မကြာမီက ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အောက်ခြေအဆင့် အဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်နေကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်း ငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က Myanmar Peace Centre တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ဝန်ခံလိုက်ပြီး ယင်းလုပ်ရပ်သည် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ ဖန်တီးရန် ကြံစည်လုပ်ဆောင်ခြင်း ဖြစ်သည့်အပြင် အစိုးရနှင့် KNU တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖျက်လိုဖျက်ဆီး လုပ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိထားသူနှင့် သွားရောက်တွေ့ဆုံခဲ့သော ဖဒို မန်းငြိမ်းမောင်က နိုင်ငံတကာမှ လာရောက်ရင်းနှီးမည်ကို မလိုလား၍ ဖောက်ခွဲမှုပြုသည်ဟူသောအချက်မှာ အပေါ်ယံ အကြောင်းပြပြီး လှည့်စားထားသည့် “နိုင်ငံရေးလှည့်ကွက် တစ်ခုမျှသာ” ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံရေးအရ ကြီးမားသော ရည်ရွယ်ချက်ပါ ရှိပြီး အစ္စလာမ်ဘာသာဝင်များ၏ အိဒ်နေ့တွင်လည်း ရွှေတိဂုံဘုရား၌ ဖောက်ခွဲရန် ကြံထားပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ပိုဖြစ်လာစေရန်ပါ ရည်ရွယ်ကြောင်း ပြောဆိုလိုက်သည်။
မကြာမီက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများသည် ဖော်ထုတ်စစ်ဆေးမှုအရ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပတ်သက်ဆက်နွယ်နေသည်ကို စစ်ဆေးတွေ့ရှိရပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များပြားလာကာ တိုင်းရင်းသားများ၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက အောက်တိုဘာလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၈ ဦးကို ဖမ်းမိ ထားပြီး လွတ်မြောက်နေသူများကိုလည်း ခြေရာခံ လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆိုထားရာ တရားခံများ ဖမ်းဆီးနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ယမန်နေ့က မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် KNU ဗဟိုအလုပ် အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးထားသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ဗုံးဖောက်ခွဲမှုများကို KNU ၏ “စီးပွားရေး အဖွဲ့တစ်ခု”မှ နေတိုး(ခ) စောရွှေထူးက အဓိက စီစဉ် ပုံစံချခဲ့ပြီး စောမြင့်လွင်ကို အလုံမြို့နယ် Western Park II နှင့် ကျောက်တံတားမြို့နယ် Traders Hotel တွင် ဖောက်ခွဲစေခိုင်းခဲ့ကြောင်း၊ ၎င်းကိုယ်တိုင်မှာမူ မန္တလေးနှင့် စစ်ကိုင်းကို တာဝန်ယူခဲ့ကြောင်း သိရှိရသည်။
KNU မှ အမည်မဖော်လိုသူများ အပါအဝင် လေ့လာသူ အများစုက ဗုံးပေါက်ကွဲမှုနောက်ကွယ်တွင် အစိုးရကို မကျေနပ်သည့် KNU အဖွဲ့ဝင်များ ပါဝင်နိုင်သည်ဟု ယူဆကြသည်။ ၎င်းတို့၏အဆို ယခုအချိန်တွင် KNU သည် အဖွဲ့ နှစ်ဖွဲ့ကွဲနေပြီး တဖွဲ့တွင် ခေါင်းမာသူများပါဝင်ကာ နောက်တဖွဲ့တွင် ပို၍ လက်တွေ့ကျကျ ဆောင်ရွက်လိုသူများ ပါဝင်သည်ဟု သိရသည်။
လက်တွေ့ကျလိုသူများ အဖွဲ့တွင် လက်ရှိ KNU ခေါင်းဆောင်ပိုင်းမှ ပါဝင်နေပြီး သာမန် ပြည်သူများကို ကာကွယ်ပေးနိုင်မှုနည်းပါးသည်ဟု ဝေဖန်မှုများ ရှိနေသည့်တိုင်အောင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို လျှင်လျှင်မြန်မြန် ရှေ့တိုးဆောင်ရွက်ချင်ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် KNU ထိန်းချုပ်နယ်မြေ အတွင်းမှ အစိုးရတပ်များကို ပြန်လည်ဆုတ်ခွာသွားစေချင်သူများ ဖြစ်သည်။
ခေါင်းမာသူများဟု သတ်မှတ်ရသည့်အဖွဲ့ကို KNU တပ်မဟာ ၅ ကလွှမ်းမိုးထားပြီး KNU အဖွဲ့ အတွင်းမှ စစ်ဖက် ခေါင်းဆောင်များက ကျောထောက်နောက်ခံ ပေးထားကာ အစိုးရ၏ အစီအမံများ နောက်သို့ အလွယ်တကူ မလိုက်လိုသူ များ ဖြစ်ကြသည်။ ၎င်းအဖွဲ့က ပြည်သူများကို ကာကွယ်နိုင်ရေးအတွက် ကရင်ပြည်နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် ဒေသခံပြည်သူများအတွက် အကျိုးအမြတ်ရှိမည် ဖြစ်ကြောင်း အာမခံချက် တခု ရယူလိုကြသည်။
လက်တွေ့ဆန်လိုသည့် KNU အဖွဲ့က ဗုံးဖောက်ခွဲမှုကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ ခေါင်းမာသော အဖွဲ့ နှင့် ခပ်ကင်းကင်းနေဖို့လည်း အားထုတ်ခဲ့သည်။ “ဗုံးခွဲတယ်လို့ ကျနော်တို့ကို မစွပ်စွဲပါနဲ့၊ ဒါက KNU တဖွဲ့လုံးကို ထိခိုက်နိုင်ပါတယ်” ဟု KNU ခေါင်းဆောင် တဦးက ဧရာဝတီသို့ ယခုအပတ် အတွင်းတွင် ပြောသည်။
သို့သော် ဗုံးပေါက်ကွဲမှုများအပြီး KNU တပ်မဟာ ၅ ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ရာ “ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံး၀ ဆန့်ကျင်ကန့်ကွက်သည်”ဟု ဖော်ပြခဲ့သည်။
တပ်မဟာ ၅ ထိပ်တန်း အရာရှိတဦးဖြစ်သူ ဗိုလ်မှူးစောကလယ်ဒို့ကလည်း ကရင်သတင်းဌာန (KIC) ကို “ကျနော်တို့ တပ်မဟာ ၅ ဟာ ခေါင်းမာတယ်။ သီးသန့် ရပ်တည်လိုတယ်လို့ သတင်းထွက်ပေါ်နေတာ ကြားနေရတယ်။ ဒါ လုံး၀ မဟုတ်သလို လက်ရှိ အစိုးရတို့နှင့် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဗဟိုရဲ့ ဦးဆောင်မှုအတိုင်း ကျနော်တို့ လိုက်နာပြီး သွားနေတာပါ” ပြောဆိုခဲ့သေးသည်။
အချို့ကလည်း နေတိုး (ခ) စောရွှေထူးသည် KNU တပ်မဟာ ၁ ၏ စီးပွားရေးတာဝန်ခံဖြစ်ပြီး ရဲတပ်ဖွဲ့က KNU ၏အကူအညီဖြင့် ဖမ်းဆီးထားသော ဦးမြဖူးဆိုသူသည်လည်း KNU တပ်မဟာ ၅ ထိန်းချုပ်ထားရာ ဒေသတခု ဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ရွှေတွင်းလုပ်ငန်းလုပ်ကိုင်သော မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သောကြောင့် ဗုံးဖောက်ခွဲမှုများသည် ဘီးလင်းချောင်းဖျားရှိ ရွှေတူးဖော်ရေး လုပ်ကွက်များနှင့် ပတ်သက်နေနိုင်ကြောင်းလည်း သင်္ကာမကင်းဖြစ်ကြသည်။
တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲတွင် KNU ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဖဒိုစောရွှေမောင်းက“ဆက်စပ်နေတဲ့သူကို မမိသေးတော့ ဘယ်လို စီးပွားရေးလုပ်ချင်လို့ ဘာကိုစိုးရိမ်လို့ လုပ်တယ်ဆိုတာ မသိနိုင်သေးပါဘူး။ မိတဲ့သူတွေ ကိုးကားချက်ကိုပဲ မှန်းပြီးပြောနေရတာ။ ဆက်စပ်သူကိုမိမှ ဒီကိစ ္စအသေးစိတ် အဖြေပေးနိုင်မှာပါ”ဟု ပြောကြားခဲ့သည်။
ဗုံးဖောက်ခွဲမှုဖြင့် လက်ရှိ စစ်ဆေးခံနေရသူ စောမြင့်လွင် မှာ ဖောက်ခွဲမှုများကို လုပ်ဆောင်ခဲ့သည်ဟု ဝန်ခံထွက်ဆိုထားပြီး သံသယရှိသူမှ တရားခံအဖြစ် သတ်မှတ်ကာ စစ်ဆေးလျက်ရှိပြီး KNU မြို့နယ်စီးပွားရေးကော်မတီဝင်တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။
KNU ၏ စီးပွားရေး လုပ်ဆောင်နေမှု၊ ဝင်ငွေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောပြရန် ဧရာဝတီက မေးမြန်းရာ လတ်တလော ဖွဲ့စည်းထားသည်ဟူသော စီးပွားရေးကော်မတီများမှာ ဒေသဆိုင်ရာ ကော်မတီမှသာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ဗဟိုမှ သိရှိခြင်းမရှိခဲ့ဟု ဖဒိုမန်းငြိမ်းမောင်က ဖြေကြားသည်။ သို့ရာတွင် ဖဒိုစောရွှေမောင်းက “ပြောရရင် စီးပွားရေးလုပ်ငန်းနဲ့မနီးစပ်တော့ ဘာမှမသိဘူး။ ဗဟိုစီးပွားရေးကော်မတီတော့ ရှိတယ်။ သူတို့ ဘာစီးပွားရေးလုပ်လည်းဆိုတာ သူတို့မေးမှ သိပါလိမ့်မယ်”ဟု ပြောကြားသည်။
KNU သည် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဆိုရှယ်လစ်စီးပွားရေးစနစ်လက်ထက် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဝင်ငွေအကြီးအကျယ် ရရှိခဲ့သည်။ သို့ရာတွင် ယင်းကာလကတည်းက လက်အောက်ခံတပ်မဟာများသည် ပတ်သက်ထိန်းချုပ်ရာ နယ်မြေဒေသမှ ထွက်ရှိသော ကျွန်းသစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းများနှင့် အကောက်ခွန်များကို ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ကြပြီး ဗဟိုနှင့် ပတ်သက်ဆက်ဆံခြင်း မရှိဟု နီးစပ်ပတ်သက်သူများအရ သိရသည်။
ယခု ဖောက်ခွဲမှုများသည်လည်း အောက်ခြေအဖွဲ့ဝင်များက ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်ကိုင်ခြင်းဖြစ်ပြီး ဗဟို၏ ခိုင်းစေချက် မဟုတ်ဟုလည်း ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။
“ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီ ကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်” ဟု ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
အောက်တိုဘာလအတွင်းတွင် တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဗုံးပေါက်ကွဲမှု ၆ ကြိမ်၊ ပေါက်ကွဲမှုမဖြစ်စေရန် ဖယ်ရှားနိုင်ခဲ့မှု ၄ ကြိမ်၊ ပေါင်း ၁၀ ကြိမ်ဖြစ်ပွားခဲ့ကာ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရခဲ့ကြောင်း ရဲဌာနထုတ်ပြန်ချက်အရ သိရသည်။
စောရန်နိုင် ပါဝင်ရေးသား သတင်းပေးပို့သည်။