နိုင်ငံရေး ဆွေးနွေးပွဲ အခြေခံစည်းမျဉ်းများ ရေးဆွဲပြီးဟု ဦးအောင်မင်းပြော
This article has been converted from Zawgyi One to Unicode
ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် လိုက်နာကျင့်သုံးရမည့် အခြေခံစည်းမျဉ်းစည်းကမ်းများ(Frame Work)ကို အစိုးရနှင့် တပ်မတော်က ရေးဆွဲပြီးဖြစ် ကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလဆန်းပိုင်း မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကေအိုင်အိုနှင့်အစိုးရငြိမ်းချမ်းရေးကော်မတီအကြား ဆွေးနွေးပွဲကာလအတွင်း ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေး ဆွေးနွေးပွဲ Framework ဆွဲပြီးပြီ။ တိုင်းရင်းသားတွေဘက်ကလည်းဆွဲမယ်။ သူတို့ဆွဲပြီးတာ နဲ့ကျနော် တို့ ဆွဲတာနဲ့ ညှိုမယ်။ သူတို့ဘက်က အဆင်သင့် မဖြစ်တာပဲ ရှိသေးတယ်။ တိုင်းရင်းသား တွေဆွဲပြီးလို့ ညှိုပြီးရင် နည်းလမ်း တခု ရလာမယ်”ဟု ဦးအောင်မင်းက ပြောသည်။
အစိုးရက ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ အခြေခံစည်းမျဉ်းများ(Frame Work)များကို တိုင်းရင်းသားများထံ ချမပြသေးဘဲ နိုင်ငံရေး ပုံစံအပြောင်းအလဲအရ တိုင်းရင်းသား များသည် အစိုးရက ဆရာလုပ် သည့်စနစ်ကို လက်မခံ ခြင်း ကြောင့် ထုတ်မပြခြင်းဖြစ်ကြောင်း နိုင်ငံရေး ဆွေးနွေးပွဲ အခြေခံစည်းမျဉ်း များတွင် တပ်မတော်ကလည်း ပါဝင် ရေးဆွဲ ထားပြီး အခြေခံ စည်းမျဉ်းများတွင် ခေါင်းစဉ် ၇ခုခန့်ပါဝင်သည်ဟု သိရှိရသည်။
“တိုင်းရင်းသားတွေ အားလုံးက အရင်ကလို အစိုးရက ဆရာလုပ်တာသိပ်မကြိုက်ကြဘူး။ ဒီတော့ ဆွဲပြီးတာ တောင် မပြရဲဘူး။ ခေတ် စနစ်ပြောင်းနေပြီဆိုတော့ တိုင်းရင်းသားတွေက ဆွဲလာမယ့်ဟာနဲ့ ကိုယ်တွေဆွဲထားတဲ့ဟာကို ပေါင်းပြီး လုပ်မှာပါ။ ဒီထဲမှာ ဘယ်လို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုအချက်တွေပါဝင်မလဲ။ ဘာတွေဆွေးနွေးမလဲ။ ဒီလို အချက် တွေကို ခေါင်း စဉ်ကြီး ၇ခု အောက်ကနေ အသေးစိတ် ရေးဆွဲထားပါတယ်။ တပ်ပိုင်းဆိုင်ရာ တွေလည်း ပါပါ တယ်။ ခုက တိုင်းရင်းသားတွေ ဘက်ကရေးဆွဲမယ့်(Frame Work)ကိုစောင့်ပြီးမှ ပေါင်းမယ်ဆိုတော့ အစိုးရပိုင်းက ရေးဆွဲ ထား တာကို အသေးစိတ်မပြောသေးတာပါ။ အဓိကကကတော့ တိုင်းရင်းသားတွေဘက်က ရေးဆွဲပြီးရင် ချပြမှာပါ။ တိုင်းရင်းသား တွေကိုဆရာ လုပ်တာမျိုး မဖြစ်စေချင်လို့မပြတာပါ ”ဟု ဦးအောင်မင်းက ရှင်းပြသည်။
ယခု ၂၀၁၃ ခုနှစ် မကုန်မီ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ဦးအောင်မင်းက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက “တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး တပ်အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်အပိုင်းကပါမယ်။ တပ်နေရာချရေးနဲ့ ရပ်တည်မှုတွေပါတယ်။ အသေးစိတ်တော့ မပြောလို သေးပါဘူး။ တိုင်းရင်းသားတွေရေးတာ ကိုလည်း ကြည့်ပြီး ညှိုရမှာပါ”ဟု ၎င်းကပြောသည်။
ချင်းအမျိုး သားတပ်ဦးမှ လက်ထောက် အတွင်းရေးမှုး၂ ဦးရွှေခါးရ်က တိုင်းရင်းသား အားလုံး ပါဝင်သော အကြို ဆွေးနွေးပွဲ တရပ်ကို ကေအိုင်အို၏ ဦးဆောင်မှုဖြင့် လိုင်ဇာတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်ရေး၊ လုပ်ဆောင်နိုင်ရန်အခြေခံစည်းမျဉ်းများကို တိုင်းရင်းသားများ စုပေါင်း ရေးဆွဲ ဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု ဧရာဝတီသို့ ပြောသည်။
ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကမူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပြီး တောင်းဆိုရမည့် အချက်အလက်များ ညှိနှိုင်းပြီးမှသာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား အဖွဲ့အစည်းအားလုံးပါဝင်သော အစည်းအဝေးတရပ်ကို အောက်တိုဘာ ၂၉ရက်နေ့မှ ၃၁ရက်နေ့အထိ ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။