သတင်း

ဂါရဝပြုတာလား၊ လာဘ်ထိုးတာလား

This article has been converted from Zawgyi One to Unicode

လာဘ်ထိုးခြင်းနဲ့ ကန်တော့ခြင်း ဓလေ့ မရှင်းလင်းသေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရင် အစိုးရလက်ထက်နဲ့ နှိုင်းယှဉ် လိုက်ရင် လာဘ်ပေးလာဘ်ယူမှုတွေ နည်းပါးသွားပေမယ့် ဆက်လက် အမြစ်တွယ်နေသေးတယ်လို့ ရန်ကုန်မြို့က တိုင်းအဆင့် အရာရှိတယောက်က ဧရာဝတီကို ပြောပါတယ်။

“ကျနော် နယ်မှာတာဝန်ကျတုန်းက တိုင်းမှူးတွေလက်ထက်က ဆိုရင် တိုင်းမှူးက အချိန်တခုပေးတယ်။ အဲဒီတိုင်းမှူး အားတဲ့ အချိန်မှာ ဌာနဆိုင်ရာတွေ အားလုံး သွားပြီးတော့ ကိုယ့်ပစ္စည်းနဲ့ကိုယ် သွားကန်တော့ကြရတာ။ သူတို့ကလည်း လက်ဖက်ရည်တို့ ရေခဲမုန့်တို့ ပြန်ကျွေးတယ်” လို့ အဲဒီ အရာရှိက ဆိုပါတယ်။

ဦးသိန်းစိန် အစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လကနေ ဒီနေ့အချိန်အထိ တနိုင်ငံလုံးမှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အတွက် ဝန်ကြီးအဆင့်ကနေ အောက်ခြေအထိ အရေးယူခြင်း များစွာ ရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာ အမြစ်တွယ် ခဲ့တဲ့ ယဉ်ကျေးမှုကို ချက်ချင်း တိုက်ဖျက်ဖို့ မလွယ်ကူတော့ဘူး၊ အခု အစိုးရရဲ့ သန့်ရှင်းတဲ့ အစိုးရ ဖော်ဆောင်နေမှုဟာလည်း သူ့အစိုးရ သက်တမ်းအတွင်းမှာ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အရင်နှစ် သီတင်းကျွတ်ကာလတွေကတော့ စီးပွားရေး အချက်အခြာကျတဲ့ တိုင်းဒေသကြီး တခုမှာ အဲဒီအစိုးရအဖွဲ့ဆီကို ကျပ် တသိန်းနဲ့ နှစ်သိန်းအကြား တန်ဖိုးရှိတဲ့ လက်ဆောင်ခြင်းတွေ သွားကန်တော့ရလေ့ရှိပြီး တခြား သက်ဆိုင်တဲ့ ဌာန တွေကလည်း အသီးသီးသွားပြီးတော့ ဂါရဝပြု ကန်တော့ရတယ်လို့ ရန်ကုန်မြို့မှာနေတဲ့ တိုင်းအဆင့် အရာရှိတဦးကပဲ ဧရာဝတီကို ပြောပါတယ်။

“ဂါရဝပြု ကန်တော့ရတာက အစဉ်အလာ တခုလို ဖြစ်နေပြီ။ လူကြီးသူမကို သွားကန်တော့တဲ့ ပုံစံမျိုးပါပဲ။ ဒါပေမယ့် ဘယ်လောက် လာကန်တော့ရမယ် ဆိုတာမျိုးတော့ သတ်မှတ်မထားပါဘူး။ သွားကန်တော့လိုက်တော့ သိတတ်တယ်ပေါ့။ တန်ဖိုးရှိတာလေး သွားကန်တော့လိုက်ရင် မျက်နှာကောင်းရတာပေါ့” လို့ သူကပဲ ဆက်ပြောပါတယ်။

စီးပွားရေး အချက်အခြာကျတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို စီးပွားရေးသမားတွေက တနှစ်ကို အနည်းဆုံး ၄ ကြိမ် လောက်အထိ လက်ဆောင်ခြင်းတွေ၊ တန်ဖိုးကြီးတဲ့ အရက်ပုလင်းတွေနဲ့ လက်ရောက် ဂါရ၀ ပြုလေ့ရှိကြောင်း၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နှစ်သစ်ကူး သင်္ကြန်ကာလနဲ့ အင်္ဂလိပ် နှစ်သစ်ကူး ကာလတွေမှာ ပုံမှန် လာကန်တော့နေတဲ့ သူတွေ ရှိတယ်လို့ အဲဒီ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဂါတယ်” ဆိုပြီး အများသုံးနှုန်းနေကြတဲ့ လူကြီးတွေကို သွားပြီးတော့ ဂါရ၀ ပြုရတဲ့အလုပ် မလုပ်ချင်လို့ ကိုယ်ပိုင် စီးပွားရေးကို ဂါရ၀ သွားပြုစရာမလိုအောင် ထူထောင်ထားတယ်လို့ သစ်လုပ်ငန်းရှင် တဦး ဖြစ်တဲ့ ဦးဘာဘာချိုက ဆိုပါတယ်။

“အခုလို တိုင်းပြည်က လာဘ်ပေးလာဘ်ယူတွေကို ဥပဒေနဲ့ တိုက်ဖျက်မယ့် အချိန်မှာ ဂါရဝတရားကို ရှေ့ထားပြီးလုပ်တဲ့ ဒီအလေ့အထ အရိုးစွဲသွားမှာ ကိုတော့ စိုးရိမ်မိတယ်။ ပြီးခဲ့တဲ့ ကာလတုန်းက ပေးကမ်းတဲ့ ကိစ္စတွေက ယဉ်ကျေးမှုတခုလို ဖြစ်သွားခဲ့တာ။ ဒီလို ဂါ ရတဲ့ ကိစ္စတွေကတော့ ရှိနေဦးမှာပဲ။ အခုလို ဂါ နေကြတာတွေကို ကျနော်တို့ ကြားသိ မြင်သိနေရတာ ရှိပါတယ်။ ကိုယ်တွေ့တော့ မရှိပါဘူး” လို့ ဦးဘာဘာချိုက ဆိုပါတယ်။

စီးပွားရေးသမားတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက လာရောက်ကန်တော့လေ့ရှိတဲ့ လက်ဆောင်ခြင်း တခြင်းကို မြန်မာကျပ်ငွေ ၆ သောင်းကနေပြီးတော့ ၅ သိန်း၊ ၆ သိန်း အထိ ရှိကြောင်း၊ အစိုးရသစ် တက်လာတုန်းက ဝန်ကြီးချုပ်တဦးကို လာကန်တော့တဲ့ ခြင်းပေါင်း ၂၀၀ ကျော် ရှိသွားပြီး နောက်ဆုံး အဲဒီ လက်ဆောင်ခြင်းတောင်းတွေကို ကုန်တိုက်ကြီး တခုဆီ ပြန်သွင်းတာ ကျပ် ရာဂဏန်း အထိ ရရှိသွားတယ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိ ထားပါတယ်။

“အဲဒီကုန်တိုက်ကြီးက သူရောင်းလိုက်တဲ့ ခြင်းဆိုရင် ၅ ရာခိုင်နှုန်း လောက်ပဲ လျှော့ယူတယ်။ သူများဆိုင်က ခြင်းဆိုရင် ၁၅ ရာခိုင်နှုန်း အထိ လျှော့ယူတယ်။ အဲဒီနှုန်းက မနှစ်က ဈေးနှုန်းပါ” လို့ တိုင်းအစိုးရအဖွဲ့နဲ့ အလွန်နီးစပ်တဲ့သူက ဆိုပါတယ်။

စီးပွားရေး အချက်အခြာကျတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တခုကို ဦးဆောင်နေတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး တယောက်ဆီကို အရင်နှစ်တွေက ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ လာရောက်ကန်တော့တဲ့ လက်ဆောင်ခြင်း အားလုံး လက်ခံခဲ့ပြီးတော့ ဒီနှစ် သီတင်းကျွတ်မှာတော့ လက်ဆောင်ခြင်း တင်လာတဲ့ ကားတွေကို အစိုးရအဖွဲ့ ရုံးရှိတဲ့ အဆောက်အအုံထဲကို ပေးမဝင် တော့ဖို့ ညွှန်ကြားထားတယ်လို့ အဲဒီတိုင်းဒေသကြီးက အမည်မဖော်လိုတဲ့ ထွေ/အုပ် ဝန်ထမ်းတဦးက ဧရာဝတီကို ပြောပါတယ်။

“ရုံးမှာတော့ ဒီနှစ်လုံး၀ လက်မခံတော့ဘူး။ အိမ် သွားကန်တော့ကြရင်တော့ မသိဘူး။ မနှစ်ကအထိ ရတဲ့ ခြင်းတွေကို ကုန်တိုက်မှာ ပြန်သွင်းတာ ယူတယ်လို့ သိရတယ်။ ကျနော်တို့ အောက်က ဝန်ထမ်းတွေကိုတော့ ခွဲပေးတာမျိုး မရှိပါဘူး” လို့ အဲဒီဝန်ထမ်းက ဆိုပါတယ်။

အခုလို ဂါရဝပြုတယ် ဆိုပြီးတော့ လက်ဆောင်ခြင်းတွေ ပေးနေကြတာဟာ စီးပွားရေး အခွင့်အရေးတွေရဖို့ လမ်းကြောင်း ယူထားတာ ဖြစ်ပြီး လူကြီးက မိမိကို အလွယ်တကူ မှတ်မိသွားစေဖို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း လုပ်ပိုင်ခွင့် ရရှိတဲ့ အခါမှာလည်း ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ထပ်ပြီးတော့ တန်ဖိုးကြီးတဲ့ လက်ဆောင်တခုခုနဲ့ ကန်တော့လေ့ ရှိကြောင်း အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

“ခြင်းပေးတာ ချဉ်းကပ်တယ်ဆိုတဲ့ စကားကနေ လာတာ။ လူကြီးဆီက အခွင့်အရေး ရဖို့အတွက် ချဉ်းကပ်ရတယ် မဟုတ်လား။ ချဉ်းကပ်ဖို့အတွက် ခြင်းသွား ကပ်ရတာပေါ့ဗျာ။ ဝန်ကြီးတွေ အကုန်လုံးဆီကို ခြင်းတွေ နေ့တိုင်း လာပို့နေကြတာ အများကြီးပဲ။ အဲဒီအထဲမှာ တိုင်းရင်းသားရေးရာ ဝန်ကြီး နှစ်ယောက်ကတော့ မရရှာဘူး” လို့ အစိုးရ အတွင်းရေးကို သိတဲ့ သူတယောက်က ပြောပါတယ်။

မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ လူကြီးသူမကို ရိုသေ ဂါရဝပြုတဲ့ ဓလေ့ဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းလောက်မှာ အလွန် အရိုအသေ ခံချင်တဲ့ နိုင်ငံအကြီးအကဲ တချို့ကြောင့် သာမန် ဂါရဝပြုတဲ့ အဆင့်မဟုတ်တော့ဘဲနဲ့ ရာထူး၊ စီးပွားရေး အခွင့်အရေး စတဲ့ အခွင့်အရေး တခုခုကို ရလိုမှုနဲ့ လုပ်ဆောင်ခဲ့တာကနေ ဂါရဝပြုခြင်းလို့ ခေါ်တဲ့ “ဂါ” ရတယ် ဆိုတဲ့ အမည်ကို ရောက်သွား တော့တာပဲလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် အမတ်  ဦးမင်းသူက ရှင်းပြပါတယ်။

“တကယ် ဂါရဝပြုထိုက်တဲ့ သူကိုပဲ ရှိတာလေးစုပြီး ကန်တော့တာမျိုး ဖြစ်သင့်တယ်။ အခုက ဒါကို အကျင့်ပျက် ခြစားမှုရဲ့ အစိတ်ပိုင်း တခုအဖြစ် ဝင်ရောက်လာတာတော့ မကောင်းဘူးပေါ့လေ။ ကန်တော့တာကို အကြောင်းပြပြီး ဟန်ဆောင်ထားတဲ့ ယဉ်ကျေးမှုကိုတော့ အားလုံး တိုက်ဖျက်ရမှာပဲ။ နောက်ပိုင်းမှာ ဓလေ့ထုံးစံ တခုကို ဖြစ်သွားမှာ အရမ်းကြောက်မိတယ်” လို့ သူက ဆိုပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင် ဂါရဝပြုခြင်းနဲ့ ပတ်သက်ပြီးတော့ တန်ဖိုးကြီး လက်ဆောင် လုံး၀ လက်မခံဘူး ဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုထားကြောင်း၊ မိမိတို့ အနေနဲ့လည်း နှစ်စဉ် ကန်တော့လေ့ရှိတဲ့ ပုံစံအတိုင်း နိုင်ငံခြား ခရီးစဉ်ကနေ ပြန်ရောက်လာတာနဲ့ လက်အုပ်ချီပြီး ကန်တော့မယ်လို့ ဦးမင်းသူက ပြောပါတယ်။

Loading