အာဆီယံ လူထု ညီလာခံ (ASEAN Civil Society Conference (ACSC) / ASEAN People Forum (APF) မတိုင်မီ မြန်မာလူထု အခြေပြု ညီလာခံကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာလူထု အခြေပြု ညီလာခံကတော့ ဒီဇင်ဘာမှာ လုပ်ဖို့ စီစဉ်ထားပြီ။ အာဆီယံ လူထုအခြေပြု ညီလာခံကတော့ အာဆီယံထိပ်သီး ညီလာခံ မတိုင်ခင် လုပ်သွားမယ်” ဟု အာဆီယံ လူထုညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဒေါ်မေမေပြုံးက ဧရာဝတီသို့ ပြောသည်။
အာဆီယံ လူထု ညီလာခံ ကျင်းပနိုင်ရန် လူထုအခြေပြုအဖွဲ့များ ပြင်ဆင် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ အာဆီယံနှင့် ပတ်သက်ပြီး မြန်မာပြည်သူများ ပိုမို သိရှိစေလိုသည့် အတွက်လည်း ပွင့်လင်းသည့် အာဆီယံ လူထုညီလာခံ တရပ်ကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဆီယံဆိုသည့် စကားလုံးကို တွင်ကျယ်အောင် နားမည်မှု မရှိသေးသဖြင့် ဒေသအသီးသီးမှ ပြည်သူများ နားလည်အောင် မြန်မာလူထု အခြေပြုအဖွဲ့က အရင်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အာဆီယံ လူထုအခြေပြု အနေဖြင့် တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူအခွင့်အရေး နှင့် ဒီမိုကရေစီ ထွန်းကားရေးဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည်ဟု ဒေါ်မေမေပြုံးက ဆိုသည်။
အာဆီယံ လူထုအခြေပြု ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးအောင်မျိုးမင်းက “ကျနော်တို့ လူထုအခြေပြု အနေနဲ့တော့ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ အလှူ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အာဆီယံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးတဲ့အခါမှာ စီးပွားရေးသမားတွေနဲ့ မရောချင်တဲ့စိတ်ကြောင့် ကျနော်တို့ မယူတာပါ။ ပြီးတော့ နိုင်ငံတော် အစိုးရဆီကနေ ပြီးတော့လည်း အကူအညီ အထောက်အပံ့ ရဖို့တော့ လုပ်ဆောင်နေပါတယ်။ သံရုံးတွေနဲ့လည်း ချိတ်ဆက်ထားတာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် အစိုးရက လူထုအခြေပြုအဖွဲ့ကို အလွန်အားကိုးကာ ထောက်ပံ့မှုများ ပေးသဖြင့် ထိုင်းနိုင်ငံရှိ အာဆီယံ လူထုအခြေပြု လုပ်ငန်းကို လုပ်ဆောင်သည့် အဖွဲ့သည် အလွန် အားကောင်းလာကြကြောင်း၊ အာဆီယံ လူထုအခြေပြုအဖွဲ့ အောင်မြင်မှုသည် အစိုးရ နှင့် ဒီမိုကရေစီ မည်မျှ ခရီးရောက်နေကြောင်း သိနိုင်သည့်အတွက် မြန်မာပြည်အတွက်လည်း အလွန် အရေးကြီးကြောင်း၊ အာဆီယံ ခေါင်းဆောင်များကိုလည်း အာဆီယံဒေသအတွင်းရှိ ပြဿနာများကို ပိုမို သိရှိလာစေချင်ကြောင်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။
“အမှန်တော့ အာဆီယံ လုပ်ထုံးလုပ်နည်း အဖွဲ့ဝင်နိုင်ငံတခုဟာ ကျောင်းစာတွေ၊ လူထုမီဒီယာတွေမှာရော သိအောင် ပြဌာန်းထားပြီးပါပြီ။ ကျနော်တို့ တိုင်းပြည်က နှောင့်နှေးနေတဲ့ သဘောမျိုး တွေ့ရပါတယ်။ အာဆီယံနဲ့ ပတ်သက်ပြီး
လှုံဆော်မှု အားနည်းနေလို့ပါ” ဟု ၎င်းက ဆိုသည်။
အာဆီယံ လူထုအခြေပြု ညီလာခံသည် ဒေသအတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများအတွက် နှစ်တိုင်း အရေးကြီးသည့်
ညီလာခံတရပ် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ပွင့်လင်းမြင်သာမှုများ၊ ဒီမိုကရေစီကျမှုများ ရှိရန်လည်း လိုအပ်ကြောင်း
South East Asian Committee for Advocacy (SEACA) မှ တာဝန်ရှိသူ Corinna Lopa က ပြောသည်။
မြန်မာနိုင်ငံသည် အာဆီယံအသင်း ဥက္ကဌတာဝန်ကို လွှဲပြောင်းယူသဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူထုအခြေပြုအဖွဲ့ အစည်းများကို ဒေသအတွင်းရှိ တခြား လူထုအခြေပြုအဖွဲ့များ၊ ကွန်ရက်များနှင့်အတူ လက်တွဲပြီး ရင်ဆိုင်ကြုံတွေ့နေရသည့် အကြောင်းအရာများ၊အာဆီယံ အစိုးရများကို တင်ပြလိုသည့် တင်ပြချက်များကို ဆွေးနွေးရန် နေရာတခု ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။