မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယနေ့ညနေ ၃ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးရုံး၌ ကျင်းပခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။
“ဒီကိစ္စက KNUနဲ့ ပတ်သက်ခြင်းတော့ မရှိဘူးလို့ သေချာပြောပါရစေ။ KNUက ကျနော်တို့အစိုးရနဲ့ အစောဆုံး လက်မှတ်ထိုး ခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ လက်ရှိချိန်မှာလည်း သမ္မတကြီးနဲ့ ၃ ကြိမ်၊ ကာချုပ်နဲ့ ၃ ကြိမ် တွေ့ဆုံခဲ့တဲ့အဖွဲ့ပါ။ သူတို့ အနေနဲ့လည်း အခုချိန်မှာ ဖမ်းဆီးရမိတဲ့သူကို လာရောက်တွေ့ဆုံ မေးမြန်းမှုတွေ လုပ်နေပါတယ်။သံသယ ရှိသူတွေရဲ့ လုပ်ဆောင်ချက်ဟာ လူတချို့ရဲ့ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ပြောသည်။
ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးရမိနိုင်ရေး အတွက် KNU ဘက်မှ ကူညီပေးခဲ့မှုများ ရှိကြောင်း၊ သံသယ ရှိသူများကို KNU ဘက်မှ တာဝန်ရှိသူက လာရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး မည်သူက လာရောက်တွေ့ဆုံသည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။
“ဒီကိစ္စကို ပြောဖို့ခက်ပါတယ်။ ကျနော် လာတွေ့တာလည်း မဟုတ်ပါဘူး။ ဘာမှ မပြောလိုသေးပါဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းငြိမ်းမောင်က ဧရာဝတီက မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ဖောက်ခွဲမှုများမှာ KNUအဖွဲ့၏ စီးပွားရေးအဖွဲ့တခုမှ လူတဦးက လုပ်ကိုင်ရန် ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များပြားလာကာ တိုင်းရင်းသားများ၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက ပြောကြားသော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်သည်၊ မည်သည့် စီးပွားရေးကို ထိခိုက်စေမည် ဆိုသည့် ထင်မြင်ချက်နှင့် ထိုသို့ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးမေးမြန်း၍ ရမရကို ဧရာဝတီမှ မေးမြန်းရာ မသိရှိရသေးကြောင်းသာ ၎င်းက ပြန်လည်ပြောဆိုသည်။
“ခရီးသွား လုပ်ငန်း တိုးတက်တာကို အဟန့်အတား ဖြစ်စေချင်တယ်။ အဲဒီလောက် ရည်ရွယ်ချက် ဖြစ်ခဲ့တာကိုပဲ စစ်ဆေး တွေ့ရှိ ခဲ့ပါတယ်။ အဲဒီလောက်ကိုပဲ ဖြေကြားလိုပါတယ်” ဟု ရဲချုပ်ဇော်ဝင်းက ဆိုသည်။
သို့ရာတွင် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၌ ဗုံးပေါက်ကွဲမှုမှာ တခြားသော ဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်မှုရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း၊ သို့အတွက် ပေါက်ကွဲမှုများတွင် တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များသာ ဆက်စပ်မှု များရှိနေကြောင်း၊ သံသယ ရှိခံရမှုဖြင့် လွတ်မြောက် နေသူများကိုလည်း ခြေရာခံ လျှက်ရှိကြောင်း သူက ဆက်လက် ပြောကြားသည်။
“ဖြစ်ပွားခဲ့တဲ့ အကြောင်းတွေကို သတင်းထုတ်ပြန် နေပါတယ်။ အခု ကိစ္စက စုံစမ်းနေဆဲဖြစ်ပြီး အတိအကျ မသိနိုင်သေးလို့ ထုတ်ပြန်ခြင်း မပြုသေးတာပါ” ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး လတ်တလော လုံခြုံရေး ဆောင်ရွက်မှုနှင့် SEA GAMES အတွက် ဆောင်ရွက်နေသည့် လုံခြုံရေး အပိုင်းကို မေးမြန်းရာ ရဲချုပ်က “ပေါက်ကွဲမှုများကို ကြိုတင်သိရှိခဲ့တာ မရှိခဲ့ပါဘူး။ အခုအချိန်မှာ နောက်ထပ် ဖြစ်ပွားမှု မရှိအောင် ကာကွယ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေနဲ့ SEA GAMESအတွက် ကျနော်တို့ အနေနဲ့ နိုင်ငံ ကာကွယ်မှု တခု အနေနဲ့ ဆက်လက် ကာကွယ်သွားနိုင်မှာပါ” ဟု ရဲချုပ်က ဖြေကြားခဲ့သည်။
ထို့အပြင် လာမည့်နှစ်တွင် လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် သုံးစွဲကာ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အောက်တိုဘာလ အတွင်းတွင် ပေါက်ကွဲခဲ့မှု ၆ ကြိမ်၊ ပေါက်ကွဲမှုမဖြစ်စေရန် ဖယ်ရှားနိုင်ခဲ့မှု ၄ ကြိမ် စုစုပေါင်း ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲချုပ်၏ ပြောကြားချက်အရ သိရသည်။