Ethnic Issues

ချင်းမျိုးနွယ်စုပေါင်းစုံ ပါဝင်မည့် ညီလာခံ နိုဝင်ဘာတွင် ကျင်းပမည်

This article has been converted from Zawgyi One to Unicode

ချင်းတိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံနှင့် ချင်းအဖွဲ့အစည်း ပေါင်းစုံပါဝင်မည့် ချင်းအမျိုးသားညီလာခံကို လာမည့် နိုဝင်ဘာ ဒုတိယပါတ် အတွင်း ဟားခါးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ သတင်းရရှိသည်။

ချင်းတိုင်းရင်းသား အရပ်ဖက် လူ့အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်မည့် ယင်းညီလာခံတွင် CNF မှ တနှစ်ပါတ်လုံး ပြုလုပ်ခဲ့သည့် လူထုတေ့ွ ဆုံပွဲနှင့် နိုင်ငံရေး စစ်တမ်းသဘောထားများ၏ ရလဒ်များကို အခြေခံကာ ချင်းလူထု၏ နိုင်ငံရေး ရပ်တည်ချက်ကို အတည်ပြု ချပြသွားမည်ဖြစ်ကြောင်း CNF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ချင်းအမျိုးသားများ ရွေးချယ်ရမည့် ပြည်ထောင်စုစနစ်၊ အကျိုးရှိမည့် အုပ်ချုပ်ရေးစနစ် စသည်တို့ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ လူထု တွေ့ဆုံပွဲ နှင့် လူနေမှုဘဝများအကြောင်း သဘောထားစစ်တမ်း ကောက်ယူပွဲများကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် နိုင်ငံရပ် ခြားရောက် ချင်းတိုင်းရင်းသားများအကြားတွင် ပြီးခဲ့သည့် ဧပြီလမှ စတင်လုပ်ဆောင်ခဲ့သည်။

ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင် ပြည်သူလူထုလည်း တက်တက်ကြွကြွ ပါဝင်လာစေရန်နှင့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ ၎င်းတို့၏ ဆန္ဒ အမှန်ကို ဖော်ထုတ်လာစေရန် ဖြစ်ကြောင်း ပြန်ကြားရေး ဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျနော်တို့ နေရာ ၆၀ မှာ လုပ်ခဲ့တယ်။ အဲဒီ လုပ်တဲ့နေရာမှာ မေးခွန်းဖြေခိုင်းတာရှိတယ်။ ချင်းပြည်သူတွေရဲ့ လိုချင်တဲ့ အုပ်ချုပ်ရေးစနစ် ပုံစံတွေ၊ ဖက်ဒရယ် ပြည်ထောင်စု အကြောင်းတွေကို အရင်ရှင်းပြတယ်။ တပြည်ထောင်စနစ်၊ အာဏာရှင် စနစ်တွေကို ရှင်းပြတယ်။ နောက်ပြီး သူတို့နားလည်ပြီဆိုမှ မေးခွန်းတွေကို မှားမှန်ရောထွေး အမှန်ရွေး စနစ်နဲ့ ဖြေခိုင်းပါတယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းငိုင်းကြားထန်းက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေး စစ်တမ်းကောက်ယူခဲ့သည့် အချက်များကို ယခုပြုလုပ်မည့် ညီလာခံတွင် အတည်ပြုကာ ချင်းလူထု၏ နိုင်ငံရေး ရပ်တည်ချက်အဖြစ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“ချင်းပြည်သူ့အသံ ဖြစ်သွားမှာပေါ့။ ချင်းပြည်သူတွေကတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ ဖက်ဒရယ် အခြေခံတွေကို တအားကြိုက်ကြတယ်” ဟု သူက ဆက်ပြောသည်။

လာမည့် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ပြုလုပ်မည့် ချင်းအမျိုးသား ညီလာခံတွင် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ လေ့လာခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအား လေ့လာသုံးသပ်ခြင်း၊ မြေယာနှင့် သဘာ၀ သယံဇာတ ကိစ္စများ၊ တရားဥပဒေ ရေးရာ လေ့လာသုံးသပ်ခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး၊ ချင်းမျိုးနွယ်စု ၅၃ မျိုး၏ အရေး၊ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့်၊ စီးပွားရေး၊ စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက်ထားမှု၊ ချင်းဒုက္ခသည်များ အရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စများကို ထည့်သွင်း ဆွေးနွေးသွားနိုင်ရန် စီစဉ်ထားကြောင်း CNFမတူပီ ဆက်ဆံရေးရုံးမှ ရုံးအုပ်က ဆိုသည်။

“ကျနော်တို့ ကတော့ လူဦးရေ ၅၀၀ လောက် ခန့်မှန်းထားပါတယ်။ ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ၊ ချင်းလွှတ်တော် အမတ်တွေ၊ CNF ကိုယ်စားလှယ်တွေ၊ ချင်းလူမှုရေး အဖွဲ့တွေ၊ ချင်းပြည်နယ်မှာ အလုပ်လုပ်နေတဲ့ UN၊ INGO တွေ ပါဝင်မှာပါ” ဟု မတူပီ ဆက်ဆံရေးရုံးမှ ရုံးအုပ် ဆလိုင်းဘီရိုလဲန်းက ဧရာဝတီသို့ ပြောသည်။

CNF သည် ပြည်ထောင်စု အစိုးရနှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ၊ မေနှင့် ဒီဇင်ဘာလများတွင် အပစ်အခတ် ရပ်စဲရေးနှင့် ပြည်ထောင်စု ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့ကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ လူထု တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ အစိုးရနှင့် CNFတို့ သဘောတူညီ လက်မှတ် ရေးထိုးထားသည့် အချက်များအနက် “လူထု တွေ့ဆုံပွဲများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ရန်” ဆိုသည့်အချက်ကို အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading