မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဥရောပ သမဂ္ဂ(EU)က စွမ်းဆောင်ရည်မြင့် သင်တန်းအကူအညီများ ပေးမည် ဖြစ်ကြောင်း ဥရောပ ကော်မရှင် မင်းကြီး မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုက ပြောကြားသည်။
တတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ရောက်နေသော ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံမှုအပြီး စနေနေ့က သတင်းစာ ရှင်းလင်းပွဲ၌ မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုက ထိုကဲ့သို့ ပြောဆိုလိုက် ခြင်းဖြစ်သည်။
EU အနေဖြင့် လူ့အဖွဲ့အစည်းအား လုံခြံမှုပေးခြင်း၊ လူအုပ်စုနှင့် အဓိကရိုဏ်းများ ကိုင်တွယ် ဖြေရှင်းရာတွင် လူ့အခွင့် အရေး ကို အလေးထားသည့် နိုင်ငံတကာ ဥပဒေများနှင့် အညီ ကိုင်တွယ် ဖြေရှင်းနိုင်ရေးတို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို စွမ်း ဆောင်ရည် သင်တန်းများ စတင်ကူညီပေးမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။
အဆိုပါ စီမံကိန်းသည် မြန်မာအစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည်ကလည်း မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ဥရောပ ကော်မရှင် မင်းကြီးက ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံတွင်း လူအုပ်စု အဓိကရိုဏ်းများ၊ မတည်မငြိမ်မှုများ ဖြစ်ပေါ်သည့်အခါ ကိုင်တွယ် ဖြေရှင်း ရာတွင် အားနည်းချက်များ ရှိနေကြောင်း ဝေဖန်မှုများ ခံနေရသည်။
ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်း ကြေးနီစီမံကိန်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မီးလောင်စေတတ်သည့် ဗုံး အသုံးပြုကာ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဆန္ဒပြ သံဃာတချို့နှင့်ဒေသခံများ မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်းသည် ထင်ရှားသည့် သာဓကဖြစ်သည်။
ထို့အပြင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအတွက် အကြီးဆုံး အလှူရှင်ဖြစ်ကြောင်း၊ ယင်း လှူဒါန်းမှုများထဲတွင် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်နေသည့် မြန်မာ ငြိမ်းချမ်းရေးစင်တာ(MPC)ကို ထောက်ပံ့ကူညီမှုများလည်း ပါဝင်ကြောင်း ဥရောပ ကော်မရှင် မင်းကြီးက ပြောဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာ နိုင်ငံတွင်ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၁၅ ခုနှစ်မတိုင်ခင် ပြုပြင်ပြောင်းလဲခြင်း မရှိပါက ၂၀၁၅ ရွေး ကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းကျသည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ထပ်မံ သတိ ပေး ပြောဆိုသည်။
ဥရောပ ကော်မရှင် မင်းကြီး ဘာရိုဆို၏ ကြေညာချက်တွင် မြန်မာအပေါ် အရေးယူခဲ့သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို EU အနေဖြင့်လည်း ဖြေလျှော့ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ပြည့်စုံမှု မရှိသေးဘဲ လုပ်ဆောင်ရန် များစွာလိုအပ်နေသေး၍ မြန်မာအပေါ် EU က အလေးထား စောင့်ကြည့်လျက် ရှိကြောင်း ဖော်ပြ ထားသည်။
ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် မြန်မာနှင့် EU ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများလည်း ဆတိုးလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်အတွင်း EU က မြန်မာနိုင်ငံအတွက် ယူရို သန်း ၁၅၀ ကူညီရေးအစီအစဉ် ချမှတ်ပေးခဲ့ကြောင်းလည်း ၎င်း ကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအတွက် နိုင်ငံတကာမှ အားပေးထောက်ခံမှုရှိသင့်ပြီး EU ကလည်း အဓိက အခန်းကဏ္ဍက ပါဝင် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ဘာရိုဆို က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် ကျင်းပသော ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် လူ့ အခွင့်အရေး ဆုပေးပွဲကို ယနေ့ တက်ရောက်မည်ဖြစ်ပြီး ဥရောပ သမဂ္ဂမှ ၁၉၉၀ ခုနှစ်တွက် ပေးအပ်ခဲ့သည့် လူ့အခွင့်အရေးဆု Sakharov Prize ကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဥရောပ ပါလီမန် ဥက္ကဋ္ဌထံမှ လက်ခံရ ယူမည်ဖြစ်ကြောင်း သိရသည်။
ဥရောပ သမဂ္ဂက ဒေါ်အောင်ဆန်းစုကြည်အား ထိုဆုပေးအပ်ခဲ့စဉ်က နေအိမ်အကျယ်ချုပ် ကျခံနေဆဲဖြစ်ပြီး ဆုအား ကိုယ်တိုင် လက်ခံယူနိုင်ခဲ့ခြင်း မရှိပေ။
ယခု ဥရောပနိုင်ငံများ ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်၊ အိုင်ယာလန်၊ အီတလီနိုင်ငံများသို့ သွားရောက်ကာ ဆွေးနွေးပွဲ၊ ဟောပြောပွဲများတက်ရောက်ခြင်း၊ ဂုဏ်ထူးဆောင် ဆုများ လက်ခံခြင်း အစီအစဉ်များ ပါဝင်ကြောင်း NLD ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူဇင်ဘတ်နိုင်ငံတွင် တော်ဝင် မိသားစုနှင့်တွေ့ဆုံရန်ရှိပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံရန်လည်း ရှိသည်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဒေါ်အောင်ဆန်းစုကြည်သည် ဘုရင် မစ္စတာ ဖီးလစ်နှင့် ကြင်ယာတော်တို့ကို စနေနေ့က တွေ့ဆုံခဲ့ပြီး Louvain-la-Neuve University ချီးမြှင့် အပ်နှင်းသည့် ပါရဂူ ဒေါက်တာဘွဲ့ လက်ခံယူသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဆင်းမ်ဟတ် စစ်တက္ကသိုလ် တွင် အမှာစကား ပြောကြားရန် ရှိသည်။ ထို့အပြင် မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်များကိုလည်း လေ့လာဆွေးနွေးရန် ရှိသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံသို့ ဆက်လက်ထွက်ခွာကာ မြန်မာ့ဒီမိုကရေစီအရေး အားပေး ထောက်ခံခဲ့သည့် မြို့ ၄ ခုသို့လည်း သွားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခု ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး နိုဝင်ဘာ လ ၂ ရက်နေ့တွင် ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ယမန်နှစ် ဇွန်လလယ်ပိုင်းက စတင်၍ ၁၇ ရက်ကြာ သွားရောက် ၍ ဒုတိယ ခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့သည်။