလင်းပြောကြားခဲ့ကြောင်း၊မျိုးစောင့် ဥပဒေ နှင့်ပတ်သက်၍ ထောက်ခံလက်မှတ်ရေးထိုးခြင်းများကို တရားပွဲတွင် ပြုလုပ်ခဲ့ပြီး တရားပွဲကျင်းပချိန် ကျောင်းကုန်းမြို့ရှိ နေအိမ်များတွင် သာသနာ့ အလံများ လွှင့်ထူထား ခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

ကျောင်းကုန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစောလွင်က “အမျိုး၊ ဘာသာ ၊သာ သနာ စောင့်ရှောက်ရေး ပွဲလုပ်ဖို့စီစဉ်နေတာ ကြာပါပြီ။ အဓိကရုဏ်းတွေ မဖြစ်ခင် ကတည်းကပါ။  အခုက အစ်နေ့နဲ့ မထင်မှတ်ဘဲ တိုက်ဆိုင်သွားတဲ့သဘောပါ။ ပရိတ်သတ်ကတော့ လူ ၂ သောင်းနီးပါးရှိမယ်။ တမြို့လုံး ကတော့ သာသနာ့ အလံတွေ လွှင့်ထူထားတယ်”ဟု ပြောသည်။

ကျောင်းမြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မကျင့်သည်ဆိုသော အမှုဖွင့် တိုင်ကြားမှု အပေါ် အခြေခံ ၍ အောက်တိုဘာလ ၅ ရက်နေ့ညပိုင်းက အဓိကရုဏ်း တရပ် ဖြစ်ပွားခဲ့ပြီး မွတ်စလင် နေအိမ် ၂ လုံး၊ နွားတင်း ကုပ် ၂ ခု နှင့် မွတ်စလင်သင်္ချိုင်းမှ အစောင့်တဲ ၁ လုံး ဖျက်ဆီး ခံခဲ့ရကြောင်း၊ အဓိကရုဏ်း နှင့်ပတ်သက်၍ သံသယ ရှိခံရသူ ၆ ဦးကို အာဏာပိုင်များက ပုသိမ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ဥပဒေအရ တရားရုံးတင်အရေးယူနိုင်ရေး သက်ဆိုင် ရာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Loading