အဆိုတော် စန္ဒီ (၁၅၀၀) (ခ) အေးမြတ်စန္ဒီသော် ဟာ အစာအိမ်ရောဂါ ဖြစ်နေစဉ်မှာပဲ အသားဝါရောဂါပိုး ဝင်ပြီး အောက်တိုဘာ ၁၆ ရက်နေ့က သူနေထိုင်ရာ တိုက် ၃၊ အခန်း ၃၀၁ ၊ အင်ကြင်းမြိုင်အိမ်ရာ ဗိုလ်ချို ၁ ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၃၀ ရှိပြီဖြစ်တဲ့ စန္ဒီ (၁၅၀၀) ဟာ အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုထားတဲ့ လက်ခုပ်နှစ်ဘက် သီချင်း၊ (၁၅၀၀) အချစ်သီချင်းတွေနဲ့ ပရိသတ် အသိအမှတ်ပြု ခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။ (၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီးထွက်ရှိထားပြီး လတ်တလောမှာလည်း ဒုတိယတေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သူ့မိခင်က ပြောပြပါတယ်။
“ကျမသမီးလေးက အစာအိမ်ရောဂါ ရှိပါတယ်၊ ဗိုက်ခဏခဏ အောင့်တတ်တော့ သူ့ကိုဂရုစိုက်ရတယ်။ အစာအိမ် ရောဂါကြောင့် ဆေးရုံလည်း ခဏခဏ တက်ရတယ်။ ဟိုတလောကပဲ ဆေးရုံ တက်ရသေးတယ်။ အခု နေပြန်ကောင်း ခါစပဲ ရှိသေးတော့ ဒီလိုဖြစ်မယ်လို့လည်း မထင်ဘူးလေ။ အသားဝါ ပိုးဝင်ပြီး ဒီလိုဖြစ်သွားတာပါ။ သူက ကျမကိုလုပ်ကျွေးနေတဲ့ သမီး အလိမ္မာလေးပါ” စန္ဒီ (၁၅၀၀) ရဲ့ မိခင်က ဧရာဝတီကို ဟြေပါတယ်။
စန္ဒီ (၁၅၀၀) ရဲ့ ကျန်ရှိတဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၁၈ ရက်နေ့ ဒီနေ့ ညနေ ၄ နာရီမှာ ရေဝေး သုဿာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်မှာ ဖြစ်ကြောင်းသိရပါတယ်။
သူဆက်လက် ကြိုးစားလုပ်ထားတဲ့ သီချင်း ၈ ပုဒ် ပြီးစီးထားတဲ့ အခွေကို အမှတ်တရအနေနဲ့ ပရိသတ်တွေ လက်ထဲကို ရောက်အောင် လုပ်ပေးမှာဖြစ်ကြောင်းလည်း သူ့မိခင်က ဟြေပါတယ်။
“အခုလည်း သူ့ရဲ့ ဒုတိယ တကိုယ်တော် အခွေကို လုပ်နေတာ သီချင်း ၈ ပုဒ် ပြီးသွားပြီ။ သမီးလေး ကြိုးစားပြီးလုပ်ခဲ့တဲ့ သီချင်းတွေကို အမှတ်တရ အနေနဲ့ သမီးကိုချစ်တဲ့ ပရိသတ်တွေ လက်ထဲ ရောက်အောင်လုပ်ပေးမှာပါ။ ကျမကို ဖုန်းဆက်ပြီး သတင်းမေးတဲ့ သမီးရဲ့ ပရိသတ်တွေ၊ အနုပညာ ညီအစ်ကို မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူက ဆိုပါတယ်။