ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွား ဂျာမနီ နိုင်ငံသူ နှစ်ဦး ပြီးခဲ့သည့် တနင်္လာနေ့ညပိုင်းက စိမ်းညက်အမ ဂူဘုရား အနီး၌ လုယက်ခံရကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသမီးမှာ စက်ဘီးဖြင့် လှည့်လည်ကြည့်ရှုစဉ် လုယက်ခံရခြင်းဖြစ်ပြီး ကင်နွန်(Canon) ကင်မရာတလုံး၊ ခရက်ဒစ်ကတ် နှစ်ခု၊ မြန်မာကျပ်ငွေ ၂သောင်း ပါသွားကြောင်း ပုဂံနယ်မြေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး တပ်ဖွဲ့ (Tourist Police)က ဧရာဝတီ သို့ ပြောသည်။
“ဒီနေရာတွေက လူတော့ မပြတ်ဘူး၊ ဒါပေမယ့် သူတို့က လမ်းမက မသွားဘဲ မြေလမ်းကသွားတော့ အလုခံရတာပါ၊ လုတဲ့သူကို မမိသေးပါဘူး”ဟု တာဝန်ကျ ရဲအရာရှိက ဆိုသည်။
Tourist Police တပ်ဖွဲ့ အနေဖြင့် ကမ္ဘာလှည့်ခရီးသွားများအား ကူညီနိုင်ရန် ပုဂံ၊ ညောင်ဦး၊ မင်းနန်သူ စသည့်နယ်မြေ ဒေသများတွင် လုံခြုံရေးချပေးခြင်းအပြင် လှည့်ကင်းများဖြင့်လည်း စောင့်ရှောက်လျက်ရှိကြောင်း၊ လုယက်မှုကိုလည်း အမြန်ဆုံး အရေးယူ သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။
ကမ္ဘာလှည့် ခရီးသွားများသည် ၄၂ ကီလိုမီတာခန့်ကျယ်ဝန်းသည့် ပုဂံမြို့ဟောင်းနှင့် မြို့သစ်ဧရိယာအတွင်း စက်ဘီးများ၊ ကားများ၊ မြင်းလှည်းများဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းကပင် တလလျှင် ခရီးသွားဦးရေ ၃ သောင်းခန့် လာရောက်သည်ဟု သိရသည်။
ဧည့်လမ်းညွန် လုပ်ကိုင်နေသည့် ပုဂံဒေသခံ ဦးမျိုးနိုင်ကလည်း “ကမ္ဘာလှည့် ခရီးသွားတွေအပေါ်မှာ ဂိုဏ်းဖွဲ့ ကျူးလွန်တာမျိုးတော့ မရှိသေးဘူး။ အခု လောလောဆယ်တော့ ပိုက်ဆံအိတ် လုပြေးတာလောက်ပဲ ရှိသေးတယ်၊ ဒါကို အခုကတည်းက သေသေချာချာ ကြပ်မတ်ရမယ်၊ ကမ္ဘာလှည့်ခရီးသွား များလာရင် ဒုစရိုက်သမား စားကျက် ဖြစ်လာနိုင်တယ်”ဟု ပြောဆိုသည်။
ကမ္ဘာလှည့် ခရီးသွား များပြားလာသည့်နည်းတူ ၎င်းတို့ လုံခြုံရေးအတွက် Tourist Police ရဲတပ်ဖွဲ့ကို ယခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ပုဂံဒေသတွင်မူ လုယက်မှုများ ဆက်လက်ရှိနေသေးသည်။
“Tourist Police လည်း ကြိုးစားပြီး လစ်ကွက်ဟာကွက်မရှိအောင် လုပ်နေတာကို တွေ့ရပါတယ်၊ ဒါပေမယ့် လာတဲ့ ဧည့်သည်နဲ့ လုံခြုံရေးအဖွဲ့ အချိုးကျတွက်ကြည့်ရင် အရမ်းနည်းနေသေးတော့ လစ်ဟာသွားတဲ့အချိန် အကြံသမားက လုပြေးတာပါ”ဟု ပုဂံဒေသ ရှိ မြန်မာ ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးတင့်ဝေက ဧရာဝတီသို့ ပြောသည်။
ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသည် တနေ့လျှင် ၅၀၀ ခန့်လာရောက်နေရာ ပွင့်လင်းရာသီတွင် ပိုမိုလာရောက်မည်ဖြစ်သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေး ရပ်ရွာလူထုကလည်း ဝိုင်းဝန်းပေးရန် ပညာပေးအစီအစဉ်များဖြင့် စည်းရုံးလှုံ့ဆော်လျက်ရှိသည် ဟု သိရသည်။
မြန်မာနိုင်ငံသည် အပြောင်းအလဲများ ပြုလုပ်လာခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု များပြားလာခြင်းတို့ကြောင့် အာရှ၊ ဥရောပ နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား တိုးတက် များပြားလျက်ရှိရာ ပြီးခဲ့သည်နှစ်က တသန်းခန့် လာရောက် လည်ပတ်ခဲ့သည်။
လာမည့် ၂၀၁၄ နှစ်တွင် ကမ္ဘာလှည့်ခရီးသွား သုံးသန်းခန့် လာရောက်မည်ဟု ခန့်မှန်းနေကြသော်လည်း ဟိုတယ်၊ လုံခြုံရေး စသည့် အခြေခံ အဆောက်အအုံများ မလုံလောက်မှုက အဆင်သင့်မရှိသေးသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးတချို့တွင် ဗုံးပေါက်ကွဲမှုများကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံ အစိုးရများက ၎င်းတို့နိုင်ငံသားများကို သတိပေးမှုများ ပြုလုပ်ခဲ့သေးသည်။
ဗုံးပေါက်ကွဲမှုများကြောင့် ပုဂံဒေသရှိ ဟိုတယ်ကြီးမှ ဝန်ထမ်းများကို လုံခြုံရေးဆိုင်ရာ သင်တန်းများပေးရန် စီစဉ်နေသည်ဟု ဦးတင့်ဝေက ဆက်ပြောသည်။
ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက်သည့် ပုဂံရှေးဟောင်းနယ်မြေ အတွင်း ဗုံးနှင့် ပတ်သက်ပြီး လုံခြုံရေးတိုးမြှင့်ထား မထား ပုဂံမြို့နယ် ရဲစခန်းသို့ ဧရာဝတီက မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုသွားသည်။