၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရန်ထက် ပြင်ဆင်လိုသူ ဦးရေမှာ သိသိသာသာ ပိုမို များပြားလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင်များက ဧရာဝတီသို့ ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လူထုအသံ နားထောင်ရန် NLD ပါတီက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူထုဆန္ဒ သဘောထား ကောက်ယူမှုများ ပြုလုပ်လျက်ရှိရာ ရရှိလာသော ဆန္ဒသဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာၤရီတိုင်းတို့တွင်
လူထုဆန္ဒ သဘောထား ကောက်ယူပွဲများ ပြုလုပ်ခဲ့ရာ ၉၅ ရာခိုင်နှုန်းကျော်မှာ ပြင်ဆင်လိုသူများ ဖြစ်နေကြောင်း NLD မှ အခြေခံဥပဒေ ပြင်ဆင်ရေး တာဝန်ရှိသူများက ဆိုသည်။
”နေရာ ၅ ခု ခွဲလုပ်ပြီးသွားပြီ။ တချို့နေရာတွေက ပြင်ဆင်ဖို့ကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံတယ်။ အချိုးချလိုက်ရင် ပြင်ဆင်ဖို့အတွက် ၉၅ ရာခိုင်နှုန်းအထက် ထောက်ခံမှုတွေ ရှိနေတယ်။ အသစ်ဆွဲဖို့ နည်းလမ်း ပြောတဲ့သူကဆယ်ဂဏ္ဍန်းပဲ ရှိတယ်” ဟု ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲပြုလုပ်ရန် တာဝန်ယူထားသူ ဦးဌေးဦးက ပြောသည်။
ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန် နှင့် ကမာမောင်း မြို့နယ်များတွင် ဆန္ဒခံယူပွဲပြုလုပ်ခဲ့ပြီး အများစုမှာ
ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြကြောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း ပြင်ဆင်ရေး ထောက်ခံသူ များပြားကြောင်း၊ သံတွဲ၊
စစ်တွေ၊ မြောက်ဦးမြို့များတွင် လူထုဆန္ဒခံယူပွဲများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မအူပင်ခရိုင်နှင့် ပုသိမ်ခရိုင်တို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲများ ပြုလုပ်ခဲ့ရာ အသစ်ရေးဆွဲလိုသူ အနည်းငယ်သာရှိပြီး အများစုမှာ ပြင်ဆင်လိုကြသည်ဟု သဘောထား ပေးလာကြောင်း၊ ဟသာၤတ၊ မြောင်းမြ၊ ဖျာပုံမြို့နယ်များတွင် ဆန္ဒခံယူမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တာဝန်ယူထားသူ ဦးကျော်ဟိုးက ပြောသည်။
”ပြင်ဆင်ဖို့အတွက်ကိုပဲ ရာနှုန်းပြည့် သဘောထားပေးကြတယ်။ အသစ်ရေးချင်တဲ့သူက အသံလောက်ပဲ ရှိတော့တယ်။ ပွဲတပွဲကို အနည်းဆုံး လူ ၃၀၀ ကျော်လောက် တက်ကြတယ်။ စိတ်ပါဝင်စားမှု ရှိကြတယ်” ဟု ဦးကျော်ဟိုးက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၇ ခုတွင် လူထုဆန္ဒ သဘောထား ကောက်ခံရာ ပြင်ဆင်ရေးဘက်ကိုသာ အားသန်နေကြကြောင်း၊ အသစ်ပြန်လည် ရေးဆွဲလိုသူမှာ ၂၀ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း NLD ပါတီ၏ တိုင်းပြင်ဆင်ရေး တာဝန်ခံ ဦးကြည်ဝင်းက ပြောသည်။
”သထုံမှာ လူ ၉၅၀ လောက်တက်တာ ၂၀ လောက်က အသစ်ဆွဲချင်တယ်။ ၅၀ လောက်က ကြားနေတယ်။ ကျန်တဲ့သူတွေကတော့ ပြင်ဖို့ကိုပဲ ပြောနေကြတယ်။ မော်လမြိုင်မှာ လူ ၈၀၀ တက်တာ။ လူ ၂၀ လောက်ကပဲ အသစ်ဆွဲဖို့ သဘောထားပေးတယ်” ဟု မွန်ပြည်နယ်နှင့် တနသာၤရီတိုင်းတို့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး တာဝန်ယူထားသူ ဦးမောင်ဖေတင်က ပြောသည်။
သထုံနှင့် မော်လမြိုင်အပြီးတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်း မြို့နယ်များတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး
အောက်တိုဘာ လကုန်ပိုင်းတွင် မွန်ပြည်နယ်နှင့် တနသာၤရီတိုင်းတို့တွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ရည်ရွယ်ချက်ဖြင့် ၂၁၀၀ ရွှေးကောက်ပွဲကို ဝင်ရောက်ခဲ့သော်လည်း လက်တွေ့တွင် တိုင်းရင်းသား အဖွဲ့အစည်းများက အသစ်ရေးဆွဲလိုသော သဘောထားများ ရှိလာသည့်အတွက် ယခုကဲ့သို့ လူထုဆန္ဒသဘောထား ကောက်ယူရခြင်း ဖြစ်ကြောင်း လူထုတွေ့ဆုံပွဲများတွင် ရှင်းပြလျက်ရှိကြောင်း NLDပါတီ ဥပဒေရေးရာ ကော်မတီဝင်လည်း ဖြစ်သူ ဦးမောင်ဖေတင်က ဆိုသည်။
”ကျနော်တို့က လူထုဆန္ဒ မခံယူမီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘာလဲ။ ဘာကြောင့် အရေးကြီးတာလဲ။ တချို့နေရာတွေက တောနယ်တွေ ဖြစ်နေတဲ့အတွက် သေချာရှင်းပြရတယ်။ ပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ချို့ယွင်းချက်တွေကို ရှင်းပြတယ်။ ပြင်ဆင်တဲ့နည်းလမ်း၊ အသစ်ရေးတဲ့ နည်းလမ်းနှစ်ခုမှာ ဘယ်နည်းလမ်းကတော့ ဘာဖြစ်နိုင်လဲဆိုတာ ရှင်းပြတယ်။ ဘယ်ဘက်မှ အားမပေးဘူး။ ပြီးတော့မှ တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ်ကိုတိုင် ကိုယ့်လက်နဲ့ ဆုံးဖြတ်လို့ရအောင် ဆန္ဒပြုကြဖို့ ဖိတ်ခေါ်လိုက်တာ” ဟု NLDပါတီ ဥပဒေပြု အထောက်အကူအဖွဲ့ဝင် ဦးဌေးဦးက ပြောသည်။
NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ဦးဆောင်၍ အဖွဲ့ ၇ ဖွဲ့ ဖွဲ့စည်းကာ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ သွားရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကသာ ပြည်သူလူထုကို အာဏာအပ်နှင်းနိုင်မည် ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘာလဲ၊ အဘယ့်ကြောင့် အရေးကြီးသလဲ ဆိုသည်ကို ဆွေးနွေးရန်၊ ထိုကဲ့သို့ ဆွေးနွေးရင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်လိုသည် (သို့မဟုတ်) အသစ်ရေးဆွဲစေလိုသည် ဆိုသည့် ပြည်သူလူထုအသံအား NLD မှ ကြားနာရန်နှင့် ဆန္ဒခံယူခြင်း ဆိုသည်ထက် တိုင်းရင်းသား ပြည်သူလူထု၏ အသံကို ကြားနာခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။