မိန်းမတယောက်အဖြစ် မွေးဖွားလာရတာတဲ့ အတွက် ကျမအမြဲ ဂုဏ်ယူမိပါတယ်။ အားနွဲ့သူလိုပဲ ခေါ်ခေါ်၊ ဒုတိယလိင် (Second Sex) လို့ပဲ ခေါ်ခေါ် ဒီအသုံးအနှုန်းဟာ အမျိုးသမီးတွေကို ခွဲခြားသတ်မှတ်တဲ့ အသုံးအနှုန်းလို့ ခံစားမိပါတယ်။ သေချာတာက ဒီကနေ့ ကမ္ဘာကြီးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးအရေးပါလာနေသလို တန်းတူအခွင့်အရေး (Equal Right) ရရှိဖို့အတွက် တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိနေတုန်းပဲ ဆိုတာပါ။
အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိတဲ့သူတယောက် ဖြစ်ဖို့ပဲလိုပါတယ်။
|
မိန်းမတွေရဲ့တန်ဖိုးကို နားမလည်သူ၊ အလေးမထားသူတွေဟာ မိန်းမတွေကို သားဖောက်စက်လို သဘောထားနေတာ၊ လိင်ကျွန်လို သဘောထားနေတာကို စိတ်မကောင်းစရာ တွေ့မြင်နေရပါတယ်။ လူကုန်ကူး ခံနေရမှုတွေမှာလည်း ဆင်းရဲ နွမ်းပါးတဲ့၊ ပညာမတတ်တဲ့ မိန်းမတွေဟာ ဝိသမ လောဘသားတွေရဲ့ သားကောင် ဖြစ်နေပုံရပါတယ်။
အသိအမှတ် ပြုတာပဲဖြစ်ဖြစ်၊ အသိအမှတ် မပြုတာဘဲဖြစ်ဖြစ် အမျိုးသမီးတွေ ထဲမှာ ထက်မြက်တဲ့၊ ဦးဆောင်နိုင်စွမ်းရှိတဲ့ ဂုဏ်သိက္ခာ မြင့်မားတဲ့ အမျိုးသမီးတွေရှိနေတာကို ငြင်းလို့ရမယ်မထင်ပါဘူး။ ကမ္ဘာ့ခေါင်းဆောင်တွေ ထဲကဆိုရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ ဂျာမနီနိုင်ငံရဲ့ ဝန်ကြီးချုပ် (အဓိပတိ) အင်ဂျလာ မက်ကယ်တို့ဟာ အထူးထင်ရှားသူတွေ ဖြစ်ကြပါတယ်။ ဒိန်းမတ်၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ တရုတ်၊ အမေရိကန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ကနေဒါ၊ အိန္ဒိယ၊ ဗင်နီဇွဲလား၊ အီရန်၊ အိုင်ယာလန်၊ ပါကစ္စတန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဥရုဂွေး၊ အီဂျစ်၊ ဘယ်လ်ဂျီယမ်၊ ဘော့စ်ဝါနာ၊ နိုင်ဂျီးရီးယား၊ ယူဂန်ဒါ၊ ဂရိ၊ ဂျာမနီ၊ ပြင်သစ်၊ သြစတြေးလျ … စတဲ့ နိုင်ငံတွေမှာ လူ့အဖွဲ့အစည်း အတွင်း အမျိုးသမီးတွေရဲ့ အရေးပါမှု ပိုမြင့်မားလာတာကို သက်သေပြနေပါတယ်။
၂၀၁၃ ခုနှစ်အတွက် ဆာခါရော့ဗ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ပါကစ္စတန်နိုင်ငံသူလေး မာလာလာ ယူဆွဇ်ဇိုင်ဟာ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ပါကစ္စတန် အနောက်မြောက်ပိုင်း တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ ဆွတ်တောင်ကြားက မင်ဂိုရာမြို့မှာ မွေးဖွားခဲ့တဲ့ မိန်းမပျိုလေးဟာ ပညာရေးရဲ့ အရေးကြီးပုံကို ကောင်ကောင်းကြီး နားလည် သဘောပေါက် ခဲ့ပါတယ်။ အဲဒီဒေသမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့် ရဖို့အတွက် တိုက်ပွဲဝင်ခဲ့လို့ မာလာလာကို တာလီဘန် သေနတ်သမားတွေက ပစ်ခတ် လုပ်ကြံခဲ့ပေမယ့် အသက်မသေခဲ့ပါဘူး။ ဥရောပတိုက်ရဲ့ အကြီးဆုံး စာကြည့်တိုက်လို့ ပြောနိုင်တဲ့ “ဘာမန်ဂန်” စာကြည့်တိုက် ဖွင့်ပွဲမှာ “ကျမအနေနဲ့ စာအုပ်တွေအများကြီး ဖတ်သွားမှာပါ။ ဖောင်တိန်တွေ၊ စာအုပ်တွေက အကြမ်းဖက်မှုကို နှိမ်နင်းနိုင်တဲ့ လက်နက်တွေပါ” လို့ မှတ်သားစရာ ကောင်းလောက်အောင် ပြောကြား သွားခဲ့ပါတယ်။
တကယ်တော့ အမျိုးသမီးတွေ ပညာတတ်မှ၊ အမျိုးသမီးတွေ စာဖတ်အား ကောင်းမှသာ သူတို့ကနေ မွေးဖွားလာတဲ့ သား၊ သမီးတွေကို ကောင်းမွန်တည့်မတ်တဲ့ လမ်းညွှန်မှု ပေးနိုင်မှာပါ။ အမျိုးသမီးတွေ ပညာတတ်ဖို့ ဆိုတဲ့နေရာမှာလည်း အဟန့် အတားတွေ၊ အကန့်အသတ်တွေ ရှိနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အစ္စလမ်မစ် အစွန်းရောက်တွေ၊ တာလီဘန်တွေ ကြီးစိုးတဲ့ နေရာတွေမှာ အမျိုးသမီးတွေဟာ ပညာသင်ယူနိုင်ခွင့် အတွက် ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။
ကျမတို့ရဲ့ မြန်မာနိုင်ငံ အနေအထားကို ပြန်ကြည့်မယ်ဆိုရင် အာဖဂန်နစ္စတန်၊ ပါကစ္စတန်က အမျိုးသမီးတွေထက် စာရင် အခွင့်အရေး ပိုရတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းက အမျိုးသမီးတွေအပေါ် ထားရှိတဲ့ ရှေးရိုးစွဲ အယူအဆတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်နေပါသေးတယ်။ မိသားစုတစုမှာ ယောကျာ်လေးရော၊ မိန်းကလေးပါ ကျောင်းနေ အရွယ်ရှိနေတယ်၊ စား၊ ဝတ်၊ နေရေး အဆင်မပြေလို့ ကျောင်းထွက်ရပြီဆိုရင် မိန်းကလေးတွေကပဲ ကျောင်းထွက်ရတဲ့ အရေအတွက် ပိုများနေတာဟာ မဖြစ်သင့်ပါဘူး။
ငွေကြေး ချမ်းသာတဲ့ အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့ မိန်းကလေးတွေဟာ ကားကောင်းကောင်းစီးရ၊ ကောင်းပေ့ဆိုတဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ ပညာသင်ယူခွင့် ရနေတဲ့အချိန်မှာ ဆင်းရဲနွမ်းပါးရှာတဲ့ ကျေးလက်က မိန်းကလေးတွေဟာ ပညာ တပိုင်းတစနဲ့ ကျောင်းထွက်ရပြီး မိသာစုအတွက် တဘက်တလမ်းက ရတဲ့နည်းနဲ့ ဝင်ငွေရှာပေးနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ အခမဲ့ ပညာရေးလို့ ဆိုတဲ့ မူလတန်း ပညာရေးကိုတောင် ဆုံးခန်းတိုင်အောင် မသင်ယူနိုင်တဲ့ မိန်းကလေးတွေ ရှိနေတာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဘ၀ မြင့်မားလာဖို့အတွက် ဆိုရင် ပညာရေးနဲ့ ကျန်းမာရေးကို မြှင့်တင်ပေးရမှာပါ။
မြန်မာ အမျိုးသမီး တွေဟာ တရုတ်နိုင်ငံကို ဘာကြောင့် ရောင်းစားခံရသလဲ၊ Sex Worker တွေ ဘာကြောင့် ဖြစ်သွားရတာလဲ ဆိုတဲ့ အကြောင်းရင်းကို စဉ်းစားဖို့လိုလာပါပြီ။ တဘက်က စဉ်းစားကြည့်ရင် မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်ရမယ့် ခေတ်လည်း မဟုတ်တော့ပါဘူး။ Career Woman လို့ခေါ်တဲ့ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ ဖြစ်ဖို့ လိုလာပါတယ်။
အနည်းဆုံးတော့ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ အလုပ်အကိုင်နေရာမှာ “မှီခို” လို့ရေးတာထက် သတ်သတ်မှတ်မှတ် အလုပ်တခု ရေးပြနိုင်တာက ပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ်က အိမ်ထောင်ကျပြီဆိုတာနဲ့ အမျိုးသားဖြစ်တဲ့သူက အလုပ် ထွက်ခိုင်းလို့ အလုပ်ထွက်လိုက်ရတယ် ဆိုတာက အခုခေတ်မှာ မဖြစ်သင့်တော့ပါဘူး။ အားကိုးရာ ရှာတာတတ်တာက မိန်းမသဘာဝပဲမို့ အပြစ်တင်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုဦးဆောင်မယ့် သူကို ရှာနေတာထက် ကိုယ်ကိုယ်တိုင်က ဦးဆောင်သူဖြစ်ရင် ပိုကောင်းပါတယ်။
တချို့ အမျိုးသမီးတွေက အပြင်မှာလည်း ပိုက်ဆံထွက်ရှာရ၊ အိမ်ပြန်ရောက်ရင်လည်း အိမ်အလုပ်တွေ လုပ်ရဆိုတော့ ညည်းတတ် ကြပါတယ်။ တကယ်တော့ အဲဒီလို လုပ်နိုင်တဲ့အတွက် ကိုယ့်ရဲ့ အရည်အချင်းတွေ တက်လာတာကို သိမြင်ဖို့ပဲ လိုပါတယ်။ ကျမကိုယ်တိုင် တဘက်က ဝင်ငွေရှာသလို တဘက်က အိမ်အလုပ်တွေ လုပ်ရပေမယ့် အလုပ်အကိုင်မှာ “မှီခို” လို့ ရေးစရာ မလိုတာကို ပီတိဖြစ်မိပါတယ်။ အိမ်ရှင်မတိုင်း တွေ့ကြုံရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေဟာ စိတ်ပျက်စရာ မဟုတ်ဘဲ ရင်ဆိုင် ကျော်လွှားရမယ့် အရာတွေသာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမျိုးသမီးတွေပါဝင်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်သူတွေအဖြစ် အရးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ (၂၀၀၀) နဲ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေမှာ အတိအလင်း ဖော်ပြထားပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခါမှာပဲ ဖြစ်ဖြစ် မြေစာပင် ဖြစ်ရတဲ့လူတွေထဲမှာ အမျိုးသမီးတွေ ပိုများပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေး စတင် တည်ဆောက်နိုင်မှုနဲ့ အမျိုးသမီးတွေရဲ့ ဘဝမြင့်မားရေးဟာ အများကြီး ဆက်စပ်နေတယ်ဆိုတာ တွေ့ရပါတယ်။
နိုင်ငံတော် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေအနေနဲ့ ကဏ္ဍသုံးရပ်မှာ ပါဝင်နိုင်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ပထမ ကဏ္ဍက အမျိုးသမီးနဲ့ အမျိုးသားတွေကြားက တန်းတူညီမျှမရှိတဲ့ အခွင့်အရေးတွေ၊ ပညာရေးနဲ့ အရင်းအမြစ်တွေမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ လမ်းကြောင်းပြ ကူညီရေးပါ။ ဒုတိယကဏ္ဍက စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ မူဝါဒ ချမှတ်ရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရရေးပါ။ တတိယ ကဏ္ဍက မိသားစုတွင်းမှာ အမျိုးသားတွေရဲ့ သြဇာကြီးစိုးမှု၊ အကြမ်းဖက်မှုတွေကို ဖယ်ရှားနိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမှု၊ အပြန်အလှန် လေးစားမှုတွေ အပေါ် အခြေခံတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ ဖြစ်ပါတယ်။
ပညာရေးဟာ အရေးကြီးသလိုပဲ အမျိုးသမီးတွေ အတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရဖို့ကလည်း အရေးကြီးပါတယ်။ ယူနီဆက်ကနေ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ HIV ပိုး ကူးက်ခံရတဲ့ အမျိုးသမီး အရေအတွက် တသိန်းကျော် အထိ ရှိပါတယ်။ လိုချင်လို့ရတဲ့ ကိုယ်ဝန်ကိုသာ အမျိုးသမီးတွေ အနေနဲ့ လွယ်သင့်ပြီး မလိုချင်ဘဲရတဲ့ ကိုယ်ဝန် မဖြစ်စေဖို့ ကျန်းမာရေး အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရပါမယ်။ အမျိုးသမီးထုကို ခြိမ်းခြောက်နေတဲ့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတွေကို ကာကွယ်နိုင်ဖို့ လိုပါတယ်။ သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေး ထိုးနိုင်ပေမယ့် ကာကွယ်ဆေးဟာ ဈေးကြီးနေဆဲမို့ အခမဲ့ကာကွယ်ဆေး ထိုးပေးနိုင်တဲ့ အနေအထား အထိဖြစ်အောင် နိုင်ငံတော်က လုပ်ဆောင်ပေးသင့်ပါတယ်။
လူ့အဖွဲ့အစည်း အတွင်းမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြင့်မားနေမှ အဲဒီ လူ့အဖွဲ့အစည်းဟာ ကောင်းမွန်တဲ့၊ တိုးတက်မှု ရှိတဲ့၊ အပေါင်းလက္ခဏာ ဆောင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်မှာပါ။ အမျိုးသမီးတွေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ နိုင်ငံတော် ပြုပြင်တည်ဆောက်ရေးတွေမှာ တက်တက်ကြွကြွပါဝင်ဖို့ လိုအပ်နေသလို တဘက် ကလည်း အဲဒီလို ပါဝင်နိုင်ဖို့ အမျိုးသမီးတွေအတွက် ဘဝလုံခြုံမှု ပေးစွမ်းနိုင်ဖို့၊ ပညာရေးနဲ့ ကျန်းမာရေးကို မြှင့်တင်ပေးဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ တွေးတောမိပါတယ်။ ။