မြန်မာနိုင်ငံရှိ စက်မှုဇုန်များတွင် အလုပ်သမားများ၏ အနည်းဆုံး အခြေခံလစာကို တပြေးညီ သတ်မှတ်နိုင်ရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ ပညာရှင်များ ညှိနှိုင်းဆွေးနွေးလျက်ရှိသော်လည်း လက်ရှိအချိန်ထိ အခြေခံလစာ သတ်မှတ်ရေး အဖြေ မထွက်သေးကြောင်း သိရှိရသည်။
နေပြည်တော်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတွင် စက်တင်ဘာ ၃ရက်နေ့ နှင့် အောက်တိုဘာ ၆ ရက်နေ့က အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးများကျင်းပခဲ့ပြီး အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း၊ သို့ရာတွင် လက်ရှိအချိန်အထိ အခြေခံလစာ သတ်မှတ်ရေး အဖြေမထွက်သေးကြောင်း သိရှိရသည်။
အလုပ်သမားများက လုပ်ငန်းအလွှာအသီးသီးအလိုက် အနည်းဆုံး အခြေခံလစာငွေကြေး သတ်မှတ်ပေးရန် တောင်းဆို နေကြပြီး အခြေခံလစာကို တိုးမြှင့် သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော်မှုများရှိနေကြောင်း၊ အထူးသဖြင့် စက်မှုဇုန် အလုပ်သမားများက အနည်းဆုံးအခြေခံလစာငွေကြေး သတ်မှတ်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ပြီး အခြေခံလစာ သတ်မှတ်ခြင်းမရှိသည့်အတွက် လုပ်ခလစာ အလွန်နည်းပါးခြင်းနှင့် အဆင်မပြေမှုများ ကြုံတွေ့ နေရကြောင်း သိရှိရသည်။
“ကျမတို့က အခြေခံလစာကို သေချာသတ်မှတ်ပေးစေချင်တယ်၊ အခု အခြေခံလစာဆိုပြီး ရနေတာက ဒေးကြေးလို့ခေါ်တယ်၊ တနာရီ ၁၂၀ ကျပ်နဲ့ အလုပ်ရှင်ကပေးနေတာ၊ အလုပ်နားရင် မရဘူး၊ ခွင့်တိုင်ရင်ဖြစ်ဖြစ်၊ ခွင့်မဲ့ဖြစ်ဖြစ် လစာထဲက ရက်မှန်ကြေးဆိုတာကို ဖြတ်လိုက်တယ်” ဟု မင်္ဂလာဒုံစက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံ တခုမှ အလုပ်သမား တဦးဖြစ်သူ မပိုပိုကျော်က ပြောပြသည်။
စက်မှုဇုန်အလုပ်သမားများက အခြေခံလစာကို သတ်မှတ်ပေးရန် တောင်းဆိုနေကြသော်လည်း လုပ်ငန်းရှင် အများစုက တိုးမြှင့်ပေးရန် မဖြစ်နိုင်ဟုဆိုကာ ကန့်ကွက်နေမှုများ ရှိနေကြောင်း အလုပ်သမားရေးရာ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာစိုင်းခိုင်မျိုးသိန်းက ရှင်းပြသည်။
“အခြေခံလစာမှာ က အနိမ့်ဆုံးလုပ်ခလစာအပြင် အလုပ်သမားတယောက်ရဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေးအပြင် မိသားစုဝင်တွေအတွက်ပါ တွက်ချက်စဉ်းစားမှာပါ၊ တကယ်လို့ အခြေခံလစာကို သတ်မှတ် ပြီးရင်လည်း သဘောမတူတဲ့ အလုပ်သမားတွေဘက်က ကန့်ကွက်ခွင့်ရှိမယ်” ဟု ဒေါက်တာစိုင်းခိုင်မျိုးသိန်းက ဧရာဝတီသို့ ပြောသည်။
စက်မှုဇုန်အလုပ်သမားတဦး၏ ပျှမ်းမျှလစာသည် အခြေခံလစာအဖြစ် တနာရီလျှင် ၁၅၀ ကျပ်ဝန်းကျင်နှင့် အခြားဆုကြေး များ ပါဝင်မှသာ တလလျှင် ၆၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ် အကြားရရှိနေပြီး အသုံးစရိတ်သည် ၇၀၀၀၀ ကျပ် ခန့်ရှိကြောင်း၊ အခြေခံ လစာကို သေချာစွာ ဆန်းစစ် သတ်မှတ်ရန်မှာ အထူး လိုအပ်နေကြောင်း အလုပ်သမား အဖွဲ့အစည်း များက ပြောဆို ကြသည်။
“စက်ရုံ အလုပ်သမားတွေရဲ့ ဖိအားပေးခံနေရတာတွေကို အလေးအနက်ထားပြီး စဉ်းစားဖို့တော့ လိုအပ်လိမ့်မယ်၊ အခုက အခြေခံလစာအတွက် ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေပေမယ့် တိကျတဲ့သတင်း ထုတ်ပြန်မှုတွေ မရှိဘူး” ဟု ဝန်ဆောင်မှု အလုပ်သမားများ အလွှာကိုယ်စားလှယ ်ကိုအောင်ဇော်က ပြောသည်။
၂၀၁၂ ခုနှစ် မေလဆန်းမှ စတင်၍ ယခုအချိန်အထိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့် တောင်ဒဂုံ မြို့နယ် များရှိ စက်ရုံအများစုတွင် အခြေခံလစာ တိုးမြှင့် သတ်မှတ်ပေးရေး ခွင့်ရက် နစ်နာကြေး၊ ကားခ၊ လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေး တောင်းဆိုမှု စသည့် အချက်အလက်များအား အခြေခံကာ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
အလုပ်ရှင်များကမူ အခြေခံလုပ်ခလစာ သတ်မှတ်ရေးမှာ လုပ်ငန်းအခြေအနေ၊ လုပ်ငန်းအဆင်ပြေမှု၊ မပြေမှု ပေါ်မူတည် သည့်အတွက် တပြေးညီ သတ်မှတ်ရေးမှာ လက်တွေ့ကျရန် မလွယ်ကူကြောင်း၊ အခြေခံလစာ သတ်မှတ်ပေးရန် ဆောင်ရွက်ရာတွင် အလုပ်သမားများ၏ အခြေအနေကို လေ့လာ ရသကဲ့သို့ လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ်မှုစရိတ်၊ နိုင်ငံတော် သို့ပေးသွင်းနေရသည့် အခွန်နှုန်းများ၊ ကုန်ထုတ်လုပ်မှု စရိတ်စသည့် အချက်အလက်များကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
ရန်ကုန်မြို့မှ ဖန်ထည်ကြွေထည်စက်ရုံလုပ်ငန်းရှင် တဦးဖြစ်သူ ဦးဘတင့်ဆွေကလည်း “တချို့ အလုပ်သမားတွေကျတော့ လုပ်နိုင်သလောက် ပုတ်ပြတ်ရတဲ့ လစာတွေနဲ့ဆိုတော့ အခြေခံလစာဆိုတာကို စိတ်မဝင်စား ကြဘူး၊ အခြေခံလစာ သတ်မှတ်ရင် အဆင်ပြေနိုင်တဲ့လုပ်ငန်းတွေရှိပေမယ့် အဆင်မပြေနိုင်တဲ့ လုပ်ငန်းတွေလည်း အများကြီးပဲ” ဟု ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် နေ့စားအလုပ်သမားတဦးသည် တနေ့လျှင်ပျှမ်းမျှ ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အ ကြား ရရှိကြောင်း၊ တချို့ စားသောက်ကုန် ထုတ်လုပ်ငန်းများ၊ ရေထွက်ပစ္စည်းလုပ်ငန်းများ စသည့် လုပ်ငန်းတချို့တွင်လည်း နေ့စားဖြင့် လစာပေးချေမှုများရှိကြောင်း သိရသည်။
လတ်တလော အနည်းဆုံးအခကြေးငွေ သတ်မှတ်ရန်အတွက် စက်မှုဇုန်အလုပ်သမားအလွှာ၊ ဝန်ဆောင်မှု လုပ်ငန်းများ အလုပ်သမားအလွှာ၊ ပု့ို့ဆောင်ဆက်သွယ်ရေး အလုပ်သမားအလွှာ၊ လယ်ယာစိုက်ပျိုးရေး အလုပ်သမား အလွှာနှင့် ပင်လယ် ရေကြောင်း အလုပ်သမားအလွှာဟု ခွဲခြားကာ သတ်မှတ်သွားရန်ရှိကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားများအတွက် အနည်းဆုံးအခြေခံလစာ သတ်မှတ်ပေးနိုင်ရန် နိုင်ငံတကာမှ အနည်းဆုံးအခြေခံလစာ သတ်မှတ်ဆောင်ရွက်နေမှုများ၊ အားနည်းချက် အားသာချက်များ စသည့် အချက်အလက် များကို အလုပ်သမားရေးရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။
အနည်းဆုံးအခြေခံလစာငွေ သတ်မှတ်နိုင်ရေးအတွက် အနည်းဆုံးအခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ တွင် အတည်ပြုပြဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ၏ နည်းဥပဒေများကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ တွင် ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။