Politics

တပ်မတော်၏ အခြေခံ ဥပဒေ သုံးသပ်ရေး အစီရင်ခံစာ လွှတ်တော်ကော်မတီထံ တင်ပြမည်

This article has been converted from Zawgyi One to Unicode

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် သုံးသပ်နေပြီး အခြေခံ ဥပဒေ သုံးသပ်ရေး အစီရင်ခံစာ ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင်  ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင် ဖွဲ့စည်းချိန် ကတည်းက ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားသော တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၆၅ ဦးတို့အကြား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သေချာစွာ ပြန်လည်လေ့လာဖတ်ရှုသုံးသပ်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ အကြား ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း သုံးသပ်ထားသော အခြေခံ ဥပဒေ သုံးသပ်ရေး အစီရင်ခံစာကို  နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် လွှတ်တော် အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ တင်ပြမည်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။

တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ဦးလွင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာ သုံးသပ်မှု ပြုလုပ်ရာတွင်  တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး လေ့လာလျက်ရှိပြီး သဘာဝတွင်းထွက် ဝေခွဲရေး၊ တိုင်းပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရအကြား အာဏာခွဲဝေရေးများကို အဓိကထားလေ့လာလျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသားများ၏ လိုလားချက်ကို ပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်လျက်ရှိကြောင်း ပြောဆိုသည်။

“အထူးသဖြင့်တော့ တိုင်းရင်းသားတွေအရေးနဲ့ပတ်သက်လို့ လိုအပ်မယ့် အချက်တွေ။ ပြင်ပေးသင့်တာတွေလည်း ပြင်ပါ့မယ်။ အချိန်မီတင်ပါ့မယ်။ အမှန်တကယ် ပြောနေကြတဲ့ Resources Sharing ၊ Power Sharing ဖြစ်သင့်တာတွေ ရှိနေသလား၊ သုံးသပ်နေပါတယ်။ အဖြေတော့မထွက်သေးပါဘူး။ နိုဝင်ဘာ ၁၅ မတိုင်မီ ပြီးစီးအောင် ဆွေးနွေးပြီးတော့ အချိန်မီ အစီရင်ခံစာတင်မယ်´´ဟု ဗိုလ်မှူးချုပ်ကျော်ဦးလွင်က ဧရာဝတီသို့ ပြောသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရာတွင် ငြင်းခုံရန် မဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် သဘောထားရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရာတွင် NLD က ဖိတ်ကြားသော ပွဲများနှင့် နိုင်ငံခြားသား ပညာရှင်များ ဖိတ်ကြားသော ပွဲများသို့ သွားရောက် နားထောင် လေ့လာမှုများ ရှိနေသည့်အပြင် တပ်မတော်သားများ ကိုယ်တိုင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အထပ်ထပ် အခါခါ လေ့လာဖတ်ရှု သုံးသပ်လျက်ရှိသည်ဟု တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းက ပြောသည်။

“အခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးလေ့လာ နေတယ်။ ဖတ်နေကြတယ်။ အကုန်လုံးကို လေ့လာနေတယ်။ ပုဒ်မ ၁ ကနေ ၄၆၇ ခုအထိ လေ့လာနေတုန်းပဲ။ ကျနော်တို့ကတော့ အကုန်လုံးလေ့လာနေပါတယ်။ ကျနော်တို့က ငြင်းဖို့၊ ခုန်ဖို့ တော့မရှိပါဘူး။ အကြံပြုတယ်။ အချက်အလက်တွေကို ပါဝင်ဆွေးနွေးချင်တဲ့သဘောပါ။ တိုင်းရင်းသားကိစ္စ တခုတည်း တင် မဟုတ်ပါဘူး။ အပြုသဘောနဲ့ပဲဖြစ်မယ်။  ကျနော်တို့အကုန်လုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ NLD က ဖိတ်တဲ့ အစည်းအဝေးတွေလည်း သွားတက်တယ်။ နိုင်ငံခြားသားတွေ ပြောတယ် ဆိုတဲ့ အစည်းအဝေး တွေလည်း သွားတက် ပါတယ်။ အပြုသဘောပါတာတွေလည်းအများကြီးရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဖတ်ကြ မှတ်ကြ တုန်းဆိုတော့ အသေးစိတ်ပြောဖို့ နည်းနည်းစောနေတယ်´´ ဟု ဗိုလ်မှူးချုပ်ဝေလင်းက ဧရာဝတီသို့ ရှင်းပြသည်။

တိုင်းရင်းသားအဖွဲ့အစည်းတချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ အသစ်ရေးသင့်သည်ဆိုသော အမြင် ပြောဆိုချက် များအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လတ်တလော မှတ်ချက်မပြုလိုဟု ပြောဆိုကြသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တောက်ထွန်းက “ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ပြန်ရေးမယ်ဆိုတဲ့ အမြင်တွေနဲ့ပတ်သက်လို့ ဝေဖန်ချက်မပေးချင်ပါဘူး။ သူတို့အမြင် သူတို့ရှိကြမှာပေါ့။ ကျနော်တို့က လည်း အခု အချိန်အထိ ပြန်လည်လေ့လာသုံးသပ်နေတုန်းပဲ´´ ဟု ပြောဆိုသည်။

နိုင်ငံရေး အသိုင်းအဝိုင်းကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ၏ ဆုံးဖြတ်ချက် နှင့်အမြင်များသည် များစွာ အရေးပါကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ သဘော တူညီမှု မရှိဘဲ  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုံး၀ မဖြစ်နိုင်ဟု သုံးသပ်ကြသည်။

လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦးပါဝင်ပြီးတပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး၊ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ် ၅၂ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ၇ ဦး၊ လွှတ်တော်တွင်းရောက်ရှိနေသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်းဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီသည် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

Loading