မြန်မာနိုင်ငံ၌ ခေတ်သစ် ကျွန်ပြု ခံရသူပေါင်း ၄ သိန်းနီးပါး ရှိဟု ဆို
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ခေတ်သစ် ကျေးကျွန်ပြုခံရမှု အများဆုံး ၁၀ နိုင်ငံ စာရင်းဝင်ဖြစ်ပြီး လူပေါင်း ၄ သိန်း နီးပါး ရှိကြောင်း သိရသည်။
သြစတြေးလျနိုင်ငံ အခြေစိုက် Walk Free Foundation –WFF က The Global Slavery Index 2013 အမည်ဖြင့် ကမ္ဘာတဝန်း ကျေးကျွန်ပြုခံရမှုများနှင့် ပတ်သက်၍ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်လိုက်ပြီး ကမ္ဘာတဝန်း လူပေါင်း သန်း ၃၀ နီးပါး ခေတ်သစ် ကျေးကျွန်အဖြစ် အသုံးပြုခံနေရကြောင်း ဖော်ပြထားသည်။
WFF ကို ယမန်နှစ်ကမှ သြစတြေးလျနိုင်ငံတွင် အခြေစိုက်ကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟောင်း မစ္စ ဟီလာရီ ကလင်တန်၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ သြစတြေးလျ ဘုန်းတော်ကြီး Tony Abbott ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်များဖြစ်ကြသည့် ဘီလ်ဂိတ်၊ ရစ်ချတ် ဘရန်ဆန်၊ မို အီဘရာဟင် တို့က ကျောထောက်နောက်ခံ ပေး နေ သော အဖွဲ့လည်း ဖြစ်သည်။
နိုင်ငံပေါင်း ၁၆၂ နိုင်ငံ၏ လူဦးရေအပေါ် အခြေခံပြီး အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ လူကုန်ကူးခံရမှု၊ အဓမ္မ လက်ထပ်ထိမ်းမြားမှု၊ အကြွေးကြောင့် လူကို သိမ်းပိုက်ခံရမှု၊ ဆွေစဉ်မျိုးဆက် ကျွန်ဖြစ်မှု၊ လိင်ကျွန်အဖြစ် အသုံးချခံရမှု စသဖြင့် ကဏ္ဍများတွင် မြန်မာနိုင်ငံမှ လူပေါင်း ၃ သိန်း ၈ သောင်း ကျော်လည်း ပါဝင်သည်ဟု အစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာအရ ခေတ်သစ် ကျွန်ပြုခံရသည့် မြန်မာနိုင်ငံသား အရေအတွက်မှာ ပြည်တွင်းအပြင် တရုတ်နှင့်ထိုင်း နိုင်ငံတွင် ရောက်ရှိနေသူများလည်း ပါဝင်ကြောင်း သိရသည်။
နေပြည်တော်ရှိ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ယခုနှစ် ဇန်နဝါရီလမှ စ၍ စက်တင်ဘာ လ အထိ လူကုန်ကူးမှု ဆိုင်ရာ တိုင်ကြားမှုပေါင်း ၆၉ ခုရှိပြီး ထိုင်းနိုင်ငံသို့ ဦးတည်မှု ၁၄ မှု၊ တရုတ်နိုင်ငံသို့ ဦးတည်မှု ၄၂ မှု၊ ပြည်တွင်း မှ ၁၃ မှု ရှိကာ လူပေါင်း ၁၃၀ ကျော်ကို အရေးယူခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“လူကုန်ကူးခံခဲ့ရတာက ကျား ၆၅ ယောက်၊ မ ၁၂၂ ယောက်၊ စုစုပေါင်း ၁၈၇ ယောက်ရှိပါတယ်။ ကယ်တင်လိုက်နိုင် တာ က ကျား ၆၅၊ မ ၁၀၀- စုစုပေါင်း ၁၆၅ ယောက်ပါ”ဟု ၎င်းက ပြောပြသည်။
လူကုန်ကူးခံရသူ စုစုပေါင်း ၂၂ ဦးကို ကယ်တင်၍ မရသေးကြောင်း၊ လူကုန်ကူးမှုဆိုင်ရာ တိုင်ကြားမှုများတွင် အဓမ္မ လက် ထပ်ခြင်းဆိုင်ရာ အမှု ၄၀ လည်း ပါဝင်ကာ တရားခံ ၁၉၅ ဦးအနက် ၆၂ ဦးမှာ တရားခံပြေးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ လူကုန်ကူးမှု တိုက်ဖျက်ရေး အရာရှိက မြန်မာနိုင်ငံ အနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အပါအဝင် အဓမ္မ လုပ် အားပေး ခိုင်းစေမှု၊ အဓမ္မ လက်ထပ်မှု၊ လိင်ကျွန်အဖြစ် အသုံးပြုမှုများကို နိုင်ငံတော် မူဝါဒ ချမှတ်ကာ လုပ်ဆောင် နေကြောင်း၊ ကယ်ဆယ်လိုက်သည့် လူကုန်ကူးခံရသူများကို လူမှုဝန်ထမ်းဌာန သို့ လွှဲပြောင်းပေးအပ်၍ ပြန်လည် ပြုစုပျိုး ထောင် မှု ကဏ္ဍ ကို လုပ်ဆောင်ပေးကြောင်း ဆက်လက် ပြောဆိုသည်။
ခေတ်သစ် ကျေးကျွန်ပြုမှုစနစ်အား ဥပဒေထုတ်ပြန်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ဆောင်မှုအပိုင်းတွင် မြန်မာ နိုင်ငံသည် အသိအမှတ်ပြုခြင်း ခံရသည့် စာရင်းတွင် ပါဝင်ကြောင်းလည်း သိရသည်။
အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၆၂ နိုင်ငံအနက် မောရစ်တန်နီးယား နိုင်ငံက ခေတ်သစ် ကျွန်ပြုခံရခြင်းဆိုင်ရာ ညွှန်းကိန်း အရ အဆိုးဆုံး ဖြစ်ပြီး နိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းသည် ကျွန်အဖြစ် အသက်ရှင်နေကြရသည်ဟု အစီရင်ခံစာက ဆို သည်။
ကမ္ဘာပေါ်ရှိ ခေတ်သစ် ကျေးကျွန် စုစုပေါင်း၏ ၇၂ ရာခိုင်နှုန်းသည် အာရှ တိုက်မှဖြစ်ပြီး အာရှတိုက်အတွင်း အဆိုးဆုံးမှာ အိန္ဒိယဖြစ်ကြောင်း၊ တရုတ် နိုင်ငံ က ဒုတိယ အဆင့်တွင် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် လူပေါင်း ၂.၉ သန်းခန့်သည် အဓမ္မစေခိုင်းခံရခြင်း၊ အဓမ္မတောင်းရမ်းခိုင်းခြင်း၊ အိမ်တွင်း အကြမ်းဖက် ခံနေရခြင်း၊ ကလေးနှင့် အမျိုးသမီးများ လိင်ကိစ္စမတော်မတရား အပြုခံရခြင်းနှင့် အဓမ္မ ထိမ်းမြား လက်ထပ် ခံရခြင်းများ၏ ဓားစာခံ ဖြစ်နေကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
ညွှန်းကိန်း အကောင်းဆုံး နိုင်ငံများမှာ အိုက်စ်လန်၊ ဗြိတိန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ နော်ဝေ၊ လူဇင်ဘတ်၊ ဖင်လန်၊ ဒိန်းမတ်၊ ဂရိစ်၊ ဘယ်လ်ဂျီယမ် စသည့် နိုင်ငံများ ဖြစ်သည်ဟု သိရသည်။
“အစိုးရတွေတော်တော်များများက ကျနော်တို့ အခုလို ထုတ်ပြောလိုက်တာကို မကြားချင်ကြဘူး”ဟု WFF ၏ အကြီး အကဲ Nick Grono ကိုကိုးကားပြီး South China Morning Post သတင်းစာက ဖော်ပြသည်။
WFF အနေနဲ့ နှစ်စဉ် ခေတ်သစ်ကျေးကျွန်ဆိုင်ရာ ညွှန်းကိန်းကို ထုတ်ပြန်သွားမည်ဖြစ်ပြီး အစိုးရများအနေဖြင့် “ပုန်း ကွယ်နေသည့် ရာဇဝတ်မှု”များအပေါ် စောင့်ကြည့် ထိန်းသိမ်းကာကွယ်နိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။
လွန်ခဲ့သည့် ၁၈၀၀ ခုနှစ်များလွန်ကာလက အတ္တလန်တိတ် ကျွန်ကုန်သွယ်ရေးဟာ အဆုံးသတ်သွားခဲ့ပြီလို လူအများ က မှတ်ယူနေခဲ့ကြသော်လည်း အခု အစီရင်ခံစာကြောင့် အံ့သြကြကြောင်း WFF အကြီးအကဲ Grono က ပြောသည်။
“လူတော်တော်များများက အခုထိ ကျွန်စနစ်ရှိနေတယ်လို့ ကြားလိုက်ရတဲ့အပေါ် အရမ်းအံ့သြကြတယ်”ဟု သူက ဆို သည်။
ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်ရန် အချက်အလက် စုဆောင်းရာတွင် အခက်အခဲများစွာရှိကြောင်း၊ ကိန်းဂဏန်း များ ဖော်ပြရာတွင်လည်း သတိကြီးကြီးထားပြီး ဖော်ပြခဲ့ခြင်းသာဖြစ်ကြောင်း သူက ဆက်ပြောသည်။
ခေတ်သစ် ကျေးကျွန်ပြုမှု ဖြစ်ပွားရခြင်းမှာ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ အုပ်ချုပ်ရေးပိုင်း အကျင့်ပျက်ခြားစားခြင်း၊ ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခ ဖြစ်ပွား ခြင်းများနှင့်လည်း ဆက်စပ်နေကြောင်း Walk Free Foundation မှ သုတေသီ Kevin Bales ဦးဆောင် ပြုစုသော စာမျက်နှာ ၁၃၆ မျက်နှာပါ The Global Slavery Index 2013 စစ်တမ်းတွင် ဖော်ပြထားသည်။