ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု ပမာဏသည် ယခု ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၅၆.၉၅ သန်းကျော်အထိ ရှိပြီး ယမန်နှစ်ကထက် ဒေါ်လာ ၁၃၅ သန်းကျော် ပိုများလာကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ သန်း ၂၂၁. ၁၅၆၈ ကျော်ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ယခု အောက်တိုဘာလ ၁၈ ရက်နေ့ထိ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်းပေါင်း ၃၅၆. ၉၅ ရှိသည်ဟု စီးပွားကူးသန်း ဝန် ကြီး ဌာန၊ နယ်စပ်ကုန်သွယ်ရေးဌာန၏ တာဝန်ရှိသူ တဦးက ဧရာဝတီကိုပြောသည်။
ယခုကဲ့သို့ နယ်စပ် ကုန်သွယ်မှု ပမာဏ တိုးမြင့်လာခြင်းသည် မိုဘိုင်းအဖွဲ့များ၏ စီမံချက်ချ စနစ်တကျ ဖမ်းဆီးမှုများ ကြောင့် တရားဝင် ကုန်သွယ်မှုပမာဏ တိုးတက်လာခြင်းလည်း ဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောသည်။
“အဓိက ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီ မိုဘိုင်းဖမ်းနေတာကြောင့်ပါတာပေါ့”ဟု အဆိုပါ အရာရှိ က ဆိုသည်။
မိုဘိုင်းအဖွဲ့မှ တရားမဝင် ကုန်သွယ်မှုများအားတိုက်ဖျက်သည့်အနေဖြင့် ရန်ကုန်မြို့အပါအဝင် နယ်စပ် ကုန်သွယ်ရေး နှင့် တိုက်ရိုက်ဆက်စပ်နေသော မြို့များတွင် ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် နယ်စပ် ဂိတ်များဖြစ်သည့် တာချီလိတ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်း၊ နဘူး လယ်(ထီးခီး)နှင့် စခန်းသစ် မောတောင် ဂိတ်စခန်းများဖြစ်ပြီး မြဝတီ နယ်စပ်ကုန်သွယ်မှုစခန်းမှ ကုန်သွယ်မှု ပမာဏ အကြီးဆုံးလည်းဖြစ်သည်။
မြဝတီ-မဲဆောက် နယ်စပ်မှကုန်သွယ်မှု ပမာဏမှာ ၂၀၁၂ ဘဏ္ဍာနှစ်က ဒေါ်လာသန်း ၈၀ ကျော်ရှိခဲ့ရာမှ ယခု ဘဏ္ဍာ နှစ်တွင် ဒေါ်လာ သန်း ၁၅၁ သန်းကျော်ထိ ရှိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး အရာရှိက ဧရာဝတီကို ရှင်းပြသည်။
၂၀၁၂ အောက်တိုဘာလမှ ၂၀၁၃ စက်တင်ဘာလအထိ ထိုင်းနိုင်ငံ၏ ၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာနှင့် နယ်စပ် ကုန်သွယ်မှု မဲဆောက်-မြဝတီ ကုန်သွယ်ရေးမှ ကုန်သွယ်ငွေ ထိုင်းဘတ်ငွေ ၄၄ ဘီလျံ ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ တာ့ခ် ခရိုင် အခွန် ဌာနကို ကိုးကားပြီး ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်း ဖော်ပြသည်။
ယခင်ဘဏ္ဍာနှစ်အတွင်းက ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ဘတ်ငွေ ၃၅ ဘီလျံသာရှိခဲ့ပြီး ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်း တိုးတက်လာသောကြောင့် ယခုနှုန်းအတိုင်း ဆက်ရှိပါက လာမည့် ၂၀၁၄ ဘဏ္ဍာနှစ် အတွက် ထိုင်း-မြန်မာ ကုန်သွယ် ရေးသည် ဘတ်ငွေ ၅၀ ဘီလျံအထိ တိုးမြင့်လာရန် ထိုင်းနိုင်ငံက မျှော်လင့်ထားသည်ဟု ဆိုသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများ၏ အာဆီယံ စီးပွားရေးဇုန် AEC အကောင်အထည်ပေါ်လာစေရေး ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး၊ ကုန်သွယ်ရေး တိုးမြင့်လာမှုများက အထောက်အကူပြုမည်လည်း ဖြစ်သည်။
ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အထွေထွေ ကုန်သွယ်မှု စာချုပ်ကို ၁၉၈၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြပြီး နယ်စပ်ကုန်သွယ်ရေးစာချုပ်ကို ၁၉၉၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ကလည်းကောင်း၊ ကုန်သွယ်ရေး ပူး တွဲ ကော်မရှင်ကို ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တို့တွင် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည် ဟု စီးပွားကူးသန်း ဝန်ကြီးဌာနက အဆိုအရ သိရသည်။