လာဘ်ယူမှု၊ အာဏာ အလွဲသုံးစား မှုတို့ဖြင့် ရခိုင်ပြည်နယ် လွှတ်တော် ကော်မတီ၏ စစ်ဆေးခံနေရသူ ပြည်နယ် တရားသူကြီး ဒေါ်စီစီကို စစ်ဆေးမှု မပြီးခင်မှာပင် သမ္မတ ဦးသိန်းစိန်က ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက် သောကြောင့် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
ငွေကြေး အရှုပ်အရှင်း အမှု တခုတွင် လာဘ်ယူသည် ဟူသော တိုင်ကြား ချက်ကြောင့် ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းပေးသော ကော်မတီဖြင့် စစ်ဆေးမှု ခံနေရသော တရားသူကြီး ဒေါ်စီစီကို သဘောဆန္ဒ အလျောက်ဟု ဆိုကာ သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် အောက်တိုဘာ ၂၂ ရက်နေ့တွင် တာဝန်မှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း၊ ထို့ကြောင့် ကော်မတီ၏ စုံစမ်းစစ်ဆေးမှုများ ရပ်နား လိုက်ရကြောင်း ရခိုင်ပြည်နယ် လွှတ်တော် အမတ်လည်းဖြစ်၊ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်သူ ဦးအောင်မြကျော်က ဧရာဝတီသို့ ပြောသည်။
“သူ့ကို အရေးယူနိုင်ဖို့ ဆုံးဖြတ်ချက် ချနိုင်တဲ့အဆင့်ကို မရောက်လိုက်ဘူး။ သူဖာသာ နုတ်ထွက်ခွင့် မတင်ဘူးဆိုရင်
သူကိုယ်တိုင် လွှတ်တော်မှာ လာပြီးတော့ ချေပရမှာ။ အဲဒီအဆင့် မရောက်ခင် ဒေါ်စီစီက သူ့ဆန္ဒနဲ့သူ နုတ်ထွက်သွားတဲ့အတွက် အစီရင်ခံစာတင်လို့ မရတော့ဘူး” ဟု ဦးအောင်မြကျော်က ဆိုသည်။
နုတ်ထွက်ခွင့် ပေးလိုက်သောကြောင့် ပြည်နယ်တရားသူကြီး ဒေါ်စီစီကို တစုံတရာ အရေးယူနိုင်ခြင်း မရှိတော့သည့်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်း တရားသူကြီးကို အကာအကွယ် ပေးထားသေးကြောင်း ဦးအောင်မြကျော်က ပြောသည်။
“ပြည်နယ်အဆင့် တရားသူကြီးတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ Cover (အကာအကွယ်) ပေးထားတယ်။ သူတို့ တရားစီရင်လိုက်တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး သူတို့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပြန်ပြီးတော့ တရားစွဲပိုင်ခွင့် မရှိဘူး။ ဥပဒေအရကို အတိအလင်း ကာကွယ်ပေးထားတော့ ပြန်ပြီးတော့ တရားစွဲပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
တရားသူကြီး ဒေါ်စီစီ နုတ်ထွက်သွားခြင်းမှာ သူလုပ်ကိုင် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် ရင်မဆိုင်ရဲသောကြောင့်ဟု သုံးသပ်မိကြောင်း၊ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ထောက်ခံချက်ဖြင့် ပြည်နယ်လွှတ်တော်က ခန့်အပ်ထားသော ပြည်နယ်အဆင့် တရားသူကြီးကို လွှတ်တော်အနေဖြင့် အပြစ်ပေး၍မရကြောင်း ဦးအောင်မြကျော်က ပြောသည်။
၂၀၁၁ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင်တဦးနှင့် ဒေသခံများ အကြား ဖြစ်ပွားခဲ့သော ငွေလိမ်မှုတခုနှင့် ပတ်သက်ပြီး မြို့နယ်နှင့် ခရိုင်အဆင့် တရားရုံးများက တရားစွဲသင့်ကြောင်း အမိန့်ချခဲ့သော်လည်း ပြည်နယ် အဆင့်သို့ ရောက်သည့်အခါ တရားသူကြီး ဒေါ်စီစီက တရားမစွဲသင့်ဟု အမိန့်ချခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအမှုကိစ္စ လွှတ်တော်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်မသန်းတင်ဟု ခေါ်သော မြောက်ဦးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတဦးက ၂၀၁၁ ခုနှစ် အတွင်း၌ စပါးများကို
ကာလပေါက်ဈေးထက် ပိုပေးပြီး အကြွေးဖြင့် ဝယ်ယူခဲ့ရာ ဒေသခံ လယ်သမား ၉၀ ခန့်က ကျပ်သိန်း ၄၃၀၀ ကျော်ဖိုးအထိ ရောင်းချခဲ့ကြောင်း၊ တလအတွင်း ငွေပေးမည်ဟု ကတိပြုထားသော်လည်း ၆ လကျော်သည်အထိ မပေးနိုင်သောကြောင့် နောက်ပိုင်းတွင် မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့ရာ ရာဇဝတ်မှုဖြင့် တရားစွဲဆိုခွင့် ပြုခဲ့ကြောင်း ဦးဆောင် တရားစွဲခဲ့သူ ဒေသခံလယ်သမား ဦးစံကျော်က ဧရာဝတီသို့ ပြောသည်။
မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက်ကို တဖက်က ခရိုင်တရားရုံးသို့ ပြင်ဆင်ချက် တင်ခဲ့သော်လည်း ခရိုင်တရားရုံးက မြို့နယ်ရုံးအတိုင်း
အမိန့်ဆက်ချခဲ့ကြောင်း၊ သို့သော် ပြည်နယ်အဆင့်သို့ ရောက်သွားသောအခါ ပြည်နယ်တရားသူကြီး ဒေါ်စီစီက တရားမစွဲသင့်ဟု အမိန့်ချလိုက်ကြောင်း ဦးစံကျော်က ဆိုသည်။
“အခုလို ဒေါ်စီစီက လုပ်ချလိုက်တော့ ကျနော်တို့အမှုတွေက တို့လို့တန်းလန်းတွေ ဖြစ်ကုန်တယ်။ ဒါပေမယ့် ရာဇဝတ်မှုဆိုတော့
အချိန် ဘယ်လောက်ကြာကြာ စွဲလို့ရတယ်လို့ သိထားတယ်။ ကျနော်တို့ အမှုကို ပြန်စုံစမ်းပြီးတော့ ဆက်လုပ်ဖို့လည်း တိုင်ပင်နေကြတယ်” ဟု ဦးစံကျော်က ဆိုသည်။
ယခုကဲ့သို့ လာဘ်စားမှုနှင့် ပတ်သက်ပြီး ပြည်နယ်အဆင့် တရားသူကြီးတဦးကို သမ္မတအမိန့်ဖြင့် အရေးယူခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော် အနေဖြင့်လည်း ဒေါ်စီစီကို စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးမည်ဟု ဒေါ်စီစီထံသို့လည်း တရားဝင် အသိပေးခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားသူကြီးကို နိုင်ငံတော်သမ္မတက ရာထူးမှ ရပ်စဲခွင့်ရှိသည်ဟု ဖော်ပြထားပြီး မည်ကဲ့သို့ အရေးယူ အပြစ်ပေးနိုင်ကြောင်း
ဖော်ပြထားခြင်း မရှိပေ။
လွှတ်တော်တရားသူကြီး ဒေါ်စီစီအား လာဘ်လာဘ ယူပြီး အာဏာအလွဲသုံးသည်ဟု ဆိုကာ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ၁၄ ဦးက သြဂုတ်လ ၃၀ ရက်က ဖွဲ့စည်းပုံ ဥပဒေအတိုင်း စွပ်စွဲ ပြစ်တင်မှု လုပ်ဆောင်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော် တရပ်ရပ်သည် တရားသူကြီး တဦးဦးအား ပြစ်တင် စွပ်စွဲမည်ဆိုပါ ကိုယ်စားလှယ် အရေအတွက်၏ ၄ ပုံ ၁ ပုံ က လက်မှတ်ရေးထိုး၍ လွှတ်တော် ဥက္ကဋ္ဌ ထံတင်ပြနိုင်သည်။ ဥက္ကဋ္ဌ လက်ခံပါက စုံစမ်းစစ်ဆေးရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးနိုင်သည်။
အကယ်၍ စုံစမ်းစစ်ဆေးရေး ကော်မတီ၏ တွေ့ရှိချက်များကို လွှတ်တော်၌ တင်ပြပြီး မဲခွဲကာ ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ က ထောက်ခံပါက ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၃၁၁ အရ ပြစ်တင်စွပ်စွဲခံရသူ တရားသူကြီးကို ရာထူးမှ ဖြုတ်ချနိုင်သည်။