ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှု ပိုမို ကျယ်ပြန့်ရန် လို
This article has been converted from Zawgyi One to Unicode
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးနှင့် အသစ်ပြန်လည်ရေးဆွဲရေးတို့နှင့် ပတ်သက်ပြီး ပြည်သူလူထုပိုမိုပူးပေါင်းပါဝင်နိုင်စေရန်နှင့် သိရှိနားလည်လာစေရန်အတွက် မြို့ပြနိုင်ငံရေးမှ ဖောက်ထွက်ကာ ကျေးလက်များအထိ လုပ်နိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။
ယမန်နေ့ ရန်ကုန်မြို့ တောင်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်”မှ ဦးဆောင်ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူများက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ တိုင်းပြည်တွင် အစိုးရနှင့် ပြည်သူတို့အကြား ချုပ်ဆိုသော သဘောတူစာချုပ်ဖြစ်သောကြောင့် ထိုဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် သို့မဟုတ် အသစ်ရေးဆွဲရာတွင် ပြည်သူများအနေဖြင့် ကြားလူများမှတဆင့် လိုချင်သည်များကို မပြောပဲ မိမိတို့လိုချင်သောအချက်များ၊ မိမိတို့ ပြင်ချင်သောအချက်များကို ရှင်းလင်းစွာ သိရှိပြီး ပွင့်လင်းတက်ကြွစွာ ပြောဆိုကြရန် လိုအပ်ကြောင်း ပြောကြသည်။
စာရေးဆရာ ဦးဖေမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စကို အများပြည်သူများ သိလာ၊ မြင်လာ၊ စိတ်ဝင်စားလာစေရန် စည်းရုံးလှုံဆော်ဖြန့်ချိရန် လိုအပ်ကြောင်း၊ ယခုကွန်ရက်ကိုလည်း ပြည်သူလူထုများပူးပေါင်းပါဝင်သော ပြည်သူ့ကွန်ရက်ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးစား ရမှာဖြစ်ကြောင်း၊ နိုင်ငံတဝှမ်းလုံးပါသော လူထုစည်းဝေးပွဲမျိုးဖြစ်လာစေရန်
ကြိုးစားရမည်ဟု ဆိုသည်။
“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်အပေါ်များအခြေခံ ရေးဆွဲထားတဲ့ ဥပဒေဖြစ်နေပါတယ်။ အခု ဒီဖွဲ့စည်းပုံကို ပြင်ဖို့၊ အသစ်ရေးဖို့ ပြောလာတဲ့အချိန်မှာ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနိုင်ငံကို ထူထောင်ချင်နေတဲ့အတွက် အခြေခံဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့ ပြည်သူတွေ စိတ်ပါလက်ပါဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ရခိုင် တိုင်းရင်းသား ဝါရင့် နိုင်ငံရေးသမား ဦးအေးသာအောင်ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် ဆိုသည်။
ထို့အပြင် လက်ရှိ ကျင့်သုံးလျှက်ရှိသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ဆန့် ကျင်နေသည့်အတွက် စစ်တပ်နှင့် အရပ်ဘက်တို့အကြား ချစ်ကြည်စွာ ဆက်ဆံရေးကို အနှောက်အယှက်ဖြစ်နေသည့်အတွက် ပြန်လည်ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးတို့တွင် တပ်မတော်နှင့် ပြည်သူ ချစ်ကြည်ရေးကို လိုလားကြသော တပ်မတော်အရာရှိများကိုယ်တိုင် ပါဝင်ဆောင်ရွက်ပေးကြရန် ဖိတ်ခေါ်လိုက်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ အမှု ဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ခင်မမမျိုးက ဆွေးနွေးပွဲတွင် ထည့်သွင်းပြောသွားသည်။
၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း ယခုလို စပွင့်လင်းကာအချိန်တွင်ပင်ရှိနေသောကြောင့် နိုင်ငံရေးလှုပ်ရှားမှုများသည် မြို့ကြီးများတွင်သာ လှုပ်ရှားနေသေး သည့် မြို့ပြနိုင်ငံရေးအဆင့်တွင်ရှိနေသေးကြောင်း၊ သို့ပေမယ့် မီဒီယာ ပွင့်လင်းမှု ရှိလာသည့်အတွက်ကြောင့် တနေရာရာတွင် ဆွေးနွေးချက်၊ ဟောပြောချက်များကို ထုတ်လွှင့်ရေးသားလာသည့်အတွက် စာဖတ်သူအများ နားလည်သိရှိလာကာ ပူးပေါင်းပါဝင်လာနိုင်ရေး အခွင့်အလမ်းတခုဖြစ်လာကြောင်း ဆိုသည်။
“ဒါပေမယ့် ဖြစ်သင့်တာကတော့ နယ်တွေမှာ လူတွေကိုယ်တိုင်တွေ့ပြီးတော့ လုပ်နိုင်ခဲ့မယ်ဆိုရင် လူထုရဲ့ စိတ်ဝင်စားမှု၊ နိုးကြားမှု ပိုကောင်းမှာပေါ့။ လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်တဲ့အဖွဲ့အစည်းမျိုးတွေ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့သူတွေ လုပ်သင့်တယ်။ အဲဒီလိုလုပ်ဖို့ဆိုတာမှာလည်း ဘဏ္ဍာရေးက ပြဿနာပဲ။ ပွဲတစ်ခု စီစဉ်တာမှာ ဒီခေတ်မှာက ကမကထပြုပေးမယ့်သူတွေမရှိရင် မဖြစ်ဘူး။ ဒါက တကယ့်အကြီးဆုံး အတားအဆီးပဲ” ဟု ဦးကိုကိုကြီးက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြသနာများသည် နိုင်ငံရေးပြဿနာများသာ ဖြစ်ပြီး ဥပဒေရေးရာ ပြဿနာများ မဟုတ်ဟု မြင်ကြောင်းလည်း ဦးကိုကိုကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင် မြစ်ဆုံလျှပ်စစ် စီမံကိန်းပြီးနောက် ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စသည် ဒုတိယမြောက် တမျိုးသားလုံးနှင့် သက်ဆိုင်ခဲ့သော အရေးကိစ္စ ဖြစ်လာကြောင်း ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်း အောက်တိုဘာ ၁၄ ရက်နေ့က ကျင်းပသော လူ့ဘောင်သစ်ပါတီ ၂၅ နှစ်ပြည့်နေ့တွင် ပြောဆိုခဲ့သည်။
“ဒါဟာ အမျိုးသားရေး အကြောင်းအရာကြီး ဖြစ်နေပါပြီ။ ဒီထက်ပိုပြီး ပြည်သူတွေနိုးကြားတက်ကြွလာအောင်၊ ပူးပေါင်းပါဝင်ချင်လာအောင် အလုပ်လုပ်ကြရတော့မှာပါ။ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ အားလုံးရဲ့ အနှစ်သာရလိုချင်တာ ကျနော်တို့ရဲ့ လူမှုစာချုပ်မှာ တစ် အခွင့်ထူးခံမှုရယ် ဒုတိယ ဖိနှိပ်ချုပ်ချယ်မှုရယ် အဲဒီ ၂ ခု ကင်းစင်အောင်၊ နည်းနိုင်သမျှနည်းအောင် လုပ်ဖို့ပါပဲ။ ကြိုက်တဲ့နည်းလမ်းကိုရွေးပါ။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေမယ်” ဟု ဦးမင်းကိုနိုင်က ပြောဆိုသည်။