မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က SuperCheap ဈေးရုံကြီး မီးလောင်ရာမှာ သေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသေအပျောက် စာရင်းကို ယနေ့ ညနေအထိ အတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့ သိရပါတယ်။
အဲဒီဈေးရုံကြီးမှာ အလုပ်သမား ၃၀၀၀ ဝန်းကျင်ရှိရာ အများဆုံးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံ သားတွေလည်း ပါဝင်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
ဗုဒ္ဓဟူးနေ့ ည ၉ နာရီခွဲလောက်ကနေ လောင်တဲ့ မီးဟာ ကြာသာပတေးနေ့ မနက် ၃ နာရီလောက်မှ မီးညွှန့်ကျိုးသွားတာလို့ မျက်မြင် အလုပ်သမားတွေက ပြောပါတယ်။
SuperCheap ဈေးရုံကြီး မီးလောင်မှုမှာ မြန်မာအလုပ်သမားတွေ ဘယ်လောက် ပါမပါ ဆိုတာကတော့ ရှင်းလင်းနေဆဲ အချိန်မှာပဲ ရှိနေသေးတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်က အတည်ပြုပြောဆိုတာ မတွေ့ရသေးသလို၊ မြန်မာအလုပ်သမားတွေ အတွက် အကူအညီပေးဖို့ သွားရောက်စုံစမ်းနေတဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ကလည်း သေဆုံးသူ ရှိမရှိ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
“သေတဲ့လူတွေ ရှိတယ်လို့တော့ သတင်းကြားပေမယ့်၊ အာဏာပိုင်တွေဘက်က အတည်ပြုထားတာ မရှိသေးပါဘူး၊ ဆေးရုံတွေကို လည်း ကျနော်တို့ သွားလေ့လာတယ်၊ မီးလောင်တဲ့ဈေးက အလုပ်သမားတွေနဲ့လည်း တွေ့ထားတယ်၊ အခုထိတော့ ကျနော်တို့ နိုင်ငံ သား သေတဲ့လူစာရင်း မရှိသေးဘူး၊ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတဲ့ လူတွေတော့ရှိတယ်”လို့ FED အဖွဲ့ တာဝန်ခံ ဦးအောင်ကြည် က ဧရာဝတီကို ပြောပါတယ်။
ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ ဖော်ပြချက်အရတော့ မီးလောင်မှုကြောင့် ခန့်မှန်းခြေ အနည်းဆုံး ဘတ် သန်း ၅၀၀ တန်ဖိုး ပျက်စီးဆုံးရှုံးတယ်လို့ သိရပါတယ်။
မီးလောင်သေဆုံးမှုထဲမှာ မြန်မာနိုင်ငံသားတွေ ပါတယ်လို့ မိတ်ဆွေတွေဆီကနေ သတင်းကြားရပေမယ့် မီးလောင်နေစဉ်မှာတော့ ကိုယ်လွတ်ရုန်းနေရတဲ့ အတွက် လှည့်ကြည့်ဖို့ပင် အချိန်မရဘူးလို့ SuperCheap ဈေးရုံကြီးမှာ ခေါက်ဆွဲရောင်းတဲ့ မြန်မာနိုင်ငံသား ကိုအောင်ဇော်ဦး က ဧရာဝတီကို ပြောပါတယ်။
“တချို့သူငယ်ချင်းတွေကတော့ ဆက်သွယ်လို့မရဘူး၊ တချို့ကတော့ မြန်မာပြည်သားတွေ သေတာရှိတယ်လို့ ပြောတယ်၊ ကျနော် ကတော့ မီးလောင်ကတည်းက အလွတ်ထွက်ပြေးခဲ့ရတာ ဆိုတော့ လှည့်မကြည့်နိုင်ဘူး”လို့ သူက ပြောပြပါတယ်။
SuperCheap ဈေးရုံကြီးဟာ မနက် ၅ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ပြီး အဝတ်အထည်၊ စားသောက်ကုန်၊ အလှကုန်၊ အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံနဲ့ စက်ပစ္စည်း မျိုးစုံ စတာတွေအပါအဝင် ကုန်ပစ္စည်းမျိုးစုံရောင်းချကြောင်း အလုပ်သမားတွေက ပြော ပါတယ်။
ဈေးထဲမှာ အဝတ်အထည်ရောင်းနေတဲ့ ကိုစည်သူ ကလည်း “ကျနော်တို့ သူငယ်ချင်း အချို့ ဖုန်းဆက်လို့မရသေးဘူးဗျ၊ သေသ လား၊ ရှင်သလားလည်း မသိဘူး၊ ဒါမှမဟုတ် ပြေးရင်းနဲ့ ဖုန်း ကျကျန်ခဲ့လို့လားတော့ မသိဘူး၊ လူတွေသေတာတော့ ရှိတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
မီးလောင်ထားတဲ့ ဈေးရုံကြီးရှေ့မှာ ထိုင်းအာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်းတခု ပြုလုပ်ပေးထားပြီး မြန်မာနိုင်ငံသားတွေ အပါ အဝင် မီးလောင်၊ ဒဏ်ရာရ၊ သေဆုံးသူတွေ တွေ့ရှိရင် သတင်းလာပေးဖို့ အကြောင်းကြားထားတဲ့အတွက် သူတို့အနေနဲ့ အလုပ် သမားတွေအကြား သေဆုံးမှုတွေရှိမရှိ လိုက်လံစုံစမ်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဦးအောင်ကြည် က ပြောဆိုပါတယ်။