ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပြင်ဆင်ရန်ခက်ခဲ
This article has been converted from Zawgyi One to Unicode
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ရာတွင် တိုင်းရင်းသား တန်းတူ အခွင့်အရေး ရှိရေးနှင့် ဗဟို အာဏာ ချုပ် ကိုင်မှု လျော့ချရေး ကိုသာ ပြင်ဆင်နိုင်ဖွယ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် တားဆီးထားသည့် အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက်ကိုမူ ပြင်ဆင်ရန် လုံး၀ မလွယ်ကူကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောဆိုသည်။
ပြည်ထောင်စု လွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ အသီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အကြံပြုချက် များ စတင် ပေးပို့နေကြောင်း၊ လတ်တလော အခြေခံဥပဒေတွင် တိုင်းရင်းသား တန်းတူညီရေး နှင့် ဗဟို အာဏာချုပ်ကိုင်မှု လျော့ချရေး ပြဋ္ဌာန်းချက်များ ပြင်ဆင်နိုင်ရေးကို တိုင်းရင်းသားနိုင်ငံရေးပါတီများက အကြံပြုနေကြပြီး အခြေခံ ဥပဒေ ပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားသည့် သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်သင့်သည်ဟု အကြံပြုမှု နည်းပါးကြောင်း သိရှိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်များအနက် ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်သည် နိုင်ငံခြားသား သား ၂ ဦးရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတလောင်းဖြစ်ခွင့် အခွင့်အရေးကို တားဆီးထားသည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီမှ ဦးရဲထွန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရာတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်း စစ်ရပ်စဲရေးအတွက် ဦးတည် အဓိကထား ပြုပြင်ဖွယ်ရှိပြီး သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက်မှာ ပြင်ဆင်ရန် အလွန် မလွယ်ကူကြောင်း၊ ဒေါ်အောင်ဆန်းစုြက်ည သမ္မတဖြစ်ခွင့်ရှိရေးမှာလည်း မလွယ်ကူ ကြောင်း သုံးသပ်သည်။
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းရပ်စဲရေး၊ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမှာ။ အဲဒါက အခု အရေးကြီးဆုံး ဖြေရှင်းဖို့ လိုနေတဲ့ ပြဿနာလေ။ အဲဒီကိစ္စကို နံပါတ်တစ် ပြင်မယ်လို့ထင်ပါတယ်။ နံပါတ် ၂ က ဒီမိုကရေစီ နည်းမကျတဲ့ အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်တွေ ပြင်မယ်လို့ထင်တယ်။ ဥပမာ-မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူလူထု ဆန္ဒနဲ့ ရွေးကောက်မလား။ အထက် ပြောင်းချင်ပေမယ့် အောက်မှာ မပြောင်းတဲ့ အဓိက သော့ချက် ပြဿနာ ဖြစ်နေတယ်လေ။ အဲဒီစနစ်လည်း အပြောင်းအလဲဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ သမ္မတ အရည်အချင်း ကန့်သတ်ချက် ပြဋ္ဌာန်းချက်ကတော့ ပြင်နိုင်ဖို့ သိပ်ပြီးတော့မထင်ဘူး။ ပြင်ဖို့ကတော့ တော်တော်ကို မလွယ်ပါဘူး။ ပြင်လို့မရတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကလည်း မလွယ်ပါဘူး´´ဟု ဦးရဲထွန်းက ဆိုသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတင့်ဆန်းက သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်မည်ဆိုပါက သဘောမတူကြောင်း တင်ပြ ကန့်ကွက်မည်ဟု ပြောဆိုသည်။
“ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျင့်သုံးတာ အခုမှ ၂ နှစ်ခွဲ ရှိသေးတယ်ဗျာ။ ဒီအတိုင်းပဲ ဆက်ပြီး ကျင့်သုံးသင့်တာပေါ့။ ပုဒ်မ ၅၉ စ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သေချာရေးဆွဲထားတာ။ နှစ်ပေါင်းများစွာ အချိန်ယူပြီးမှ ဆောင်ရွက် ထားတာ လေ။ အဲဒီ သတ်မှတ်ချက် အရည်အချင်း တွေက သင့်တော်တယ်။ ကိုက်ညီသင့်တယ်။ လွှတ်တော်တင်ပြပြီး ပြင်ဖို့ လုပ် လာ ရင် ကျနော့် သဘောထားကို ခုနပြောတဲ့အတိုင်း တင်ပြမှာ။ သမ္မတလုပ်မယ့်သူက အခြေခံဥပဒေ က ပြဋ္ဌာန်းချက် တွေနဲ့ ကိုက်ညီသင့်တာပေါ့´´ ဟု ဗိုလ်မှူးကြီးတင့်ဆန်းက ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုကော်မတီဝင်လည်းဖြစ် မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တဦးဖြစ်သူ ဦးအေးမောက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် သမ္မတအရည်အချင်း ပြဋ္ဌာန်းချက် များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ပြဋ္ဌာန်းချက်များကို ပြန်လည် ကိုးကားထား ခြင်းဖြစ်သည်ဟု ဆိုသည်။
“အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပါတီကတော့ မူ ၃ ချပေးထားတယ်။ အဲဒီမူဘောင်တွင်းကနေ လေ့လာ သုံးသပ်မယ် ။ ပါတီကလည်း ကြေညာချက် ထုတ်ထားပါတယ်။ မူဘောင် ၃ ရပ်ဆိုတာက အတိအကျ ပြောမယ် ဆိုရင် တည်ငြိမ်ရေး ကို အဓိက မထိခိုက်ဖို့ပါတယ်။ ပုဒ်မ ၅၉ (စ) ကို ပြင်နိုင် မပြင်နိုင်ကတော့ လွှတ်တော်ပေါ်မှာ မူတည် တယ်။ သို့သော် လည်း ဒီပြဋ္ဌာန်းချက်က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကတည်းက သတ်မှတ်ခဲ့တာကိုး။ ဒါကတော့ အများ သဘော ပေါ်မှာ မူတည်ပြီး ဆောင်ရွက်သွားချင်ပါတယ်´´ ဟု ဦးအေးမောက် ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက် အပါအဝင် အရေးကြီးသော ပြဋ္ဌာန်းချက် များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်း ထားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အခြေခံဥပဒေ သုံးသပ်ရာတွင် တိုင်းရင်းသားတန်းတူညီတူဖြစ်ရေးနှင့် အာဏာခွဲဝေမှု မျှတရေးကို အဓိကထားကြောင်း၊ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်မှာ လက်ရှိ ပြဋ္ဌာန်းထားသည့် အတိုင်း ပြည့်စုံလုံလောက်ပြီး ပြင်ဆင်ရန် မလိုအပ်ဟု လွှတ်တော်အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီထံ တင်ပြထား ကြောင်း သိရှိရသည်။
“ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်ပြီးတော့မှ အာဏာခွဲဝေမှု အချိုးညီညီဖြစ်စေဖို့ ပြင်ဆင်ဖို့ အချက်တွေက တင်ပြီး ပါပြီ။ တိုင်းရင်းသားတန်းတူညီရေး ဖြစ်ဖို့၊ အဲဒါရှိမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြစ်မှာ။ သဘာ၀ သံသဇာတ ခွဲဝေမှု တွေ လည်း ပါမယ်။ ပုဒ်မ ၅၉ စ ပြဋ္ဌာန်းချက်က ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကတည်းက ဒီသဘောထားရှိပြီးသား ဖြစ်တယ်။ အချုပ်အခြာအာဏာကို မထိုးဖောက်နိုင်အောင် ကာကွယ်ထားတယ်။ နိုင်ငံတော်အကြီးအကဲဖြစ်မယ့်သူက ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်ဖို့လိုတယ်။ ကျနော်တို့က ထုတ်ဖော် ကြေညာ ထားပြီးသားပဲ။ ဒီအချက်က ပြင်ဖို့ တော်တော် တော့ ခက်ခဲမယ်လို့ ထင်ပါတယ်´´ ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကျောက်ကြီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဆွေဝင်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု စနစ် ဖြစ်ထွန်းကို ဦးတည်ထားကြောင်း၊ သမ္မတအရည်အချင်း ပြဋ္ဌာန်း ချက်ကို ပြင်ဆင်ရေးအတွက်မူ ညှိုနှိုင်းမှုရှိမှသာ အောင်မြင်နိုင်သည်ဟု သုံးသပ်သည်။
“အခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာ အဓိကတော့ ဗဟိုချုပ်ကိုင်မှုလျော့ချရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ရေးကို ဦးတည်တယ်။ တိုင်းရင်းသား တွေ တန်းတူဖြစ်ရေးပါ။ ပုဒ်မ ၅၉ စလုံးမှာက နိုင်ငံခြားသား သားတွေ လင်တွေ သေသွား တောင်မှ သမ္မတလုပ်လို့မရဘူး ဖြစ်နေတယ်။ အဲဒါပြင်ဖို့ကတော့ ညှိုနှိုင်းရမယ်။ ညှိုနှိုင်းပြီးမှ ပြင်ဖို့ ဖြစ်နိုင်မယ်။ မညှိုနှိုင်း နိုင်ရင်တော့ မလွယ်ဘူး။ ညှိုနှိုင်းမှုပေါ်မှာပဲ မူတည်တယ်။ အာဏာရှိတဲ့သူတွေ သဘောတူမှ ရမယ်´´ဟု ဦးခင်မောင်လတ်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီက ရေးဆွဲပြဋ္ဌာန်း အတည်ပြုခဲ့ခြင်းဖြစ်သည်။