သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း ကွယ်လွန်
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း၏ နာယကဟောင်း သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်းသည် ယနေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားသည်။
မဟာမြိုင်ဆေးရုံသို့ ယခုလ ၁၁ ရက်က စတင်၍ လူကြီးရောဂါဖြင့် တက်ရောက်ဆေးကုသမှု ခံနေခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်သည်။ လာမည့် စနေတွင် ရန်ကုန် ရေဝေးသုဿန်တွင် သဂြိုဟ်မည်ဟု ကျန်ရစ်သူ မိသားစုဝင်များက ဆိုသည်။
သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်းသည် လွတ်လပ်သော သတင်းစာလောကတွင် ဩဇာအရှိဆုံး သတင်းစာဆရာကြီးတစ်ဦးဖြစ်သည်။ ၁၉၈၉ ခုနှစ် ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ သတင်းစာ အယ်ဒီတာများအဖွဲ့ချုပ် (International Press Institute) အစည်းအဝေးတွင် ဖတ်ကြားခဲ့သည့် သူ့မိန့်ခွန်းတွင် “ပုံစံမတူတဲ့ အစိုးရတွေအောက်မှာ နှစ်ပေါင်း ၄၀ ကျော် ဂျာနယ်လစ်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ လွတ်လပ်တဲ့ သတင်းစာလုပ်ငန်းဟာ အစိုးရတွေရဲ့ သားကောင်ဓားစာခံတွေ အမြဲဖြစ်ခဲ့ရတယ်။ ကိုလိုနီအစိုးရက သူပုန်လို့ မြင်တယ်။ အမျိုးသားဒီမိုကရေစီအစိုးရတွေက ပြိုင်ဘက်လို့ မြင်တယ်။ အမျိုးသားအာဏာရှင်အုပ်ချုပ်ရေးအဖွဲ့များကတော့ ရန်သူအဖြစ် သတ်မှတ်ပါတယ်”ဟု ရေးသားခဲ့သည်။
ဦးစိန်ဝင်းကို ၁၉၂၂ခုနှစ် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ဖခင်ဦးဘိုးပျော့၊ မိခင်ဒေါ်ပိုးရင်တို့က မွေးဖွားခဲ့သည်။ ငယ်စဉ်က ကျောင်းကုန်းမြို့၊ အင်္ဂလိပ်မြန်မာ ဗုဒ္ဒဘာသာ အလယ်တန်းကျောင်း၌ ပညာသင်ကြား၍ ၁၉၄၀တွင် ပုသိမ်မြို့စကောကရင် အထက်တန်း ကျောင်းမှ အထက်တန်းအောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်မြန်မာပြည်သို့ကူးစက်လာသဖြင့် ရန်ကုန်တက္ကသိုလ်ကို ပိတ်လိုက်ရရာ ဂျပန်နိုင်ငံ ဖူးကာအိုမြို့၌ ပညာဆက်လက်သင်ယူ ပြီး ၁၉၄၅ခုနှစ် စစ်ပြီးချိန် မြန်မာပြည်သို့ပြန်ခဲ့သည်။
သတင်းထောက်လုပ်ကိုင်ရင်း ရန်ကုန်တက္ကသိုလ်မှ ဘီအေနှင့် ဘီအယ်လ်ဘွဲ့များရယူခဲ့သည်။ ဂျပန်ပြည်သို့မသွားမီ မြန်မာ့အလင်း သတင်းစာတိုက်၌ စေတနာ့ဝန်ထမ်း ဘာသာပြန်အဖြစ် ဝင်ရောက်လုပ်ကိုင်ကာ သတင်းစာလုပ်ငန်းတွင် စတင်ခဲ့သည်။
၁၉၄၆ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်၌ အလုပ်သင်သတင်းထောက်အဖြစ် စတင်ဝင်ရောက်ကာ သတင်းစာလုပ်ငန်းသို့ အချိန်ပြည့် ဝင်ခဲ့သည့်။ ၁၉၄၇-၄၈ ခုနှစ်တွင် စီးပွားရေးသတင်းစာတိုက်တွင် သတင်းထောက်ချုပ်အဖြစ်လည်းကောင်း၊ ၁၉၄၉-၅၀ ခုနှစ်တွင် နယူးတိုင်းမ်သတင်းစာ၌ လက်ထောက်အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၅၂ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီခေတ်တွင် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ ပြန်ကြားရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ သေးသည်။ ၁၉၅၅ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ “ The Nation” နေးရှင်းသတင်းစာတိုက်၌ လက်ထောက်သတင်းအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။
၁၉၅၅ ခုနှစ် နေးရှင်း ဦးလောရုံ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ သော “ The Nation” သတင်းစာတွင် အယ်ဒီတာအဖြစ်လုပ် ကိုင်နေစဉ် အရှုံးပေါ်နေသော “ The Guardian” သတင်းစာကို တာဝန်ယူပေးရန် ပိုင်ရှင်များက အကူအညီ တောင်းသည့် အတွက် ဂါးဒီးယန်း သတင်းစာသို့ အယ်ဒီတာချုပ်အဖြစ် ပြောင်းရွေ့ရပြန်သည်။
ဦးစိန်းဝင်း လက်ထက်“ ဦးရမည်၊ ထူးရမည်၊ မြန်ရမည်၊ မှန်ရမည်” မူကြောင့် ဂါးဒီးယန်း သတင်းစာမှာ စောင်ရေတက်လာကာ တခြားသော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများနှင့် အပြိုင်ဖြစ်လာသည်။
၁၉၅၈ ခုနှစ်တွင် ဂါးဒီးယန်း အင်္ဂလိပ်သတင်းစာ ပုံနှိပ်ထုတ်ဝေသူ အဖြစ်လည်းကောင်း၊ အယ်ဒီတာချုပ် အဖြစ်လည်းကောင်း တည်ထောင် လုပ်ကိုင်ကာ ၁၉၆၃ ခုနှစ်တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် သတင်းစာများကို ပြည်သူပိုင်သိမ်းဆည်းသည်အထိ ဂါးဒီးယန်းသတင်းစာကို ဦးစီးတည်းဖြတ်ထုတ်ဝေခဲ့သည်။
ဦးစိန်ဝင်းသည် ဂါးဒီးယန်း၌ အယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့သည့်ကာလတလျှောက် တစ်နေ့လျှင် ၁၆ နာရီခန့် အလုပ်ခွင်၌ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ ထိုကြောင့် ယင်းအချိန်က ဦးစိန်ဝင်းနှင့် ခေတ်ပြိုင်သတင်းထောက်များဖြစ်သော ဦးစိန်(ဟံသာဝတီနှင့် နှစ်ဖက်ချွန်သတင်းစာအယ်ဒီတာဟောင်း)၊ ဂျာနယ်ကျော် ဦးတင့်ဆွေ၊ နယူးတိုင်းမ်းဦးအုန်းဖေ (တိုင်းရင်းမေဂျာနယ်ပိုင်ရှင်)၊ အထောက်တော်ဦးတင်မောင်ကြီးတို့က သူ့အား လျှပ်စစ်သတင်းထောက်ကလေးဟု ခေါ်ဆိုသည်အထိဖြစ်ခဲ့သည်။
၁၉၆၀ ခုနှစ်တွင် သတင်းစာဆရာများ ဖမ်းဆီးထိန်းသိမ်းခံရပြီး သတင်းစာအများအပြား တရားစွဲခံရသည့် အရေးနှင့်ပတ်သက်ပြီး ကန့်ကွက်ပြောဆိုမှုကြောင့် တလခန့် ဖမ်းဆီးထိန်းသိမ်းခံရသည်။
သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ် ကြာ အထိန်းသိမ်းခံခဲ့ရပြီး ဂါးဒီးယန်းသတင်းစာလည်း ပြည်သူပိုင်အသိမ်းခံခဲ့ရသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးမတိုင်မီ မြန်မာဆိုရှယ်လစ် လမ်းစဉ် အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်ရာ ဂါးဒီးယန်း ဦးစိန်ဝင်းလည်း ဗိုလ်မှူးချုပ်အောင်ကြီးနှင့် စစ်အရာရှိဟောင်းကြီးများနှင့် အတူ တလခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသေးသည်။
အမေရိကန်သတင်း အေဂျင်စီဖြစ် သော အေပီသတင်းဋ္ဌာန၏ မြန်မာနိုင်ငံ သတင်းထောက်အဖြစ် ၁၉၆၉ မှ ၁၉၈၉ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး သမီးဖြစ်သူ ဒေါ်အေးအေးဝင်းက ဆက်လက်တာဝန်ယူ လုပ်ကိုင်နေသည်။
ဂါးဒီးယန်းဦးစိန်ဝင်းရေးသားခဲ့သည်များတွင် “အကွဲအပြဲဇာတ်လမ်းများ(The Split Story)” စာအုပ်မှာ ဖဆပလခေတ်ပါတီများ ကွဲပြဲကြသည့် အကြောင်းကို သတင်းသမားအမြင်ဖြင့် အင်္ဂလိပ်-မြန်မာနှစ်ဘာသာရေးသားခဲ့ပြီး ထင်ရှားသောစာအုပ်ဖြစ်သည်။
အရှင်ဇနကာဘိဝံသ၏ ဘာသာရေး၊ သာသနာရေးကိစ္စ အမေးအဖြေများကို စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။
ဦးစိန်ဝင်းသည် ၁၉၆၁-၆၂ နှင့် ၁၉၆၂-၆၃ ခုနှစ်များတွင် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၆၃-၆၄ ခုနှစ်တွင် သူ ဦးဆောင်တည်ထောင်ခဲ့သော စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းဥက္ကဋ္ဌ၊ နာယကတာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
ထို့အပြင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်အခြေစိုက် အပြည်ပြည်ဆိုင်ရာ သတင်းစာ အယ်ဒီတာများအဖွဲ့ချုပ်တွင် ဗဟိုအလုပ်မှုဆောင်အဖြစ် ၁၉၆၃-၆၆ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ၁၉၆၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် အပြည်ပြည်ဆိုင်ရာ သတင်းစာထုတ်ဝေသူများ အဖွဲ့ချုပ်က ချီးမြှင့်သော ရွှေကလောင်ဆုကို ချီးမြှင့်ခံရသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက်တွင်မှ သွားရောက်ယူနိုင်ခဲ့သည်။
“သူ မရှိတော့ ကျနော်တို့တွေ ရွာလည်တော့မယ်။ သူဟာ တကယ့် ဗဟုသုတ ရွှေတွင်းကြီးပါ”လို့ ၁၉၇၆ မှ ၂၀၁၁ ခုနှစ်ထိ ဘန်ကောက်မြို့တွင် ရုံးထိုင်ခဲ့သော အေပီသတင်းဌာန၏ ဌာနမှူး ဒန်းနစ်စ်ဒီဂရေးက အေပီသတင်းဌာနသို့ ပြောဆိုသည်။
ဦးစိန်ဝင်း ကွယ်လွန်ချိန်တွင် သမီးသုံးဦးနှင့် မြေး ၇ ဦး ကျန်ရစ်ခဲ့သည်။
ရန်ပိုင် ပါဝင်ရေးသား သတင်းပေးပို့သည်။