Human Rights

သီလဝါ စီမံကိန်းနယ်မြေ ဒေသခံများနှင့် JICA မှ တာဝန်ရှိသူများ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

သန်လျင်မြို့နယ် သီလဝါ အထူးစီးပွားရေးဇုန်မှ ဒေသခံ လယ်သမားများနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ တာဝန်ရှိသူများ တွေ့ဆုံ၍ ဒေသခံများ ခံစားနေရသော အချက်များနှင့် ပက်သက်ပြီး ဆွေးနွေးခဲ့ကြရာ JICA ၏ လမ်းညွှန်ချက်များအတိုင်း အကောင်အထည် ဖော်ပေးရန် အစိုးရထံသို့ တိုက်တွန်းသွားမည်ဟု သိရသည်။

သီလဝါဒေသခံ လယ်သမားများ၏ ကိုယ်စားလှယ်များနှင့် JICA မှ တာဝန်ရှိသူတို့ သီးသန့်တွေ့ဆုံခဲ့ကြပြီး ဒေသခံများက လက်ရှိအစိုးရ၏ လျော်ကြေးပေးမှုများနှင့် ပက်သက်ပြီး စီမံကိန်းနှင့် ပက်သက်ပြီး အစိုးရနှင့် ဒေသခံများ ပူးပေါင်းဆောင်
ရွက်မှုတွင် အဓိပ္ပာယ် ပြည့်ဝစေရေး၊ ပွင့်လင်းမြင်မှုရှိစွာဖြင့် သတင်း အချက်အလက်များ ဖြန့်ဖြူးပေးရေး၊ မြေယာ လျော်ကြေး နှင့် ပြန်လည် နေရာချထားရေးကိစ္စ၊ စာချုပ်စာတမ်း ချုပ်ဆိုမှုများကိစ္စ၊ သီလဝါ ဆိပ်ကမ်းအနီးက ဘေးပေါက် ကျေးရွာကိစ္စ၊
တချို့ ဒေသခံ လယ်သမား ကိုယ်စားလှယ်များကို ဒေသဆိုင်ရာ ရဲများမှ စောင့်ကြည့်နေမှုများ၊ အစိုးရနှင့် ဒေသခံများ ထပ်မံ ဆွေ့ဆုံခွင့် ရရှိရေးကိစ္စ စသောအချက်ကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သွားရောက် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ဒေသခံ ကိုယ်စားလှယ် ဦးစိုးသိန်းက ဧရာဝတီသို့ ပြောသည်။

ဒေသခံများက လာရောက်ပြောဆိုသော အခါတွင်မှ ဒေသခံများ ကြုံတွေ့ခံစားရမှုများကို သိရှိခဲ့ရသကဲ့သို့ အစိုးရအဖွဲ့နှင့် ထပ်မံ တွေ့ဆုံကာ ဒေသခံများ၏ တင်ပြချက်များအပေါ် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု JICA မှ တာဝန်ရှိသူက ပြန်လည် ပြောဆိုကြောင်း ၎င်းက ဆိုသည်။

“ဘာလုပ်ပေးမယ်၊ ဘာတွေ ဖြစ်စေရမယ်လို့တော့ ကတိကဝတ် မပေးသွားဘူး။ ကျနော်တို့ တင်ပြချက်တွေကို နားထောင် ပြီးတော့ ဒါတွေက တကယ်လားဆိုတာ သူတို့ မသိရခဲ့ဘူး။ အစိုးရက ပြောတာကတော့ အားလုံး အဆင်ပြေပါတယ် ဆိုတာမျိုးပဲ သိခဲ့ရတာတဲ့။ သူတို့က အစိုးရကို JICA ရဲ့ လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ် လို့တော့ ကျနော်တို့ကို ပြောခဲ့တယ်” ဟု သူက ဆက်ပြောသည်။

ထို့အပြင် ဒေသခံများ တင်ပြသော မြေယာလျော်ကြေး မပေးသည့်ကိစ္စနှင့် ပက်သက်ပြီး အဆိုပါမြေကို အစိုးရပိုင်သည်၊ ဒေသခံပိုင်သည် ဆိုသည့် ကိစ္စကိုမူ အစိုးရနှင့် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာအစိုးရကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရန် ပြောပေးရုံမျှသာ ဖြစ်ကြောင်း JICA မှ တာဝန်ရှိသူက လာရောက် တွေ့ဆုံသော ဒေသခံ ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကိုအောင်ကိုမင်းက ဧရာဝတီသို့ ရှင်းပြသည်။

ယခုကဲ့သို့ ဒေသခံများနှင့် တွေ့ဆုံရသည့် အကြောင်းမှာ ဒေသခံများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ပြောဆိုနေသံကို ကြားသိရသည့် အတွက် မည်သို့ ချိုးဖောက်ခံနေရသည်ကို သိလိုသောကြောင့် ဖြစ်ကြောင်း၊ တက်ရောက် လာသော ဒေသခံများက လာရောက်ညှိနှိုင်းသော အစိုးရ ကိုယ်စားလှယ်များသည် ဒေသခံများအပေါ် ဖိနှိပ်ပြောဆိုမှုများ၊ ဖိအားပေးမှုများ၊ ချိန်းခြောက်မှုများ ရှိနေသည်ဟု ပြောဆိုကြောင်း၊ ဒေသခံ ကိုယ်စားလှယ်များကို အုပ်ချုပ်ရေးရဲများက စောင့်ကြည့် မေးမြန်းမှုများရှိပြီး စီမံကိန်း ပထမအဆင့်အတွက် အစိုးရနှင့် ဒေသခံများ စာချုပ်ချုပ်ဆိုရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းများကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ခံစားရကြောင်းကို JICA မှ တာဝန်ရှိသူထံ ဒေသခံများက ပြောဆိုခဲ့သည်ဟု ကိုအောင်မင်းထံမှ သိရသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး ရန်ကုန်မြို့ရှိ JICA ရုံးမှ တာဝန်ရှိသူထံ အီးမေးလ်ပို့ မေးမြန်းမှု၊ တယ်လီဖုန်းဆက် မေးမြန်းမှုများကိုမူ ယခု သတင်းရေးသားချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“JICA ရဲ့ တာဝန်ရှိသူက လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတာ ဘယ်အချက်တွေကြောင့် ပြောတာလဲ ဆိုတာကို တော်တော်လေး မေးပါတယ်။ မြေယာကိစ္စနဲ့ ပက်သက်ပြီး စကားပြောမယ်ဆိုရင် တရားရုံးမှာ ပြောဆိုမှရမယ့် သဘောမျိုးနဲ့ ပြောဆိုခဲ့တာကို ကျနော်တို့က လူ့အခွင့်အရေး ချိုးဖောက်တာလို့ မြင်ရတာလို့ ပြန်ပြောပြခဲ့တယ်။ မြေကွက်အစား ပြန်ပေးတာလည်း နေရာ ကျဉ်းကျဉ်းလေး ဆိုတော့ JICA ရဲ့ မူဝါဒမှာပါတဲ့ လက်ရှိဘဝထက် မနိမ့်ကျစေရာ ဆိုတာ တကယ် ဟုတ်နိုင်ပါ့မလားလို့ ပြောခဲ့တယ်။ သူကလည်း အစိုးရနဲ့ ထပ်တွေ့ပြီး ဒေသခံတွေ ပြောတာကို တင်ပြညှိနှိုင်းပါ့မယ်လို့ ပြန်ပြောတယ်” ဟု သီလဝါဒေသခံ ဦးကျော်ကျော်က ဧရာဝတီသို့ ဆိုသည်။

ဒေသခံများ အနေဖြင့် မည်သည့်အချက်ကို ကြည့်ကာ လူ့အခွင့်အရေး ချိုးဖောက်ခံရသည်ဟု ပြောသနည်းဟု မေးခွန်း ထုတ်လိုကြောင်း၊ မိမိတို့အနေဖြင့် ဒေသခံများကို မိသားစုသဖွယ် ဆက်ဆံရေးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်နေစဉ် ယခုကဲ့သို့ ပြောဆိုနေခြင်းက မဖြစ်သင့်ကြောင်း၊ ပြည်သူများ၏ စိတ်ချမ်းသာမှုကို ရှေးရှုပြီး အစိုးရအဖွဲ့မှ တတ်နိုင်သမျှ ဖြေရှင်း ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး ဦးစိုးမင်းက ဧရာဝတီသို့ ပြောပြသည်။

“သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောနိုင်အောင် အစိုးရဘက်က သူတို့ကို လျော်ကြေးမပေးဘဲ ပစ်ထားတာ၊ ဒီဒေသက ထွက်သွားလို့ မောင်းထုတ်ပြီး မထွက်ရင် အရေးယူမယ်လို့ ပြောနေတာ ဆိုရင်တော့ အခုလို လူ့အခွင့်အရေး
ချိုးဖောက်တာလို့ ပြောလို့ရမှာပေါ့။ အဲဒီလိုဆို ကျနော်တို့ တောင်းပန်ရမှာပေါ့။ အဲဒါကြောင့် ကျနော်ပြောနေတာ၊ ဒေသခံတွေ လောဘမကြီးကြ ပါနဲ့လို့” ဟု ဦးစိုးမင်းက ဆိုသည်။

လာမည့်အပတ်တွင် ဒေသခံများ၊ အစိုးရတာဝန်ရှိသူများ၊ JICA နှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံညှိနှိုင်းကြရန် ရှိကြောင်း၊ ပထမ စီမံကိန်း ဟတ်တာ ၄၀၀ နှင့် ပက်သက်ပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ရာ တွင် စာချုပ်ပါ အချက်များကို လူအများ သိရန် လိုအပ်သည်ဟု မြင်မိကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။

“ကျနော့် အနေနဲ့ကတော့ အားလုံးနဲ့ အဆင်ပြေအောင် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အစိုးရ အနေနဲ့လည်း ဒေသခံတွေနဲ့ တွေ့ဆုံမှုတွေမှာ အားစိုက် ဆောင်ရွက်နေပါတယ်။ ဒီလို ညှိနှိုင်းပြီးတော့ ပိုကောင်းတဲ့ ရလဒ်တွေ ရခဲ့မယ်ဆိုရင်လည်း အဲဒါ
တွေအတိုင်း ဆက်လုပ်သွားပါ့မယ်” ဟု ၎င်းက ဆိုသည်။

Loading