Human Rights

၂၃ နှစ်ကြာပြီးနောက် Sakharov ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံယူ

This article has been converted from Zawgyi One to Unicode

ဥရောပသမဂ္ဂမှ ၁၉၉၀ ခုနှစ်အတွက် ချီးမြှင့်သည့် Sakharov လူ့အခွင့်အရေးဆုကို ၂၃ နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ၊ စထရာဘုဂ်မြို့တွင် ယမန်နေ့က လက်ခံရယူလိုက်သည်။

ဥရောပ ပါလီမန် ဥက္ကဋ္ဌ Martin Schulz က ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါ Sakharov ဆုကို အထူးအခမ်းအနား ကျင်းပ၍ ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ဥရောပ ပါလီမန်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေစဉ် ၁၉၉၀ ပြည့်နှစ်က Sakharov ဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ်မှလွတ်ပြီး ၃ နှစ်အကြာတွင် ဆုကို လက်ခံရယူခြင်း ဖြစ်သည်။

“သင့် ဘဝတလျှောက်လုံး လွတ်လပ်စွာ တွေးခေါ်မှုအတွက် ခုခံကာကွယ်ခဲ့တယ်။ သင်ဟာ ရုန်းကန်လှုပ်ရှားခဲ့ရ၊ ဒုက္ခတွေ ခံစားခဲ့ရတယ်။ ဒါပေမယ့် သင်အောင်မြင်ခဲ့ပြီ။ သင်နဲ့ သင်နိုင်ငံရဲ့ ရှေ့ခရီး အရှည်ကြီး ဆက်လျှောက်နေရဆဲ။ ဒါပေမယ့် သင် အောင်နိုင်ခဲ့ပြီ။ သင့်ရဲ့ တိုက်ပွဲဝင်မှု တန်ဖိုးဟာ ဖိနှိပ်တဲ့ အစိုးရထက် ပိုပြီး ခွန်အားကောင်းတယ် ဆိုတာပါပဲ” ဟု ဥရောပ ပါလီမန် ဥက္ကဋ္ဌက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သမားတဦးအပြင် အတိုက်အခံ ခေါင်းဆောင်အဖြစ်လည်း မျှော်လင့် အားကိုး နေမှုများကြောင့် အဆိုပါ တာဝန်များကို မမှိတ်မသုန် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကသာမက ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအပါအဝင် ကမ္ဘာတဝန်း နိုင်ငံများကလည်း ထောက်ခံအားပေးနေခြင်းကို သိရန်လည်း သူက ဆက်ပြောသည်။

“လူသားဖြစ်စဉ်အတွက် လွတ်လပ်စွာ တွေးခေါ်မှုဆိုတာ မရှိမဖြစ် လိုအပ်ချက်ပါ။ မေးခွန်းတွေ သိလိုတဲ့ လူငယ်တွေကို သင်ကြားဖို့ ဒါဟာ အရေးကြီးပါတယ်။ ‘ဘာ့ကြောင့် ဘယ်လို’ ဆိုတဲ့ စကားလုံးဟာ ဘာသာစကားအားလုံးထဲက အရေးအကြီးဆုံး စကားလုံးတွေထဲက တခုပဲဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုလက်ခံယူစဉ် ပြောသည်။

မြန်မာနိုင်ငံသည် အားလုံးအတွက် ဒီမိုကရေစီလမ်းကြောင်း၊ လွတ်လပ်စွာ ယုံကြည်ချက်နှင့် လွတ်လပ်စွာ တွေးခေါ်မှု လမ်းကြောင်းများပေါ် တိုးတက်ပြောင်းလဲအောင် လျှောက်လှမ်းနေဆဲ ဖြစ်သော်လည်း လုပ်ကိုင်ဆောင်ရွက်စရာ နောက်ထပ် များစွာ ကျန်ရှိနေဆဲ ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ပြောဆိုသည်။

“ကျမတို့ လိုချင်တာ အားလုံး ရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမတို့ လိုလားတာက တရားဥပဒေ စိုးမိုးမှုရှိတဲ့ နယ်မြေ၊ ပြီးတော့ တနေ့ကျရင် လူ့ဂုဏ်သိက္ခာနဲ့ အညီ နေနိုင်အောင် နိုင်ငံသား အားလုံးကို ခွင့်ပြုပေးမယ့်  ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း လိုချင်တယ်။ နောက်ထပ် ကျမတို့ လိုလားတာက လွတ်လပ်စွာ တွေးခေါ်မှုဆိုတာ နိုင်ငံသား တဦးချင်းစီရဲ့  မွေးရာပါ အခွင့်အရေးဖြစ်စေချင်တာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက် ဥရောပ ခရီးစဉ်အတွင်း Sakharov ဆု လက်ခံယူခြင်း ဖြစ်သည်။ ဥရောပ ပါလီမန်က အခြေခံလွတ်လပ်မှု၊ လူ့အခွင့်အရေးများအတွက် ကြိုးပမ်း ဆောင်ရွက်ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ၁၉၈၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် Sakharov လူ့အခွင့်အရေးဆုကို ဂုဏ်ပြုချီးမြှင့်သည်။

ဆိုဗီယက် ရူပဗေဒ ပညာရှင်၊ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် အတိုက်အခံ နိုင်ငံရေးသမား Andrei Sakharov ၏ အမည်ကို အစွဲပြု၍ Sakharov လူ့အခွင့်အရေးဆုဟု မှည့်ခေါ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခု ဥရောပနိုင်ငံများ ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်၊ အိုင်ယာလန်၊ အီတလီနိုင်ငံများသို့ သွားရောက်ကာ ဆွေးနွေးပွဲ၊ ဟောပြောပွဲများ တက်ရောက်ခြင်း၊ ဂုဏ်ထူးဆောင်ဆုများ လက်ခံခြင်း အစီအစဉ်များ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူဇင်ဘတ်နိုင်ငံတွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံ ပြီး မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ စစ်အုပ်ချုပ်ရေး လုံး၀ အဆုံးသတ်သွားရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ဥရောပ သမဂ္ဂနိုင်ငံများနှင့် နိုင်ငံတကာက မြန်မာနိုင်ငံအား ဖိအားပေးရန် တိုက်တွန်းပြောဆိုခဲ့သေးသည်။

Loading