စစ်ဘက် ဆက်ဆံရေး အရှိန်မြှင့်ရန် တရုတ် သမ္မတ ပြောဆို
This article has been converted from Zawgyi One to Unicode
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြန်မာ ၂ နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်း ပြောဆိုကြောင်း သတင်း ရရှိသည်။
တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သော သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် တရုတ် နိုင်ငံ ဘေဂျင်းမြို့ တီယန်နမင် စကွဲယားရှိ ပြည်သူ့ မဟာခန်းမ ဆောင်တွင် ယမန်နေ့က တွေ့ဆုံစဉ် ဆွေးနွေးကြ ခြင်းဖြစ် ကြောင်း ရန်ကုန် အခြေစိုက် တရုတ် သံရုံး က သတင်း ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံမှုတွင် ၂ နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအတွက်သာမက ပြောင်းလဲလာသည့် ကမ္ဘာ့အခင်းအကျင်းနှင့် ဒေ သ တွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့အတွက်ပါ အကျိုး ဖြစ်ထွန်းစေရေး၊ မြန်မာ- တရုတ် ၂ နိုင်ငံကြား ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ဆက်ဆံရေး အဆင့်အထိ တိုးမြှင့်ဆက်ဆံသွားရေး တို့ကိုလည်း တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင် က ပြောကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယခုကဲ့သို့ တွေ့ဆုံမှုတွင် တရုတ် သမ္မတက “အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် လုပ်ဖော်ကိုင်ဖက် ကောင်းများ” အဖြစ် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ၂ နိုင်ငံ ဆက်ဆံရေးကို ပုံဖော်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသည် အလွန်အရေးကြီး သဖြင့် အလေးထားပြီး မြန်မာနိုင်ငံတွင်း တိုင်းရင်းသားများနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ထောက်ခံ အားပေး နေကြောင်းလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနှင့်တရုတ် ၂ နိုင်ငံ၏ ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ဆက်ဆံရေး သည် အလွန်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံက ကာလရှည်ကြာစွာကတည်းက ထောက်ခံ အားပေးမှုများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းက ငြိမ်းချမ်း တည်ငြိမ်ရေး ဆောင်ရွက်မှုများတွင် တရုတ်နိုင်ငံ၏ အပြုသဘော ပါဝင်ပေးသည့် အခန်းကဏ္ဍအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်လိုသည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောဆိုကြောင်း သိရသည်။
ယခင်က တရုတ်-မြန်မာ ၂ နိုင်ငံအကြား အစိုးရချင်း ဆက်ဆံရေးနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ဗမာပြည်ကွန်မြူနစ် ပါတီ ကြား ပါတီချင်း ဆက်ဆံရေးမျိုးသာ ရှိခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း သခင်ချန်ထွန်းက ဧရာဝတီ ကို ပြောသည်။
ယခု ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ သမ္မတ ရှီကျင့်ဖျင်တို့၏ ၂ နိုင်ငံ ဆက်ဆံရေးတွင် စစ်ဘက်ချင်း ဆက်ဆံရေး ပြောဆိုမှုသည် ပထမဆုံး ဖြစ်သည်ဟုလည်း သူက ဆိုသည်။
ယင်းသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် သမ္မတ တို့၏ တွေ့ဆုံမှုသည် ထူးခြားမှု ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာပြီးနောက်ပိုင်း မြန်မာနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးများ ရှိလာသည့်အပေါ် တရုတ် နိုင်ငံက စိုးရိမ်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေး၊ နိုင်ငံရေးလေ့ လာ သူ ဦးအောင်ကျော်ဇော ကလည်း ဧရာဝတီ ကို ပြောသည်။
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာပြီး နောက်ပိုင်း၊ မြန်မာနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံမှု ရှိလာတယ်။ အထူး သဖြင့် အမေရိကန်နဲ့ ဆက်ဆံရေးပေါ့။ အဲဒီအပေါ်မှာလည်း တရုတ်ပြည်က အတော်ကိုစိုးရိမ်တယ်”ဟု သူက ဆိုသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး၊ ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် အနောက်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ပုဂ္ဂိုလ် များနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက်ပိုင်း တရုတ်နိုင်ငံဘက်က စိုးရိမ်မှု ပိုလာခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ဗမာအစိုးရက အမေရိကန်နဲ့ တရုတ်ကြားမှာ ကစားချင်တဲ့အခါကျတော့ တရုတ်ခေါင်းဆောင်တွေ လက်ခံနိုင်လောက်တဲ့ အခြေအနေမျိုးကို သူနဲ့ အမေရိကန် ဆက်ဆံရေး ပြောမယ်ထင်ပါတယ်”ဟု ဦးအောင်ကျော်ဇောက ပြောသည်။
ထို့အပြင် မြန်မာ့ တပ်မတော်သည် တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် တရုတ် နိုင်ငံက စစ်လက်နက် ပစ္စည်းများ ဆိုင်ရာ အကူအညီများ နည်းလမ်းမျိုးစုံဖြင့် ရနေသည်ဟု သံသယဖြစ်နေပြီး အကူ အညီ မပေးရေး အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းဆိုနိုင်သည်ဟု သူက ခန့်မှန်းသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းက တရုတ်နိုင်ငံ၏ ငွေကြေး ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် မြစ်ဆုံ ဆည် စီမံကိန်းကို ပြည်သူအများ၏ ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန်က ဆိုင်ငံ့ထားခဲ့ပြီးနောက်ပိုင်း ၂ နိုင်ငံ ဆက်ဆံရေး သည် ပို၍ အေးစက် လာသည်ဟုလည်း ဦးအောင်ကျော်ဇော က ဆိုသည်။
“အဲဒီနောက်ပိုင်း တရုတ်ဘက်ကလည်း မြန်မာနဲ့ ဆက်ဆံရေးကို ပြောင်းလဲလာတယ်၊ အရင်က အာဏာရှိသူနဲ့ ဆက် ဆံ ရေး မျိုးပဲ ရှိခဲ့တာ၊ ဒီနောက်ပိုင်း အတိုက်အခံနဲ့လည်း ဆက်ဆံလာတယ်”ဟု ဦးအောင်ကျော်ဇော်က ပြောဆိုသည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းအဖြစ် ကမ္ဘာတည်သရွေ့ရှိနေပြီး တရုတ်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးသည် ညီမျှသည့် ဆက်ဆံရေး စနစ်ရှိကြရမည်သာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က လည်း ထုတ်ဖော်ပြောဆိုထားသည်။
ယခုနောက်ပိုင်းတွင် တရုတ်နိုင်ငံက အတိုက်အခံသည် မြန်မာနိုင်ငံတွင် လက်တွေ့ အာဏာမရှိသည့်အတွက် ယခင် ဆက် ဆံ ရေးပုံစံအတိုင်း အာဏာရှိသူနှင့်သာ ပြန်လည် ဆက်ဆံလာကြောင်း၊ မြန်မာနိုင်ငံကို အမေရိကန်နှင့် ပိုမိုနီးစပ်မှု မရှိစေ ရန် မြန်မာအစိုးရနှင့် အဓိကကျသည့် မြန်မာခေါင်းဆောင်များကို ယခင်ကထက် ပိုမို ထောက်ပံ့ပြီး ဆွဲဆောင် စည်းရုံးနေကြောင်းလည်း ဦးအောင်ကျော်ဇောက ပြောသည်။
“အခု ကာ/ချုပ် မင်းအောင်လှိုင်ကို သမ္မတက တွေ့တယ် ဆိုတာလည်း ဒီအတွက်ပါပဲ”ဟု သူက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ပြီး သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ်၊ တရုတ်နိုင်ငံ လေယာဉ် တည်ဆောက်မှု နည်းပညာနှင့် စက်မှုကော်ပိုရေး ရှင်း၊ Norinco စစ်လက်နက်ပစ္စည်း ကုမ္ပဏီ များသို့လည်း သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။