ပြင်ပုံပြင်နည်းစနစ်ကို စတင် ကိုင်တွယ်ခြင်းဖြင့် တပ်မတော်ကို စိတ်ပြောင်းလဲအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သိရသည်။
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
“ကျမတို့ မဖြစ်မနေ ပြင်ရမှာကတော့ ပြင်ပုံပြင်နည်းပဲ။ အဲဒါကို ဒီကနေ့စပြီးတော့ ပြင်ရမယ်။ တချို့ကတော့ ပြင်ပုံပြင်နည်းကို စကိုင်လို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်က ကြိုက်မှာ မဟုတ်ဘူးလို့ ပြောတဲ့လူလည်း ရှိရင်ရှိမှာပေါ့။ ဒါပေမယ့် ကျမ ယုံကြည်ချက်ကတော့ ပြင်ပုံပြင်နည်းက အရေးကြီးဆုံးပဲ။ ဒါကို အများက သဘောတူ၊ မတူတော့ မသိဘူး။ တပ်မတော်ကို စိတ်ပြောင်းနိုင်မယ် ထင်လို့ ကျမ ဒီဟာကို အရင်ကိုင်မှာပါ။ သူတို့ ပြင်ပုံပြင်နည်းကို လက်ခံသွားပြီဆိုရင် အဲဒါတခုလုံး ပြန်ပြင်မယ့်ဟာကို Logically (ယုတ္တိရှိရှိ) ပေါ့နော်။ သူ့ဟာသူ ပါလာမှာပဲ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲပြီးမှ ဘာတွေ ပြင်မလဲဆိုတာကို လက်တွေ့ကျကျ ချပြရမယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား မိန့်ခွန်းဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက အခမ်းအနားတွင် ဖတ်ပြသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တတိယ အကြိမ်မြောက် ဥရောပခရီးစဉ်အဖြစ် ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်မှ စတင်ထွက်ခွာခဲ့ပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံမှ တဆင့် လူဇင်ဘတ်သို့ ရောက်ရှိနေကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဥရောပခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂၊ အပိုဒ် ၄၃၆ ၌ ထည့်သွင်းပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၂ ရပ်စလုံးရှိ နိုင်ငံရေးပါတီအားလုံးမှ
အရပ်သားလွှတ်တော် ကိုယ်စားလှယ်အားလုံး ထောက်ခံရမည့်အပြင် ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်အပ်ထားသည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဘက်ကလည်း ထောက်ခံမှသာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်မည် ဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရန် စိန်ခေါ်မှုများစွာ ရှိနေသော်လည်း မိမိတို့ပါတီ အနေဖြင့် ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်သည့် အခန်း ၁၂ (ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း) အား ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ပြင်ဖို့ အရေးကြီးဆုံးက ပြင်ပုံပြင်နည်းပဲဗျ။ ၂၅ ရာခိုင်နှုန်းနဲ့ ၇၅ ရာခိုင်နှုန်းကျော်၊ ဒါပဲဗျ။ ဒီဟာလျှော့လိုက်ရင် ကျန်တာ အားလုံး အဆင်ပြေသွားမယ်။ အရင်ဆုံး ပြင်ပုံပြင်နည်းကိုပဲ ပြင်နိုင်အောင် ကြိုးစားသွားမှာပါ။ ၂၀၁၅ မတိုင်ခင်မှာ ဒါကို ရအောင် ကြိုးစားသွားမယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ၌ ဒီမိုကရေစီစံနှုန်း မညီသည့် ပြဌာန်းချက်များ၊ ရှေ့နောက်မညီ ဆန့်ကျင်ကွဲလွဲနေသည့် ပြဌာန်းချက်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတား ဖြစ်စေသည့် ပြဌာန်းချက်များ ပါဝင်နေကြောင်း ရေးသားထားသည်။
ထို့အပြင် ဖွဲ့စည်းပုံ၌ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသည့် ပြဌာန်းချက်များ၊ အပြန်အလှန် ထိန်းကြောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး ၃ ရပ်အား တဖက်စောင်းနင်း ဖြစ်စေသော ပြဌာန်းချက်များ၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို ကာကွယ် မပေးနိုင်သည့် ပြဌာန်းချက်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွပ်လပ်၍တ ရားမျှတမှု ထိခိုက်နေသည့် ပြဌာန်းချက်များ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။
လက်ရှိတွင် NLD ပါတီ အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပတ်သတ်၍ အဖွဲ့ ၇ ဖွဲ့ခွဲပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပြည်သူလူထု ဆန္ဒသဘောထားများ ကောက်ခံလျက်ရှိရာ ကရင်ပြည်နယ်တွင် ကောက်ခံပြီးစီးသွားပြီဖြစ်ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာၤရီတိုင်းတို့တွင် ဆက်လက်ကောက်ခံနေဆဲဖြစ်ကြောင်း သိရသည်။
“မအူပင်နဲ့ ပုသိမ်ခရိုင် လုပ်ပြီးသွားခဲ့ပါပြီ။ ကျနော်ရောက်ခဲ့တဲ့ ၂ နေရာစလုံးက ရာခိုင်နှုန်းအပြည့် ပြင်ဆင်ဖို့ ထောက်ခံပါတယ်။
အသစ်ဆွဲဖို့ ပြောတဲ့လူတောင် မရှိပါဘူး။ လကုန်လောက်ဆိုရင် တိုင်းနဲ့ပြည်နယ် ၁၀ ခုလောက်တော့ ပြီးစီးနေပါပြီ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ရရှိလာသည့် ရလဒ်များအား လာမည့် နိုဝင်လာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံကိစ္စနှင့် ပတ်သက်၍ NLD ပါတီနှင့် တိုင်းရင်းသားပါတီ ၁၂ ခုတို့ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက တွေ့ဆုံ ဆွေးနွေးခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးမှာ တဆက်တည်းဖြစ်၍ ခွဲခြားမရကြောင်း ပါတီများအားလုံးက သဘောတူညီခဲ့ကြသည်။
သို့သော် ဖွဲ့စည်းပုံအား ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန် NLD ပါတီနှင့် တိုင်းရင်းသား ပါတီများအကြား တစုံတရာ သဘောတူညီမှု မရရှိခဲ့ပေ။