ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာရှိ တော်ဝင် သစ်အချောထည်စက်ရုံမှ သပိတ်မှောက် အလုပ်သမားများ၏ ကိစ္စများကို ခုံသမာဓိရုံးမှ ဆုံးဖြတ်ချက် ချပြီးဖြစ်သော်လည်း တနှစ်ခန့် ကြာသည်အထိ အလုပ်သမား ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု မရှိသေးကြောင်း သိရသည်။
၂၀၁၂ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ခုံသမာဓိရုံးမှ ဆုံးဖြတ်လိုက်သည့် အချက်များမှာ စက်ရုံအတွင်းရှိ အလုပ်သမားမျာကို ပြင်ပသို့ လုံးဝမပို့ဆောင်ရန်၊ စက်ရုံ အလုပ်သမားများကို စက်ရုံ အလုပ်သမားအဖြစ်သာ သတ်မှတ်ပေးရန်၊ လူမှုဖူလုံရေး ကတ်ပေးရန်၊ အလုပ်ရှင် အလုပ်သမား သဘောတူညီသည့် စာချုပ် ချုပ်ဆိုပေးရန်၊ အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်မည် ဆိုပါက ဥပဒေ၊ နည်းဥပဒေအရ နစ်နာကြေး ပေးပြီးမှသာ အလုပ်ရပ်စဲခွင့် ပေးရန် စသည့် အချက်များ ဖြစ်ပြီး အလုပ်သမား ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အလုပ်သမားများက အလုပ်ရုံနှင့် အလုပ်သမား စိစစ်ရေး ဌာနကို တရားစွဲရန် ဆောင်ရွက်နေပြီ ဖြစ်သည်။
တော်ဝင် သစ်အချောထည် စက်ရုံ သပိတ်မှောက် အလုပ်သမားများ၏ နစ်နားကြေး အရပ်ရပ် ကိစ္စများကို လက်ရှိ အခြေအနေ အထိ အလုပ်ရှင်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ လက်ရှိ အခြေအနေအထိ
သပိတ်မှောက် အလုပ်သမားများမှာ အလုပ်လက်မဲ့ ဖြစ်နေသေးကြောင်း တော်ဝင် အလုပ်သမားများ ကိုယ်စားလှယ် ဦးနေလင်းဦးက ယနေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ကျနော်တို့ အနေနဲ့ကတော့ အလုပ်ရုံနဲ့ အလုပ်သမား စိစစ်ရေးဌာနကို သမ္မန်စာ ပို့ထားတယ်၊ တလလောက်ရှိပြီ။ ဘာမှ အကြောင်း မပြန်ဘူး။ အလုပ်ရှင်ကိုတော့ ကျနော်တို့ အလုပ်သမားအနေနဲ့ တရားစွဲလို့မရဘူး။ အလုပ်သမား ဝန်ကြီးဌာနကပဲ တာဝန်ယူရမှာပါ။ အခုဆိုရင် အလုပ်လက်မဲ့ ဖြစ်နေတဲ့အပြင်၊ နစ်နာကြေးမရ၊ တရားရုံးပါ သွားနေရတယ်” ဟု သူက ဆိုသည်။
လက်ရှိ အခြေအနေတွင် တော်ဝင်သပိတ်မှောက် အလုပ်သမား အယောက် ၂၀၀ ကျော်သည် အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း၊ အလုပ်သမားများကို တရားစွဲဆိုသည့် အလုပ်ရှင်များလည်း တရားရုံးကို
အချိန်ကြာမြင့်စေရန် လုပ်ဆောင်နေကြောင်း၊ ဝန်ကြီးများ အနေဖြင့်လည်း အလုပ်သမား ကိစ္စများကို တာဝန်ယူဖြေရှင်းမှု မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီပြဿနာက အလုပ်သမားတွေ မှန်တယ်ဆိုတာ အားလုံးသိပါတယ်။ ခုံသမာဓိ ရုံးကလည်း ဆုံးဖြတ်ချက် ချပြီးသွားပြီ။ ဒါကို သက်ဆိုင်ရာက တာဝန်ယူမှုမရှိဘူး။ ကျနော့် အနေနဲ့ကတော့ အလုပ်သမားတွေ ဘက်ကနေ ရပ်တည်ပြီး အလုပ်ရုံးနဲ့ အလုပ်သမား စိစစ်ရေးဌာနကို တရားစွဲဖို့ ကိစ္စတွေကို လုပ်ဆောင် ပေးသွားမှာပါ” ဟု ရန်ကုန် ရှေ့နေများအသင်းမှ အလုပ်သမားများ၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်သူရိန်ထွန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အလုပ်သမားများ အခွင့်အရေးနှင့် ရပိုင်ခွင့်ကို အလုပ်သမားများ အနေဖြင့် ဆန္ဒပြ တောင်းဆိုခြင်းအား အလုပ်ရှင်များ ဘက်မှ တရားစွဲဆိုမှု မပြုလုပ်သင့်ကြောင်း၊ အလုပ်သမား အခွင့်အရေးနှင့် ပတ်သတ်ပြီး နိုင်ငံတော်အနေဖြင့် သိပြီး ဖြစ်သော်လည်း ဆောင်ရွက်မှု မပေးခြင်းကိုလည်း နိုင်ငံတော်အနေဖြင့် စဉ်းစားသင့်ကြောင်း၊ ခုံသမာဓိရုံးမှ ဆုံးဖြတ်သည့် ကိစ္စများကို အလုပ်ရှင်များ အနေဖြင့် အမြန် အကောင်အထည် ဖော်သင့်ကြောင်း ဦးအောင်သူရိန်ထွန်းက ဆိုသည်။
“ဒီလို အလုပ်သမားတွေ ဆန္ဒပြမှု များနေတာဟာ မြန်မာနိုင်ငံက အလုပ်ရှင်တွေနဲ့ အလုပ်သမား ဝန်ကြီးဌာနက အရမ်း ရှက်ဖို့ကောင်းတဲ့ ကိစ္စပါ။ ဥပဒေက ပြဌာန်းထားတဲ့ အခွင့်အရေးကို အလုပ်သမားတွေ တောင်းနေရတာတွေ၊ အလုပ်သမား တွေ ဖိနှိပ် ခံနေရတာတွေ၊ တရားစွဲဆို ခံနေရတာတွေကို ဘယ်သူတွေ အကောင်အထည်ဖော် လုပ်ဆောင်ပေးသင့်လဲ ဆိုတာ နိုင်ငံတော်က စဉ်းစားသင့်ပါတယ်” ဟု ဦးအောင်သူရိန်ထွန်းက ဧရာဝတီသို့ ပြောသည်။
တော်ဝင် သစ်ချောထည် ကုမ္ပဏီ လုပ်ငန်းရှင် ဦးကိုကိုထွေးသည် ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံတင်ခဲ့ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် အယူခံလွှာကို ပယ်ချခဲ့ကာ ထိုအယူခံလွှာ ပယ်ချလိုက်သည့် ကိစ္စကို အလုပ်သမားများအား သိခွင့်မပေးဘဲ၊ အချိန် ကြာရှည်စွာ ဖုံးကွယ် ထားပြီးမှ သိရှိခဲ့ရကြောင်း အလုပ်သမားများ၏ အဆိုအရ သိရသည်။
“ကျနော်တို့ အနေနဲ့ ကတော့ ဥပဒေအတိုင်းပဲ လုပ်သွားမှာပါ။ အလုပ်သမားတွေ ဘာတွေလုပ်လုပ် ကျနော်တို့နဲ့ မဆိုင်တော့ဘူး။ ဥပဒေအတိုင်းပဲ ဆက်လက် ရင်ဆိုင်သွားမယ်” ဟု တော်ဝင် သစ်ချောထည် ကုမ္ပဏီ ဒါရိုက်တာ
ဦးညွန့်သိန်းက ဧရာဝတီသို့ ပြောသည်။
တော်ဝင် သစ်အချောထည်စက်ရုံမှ အလုပ်သမား ၃၀၀ နီးပါးသည် ၂၀၁၂ ခုနစ် အောက်တိုဘာ ၂၅ ရက်နေ့ မှ စတင်ကာ အလုပ်သမား ရပိုင်ခွင့်များ တောင်းဆိုခဲ့ပြီး အစာငတ်ခံ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ လက်ရှိအခြေအနေထိ စမ်းချောင်း မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ် တရားရုံးများတွင် တရား ရင်ဆိုင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။