Ethnic Issues

အမေရိကန်မှာ လာရောက် အခြေချသူ အများဆုံး ၅ နိုင်ငံတွင် မြန်မာပါဝင်

This article has been converted from Zawgyi One to Unicode

၂၀၁၃ ခုနှစ်အတွင်း အမေရိကန်သို့ ပြောင်းရွှေ့ အခြေချလာသူများထဲတွင် မြန်မာနိုင်ငံသားများက အီရတ်၊ ဘူတန်၊ ဆိုမာလီ နှင့် ကျူးဘား စသည့် နိုင်ငံသားများ နှင့် အတူ အများဆုံးပြောင်းရွှေ့လာသည့် ၅ နိုင်ငံတွင် ပါဝင်နေကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံ၏ ကြေညာချက် တစောင်တွင ်ဖော်ပြထားချက်အရ သိရသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အတွင်းတွင် ဒုက္ခသည် စုစုပေါင်း ၆၉၉၃၀ ဦး အမေရိကန်နိုင်ငံသို့ ရောက်ရှိထားပြီး ယခုနှစ် အတွင်းလက်ခံရန် တရားဝင်သတ်မှတ်ထားသည့် ၇၀၀၀၀ ဦး နီးပါးသို့ ရောက်ရှိလာခြင်းသည် ၁၉၈၀ မှစ၍ အခြားသော နှစ်များထက် ပိုများလာခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံတခုမှ အမေရိကန် နိုင်ငံသို့ လာရောက် အခြေချနေထိုင်မည့် ဒုက္ခသည် စုစုပေါင်း အရေအတွက်ကို ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် အမေရိကန် သို့ ပြောင်းရွှေ့ အခြေချလာသော မြန်မာ ဒုက္ခသည် ၅၂၅၈ ဦးရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး၏ အဆိုအရ သိရသည်။

“အမေရိကန်နိုင်ငံဟာ ဒုက္ခသည်များကို လှိုက်လှဲစွာကြိုဆိုတတ်တဲ့ အစဉ်အလာကောင်းရှိပါတယ်။ သူတို့တွေဟာ ပြောပြဖို့ တောင် မစွမ်းနိုင်တဲ့ ကြောက်ရွံ့မှုတွေ၊ ဖိစီးနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ သမ္မတအိုဘားမား အစိုးရကလည်း ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို ကမ္ဘာ့ နေရာအချို့က ထိခိုက်ခံစားနေရတဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးအတွက် အားထုတ်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ်နဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏  ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွက်လည်း ဒုက္ခသည် နောက်ထပ် ၇၀၀၀၀ အထိ လက်ခံပေးရန်လည်း သမ္မတ အိုဘားမား က ခွင့်ပြုထားပြီး ဖြစ်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် အင်အားကောင်းကောင်းနှင့် ဆက်လက် ရောက်ရှိနေဆဲ ဖြစ်သော အီရတ်၊ မြန်မာ နှင့် ဘူတန်နိုင်ငံများမှ ဒုက္ခသည်များ အပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်မှ ဒုက္ခသည်များကို ဆက်လက်ခံပေးသွားနိုင်ရန် မျှော်လင့်ထားသည်။

“သူတို့ ရှိနေတာဟာ ကျနော်တို့ နိုင်ငံရဲ့ကွဲပြားခြားနားမှုတွေကို ပိုပြီး ထင်ရှားစေပါတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှုကို ပိုပြီး ကြွယ်ဝစေပြီးတော့ အမျိုးသားရေး စရိုက်လက္ခဏာတွေကိုလည်း ပိုပြီး အားကောင်းစေပါတယ်” ဟု  ကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန် ပြည်နယ် ၄၉ ခုရှိ နေရာ ၁၈၆ ခု တွင် ဒုက္ခသည်များ အခြေချ နေထိုင်လျှက်ရှိသည် ဟုလည်း သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၏ အစ ဖြစ်သော အောက်တိုဘာလ ၁ ရက်နေ့ မှ စ၍ အမေရိကန်ပြည်ထောင်စု အစိုးရသည်  အရေးတကြီး မလိုအပ်သော အစိုးရလုပ်ငန်းများကို ဆိုင်းငံ့ထားပြီး ကွန်ဂရက်လွှတ်တော်၏ ဘဏ္ဍာငွေခွင့်ပြုချက်ကို စောင့် ဆိုင်း နေခဲ့ရသည်။ ဒုက္ခသည်များ လက်ခံနေရာချထားရေး အစီအစဉ်သည်လည်း အစိုးရ၏ ၁၆ ရက်ကြာ ဖြတ်တောက်မှု ခံရသည့် လုပ်ငန်းများထဲတွင် ပါဝင်ကြောင်း ဧရာဝတီမှ ယခင်အပတ်က သတင်းရရှိခဲ့သည်။

ထိုင်း မြန်မာ နယ်စပ်မှ ဒုက္ခသည်များကူညီရေး အဖွဲ့တခုကလည်း ဒုက္ခသည်များကို ပို့ဆောင်ပေးနေသည့် ခရီးစဉ်များ ကို ဆိုင်းငံ့ထားရကြောင်း ယခင်အပတ် ကြာသပတေးနေ့က ဧရာဝတီသို့ ပြောသည်။ ရန်ကုန်မြို့ အမေရိကန်သံရုံးမှ ပြောရေး ဆိုခွင့်ရှိသူတဦး ကလည်း ဒုက္ခသည်များ လက်ခံနေရာချထားပေးရေး အစီအစဉ်အပေါ် သက်ရောက်မှုရှိခဲ့သည် ဟု ပြီးခဲ့သည့် သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ ယခုအချိန်တွင် အမေရိကန် အစိုးရ၏ ဘဏ္ဍာရေး အကျပ် အတည်းဖြေရှင်းပြီး၍ အောက်တိုဘာ ၁၇ ရက်နေ့ တွင် လုပ်ငန်းများကို ပြန်လည် စတင်ခဲ့ပြီ ဖြစ်သည်။

ဒုက္ခသည်များ လက်ခံနေရာချထားရေး အစီအစဉ်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း ယခုအပတ် အင်္ဂါ နေ့တွင် အမေရိကန်သံရုံးမှ ပြောရေး ဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

“ဒုက္ခသည် အစီအစဉ်ဟာ ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နေပြီလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အစိုးရ ဘတ်ဂျက် ပြတ်တောက်မှုကလည်း ပြီးဆုံးခဲ့ပါပြီ” ဟု အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အဆိုအရ သြစတျေးလျ၊ ကနေဒါ၊ ဂျပန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ကဲ့သို့ တတိယ နိုင်ငံများတွင် အခြေချနေထိုင်သည့် မြန်မာ ဒုက္ခသည် ၈၇၀၀၀ ခန့် ရှိသည်ဟု သိရသည်။ အမေ ရိကန် နိုင်ငံသည် အများဆုံးလက်ခံသည့် နိုင်ငံဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ မြန်မာ ဒုက္ခသည် ၆၉၀၀၀ ကျော် လက်ခံခဲ့ပြီး ဖြစ်သည်။

Loading